သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပါတီနှစ်ခုပေါင်း ပါတီသစ် ပေါ်လာတော့မည်


ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီနှစ်ခုကို ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းဖို့ သဘောတူလိုက်ကြပါပြီ။ ရခိုင်အမျိုး သားပါတီ ANP အမည်နဲ့ ပါတီအသစ်တစ်ရပ်ကို လက်ရှိ တရားဝင်တည်ရှိနေတဲ့ ရခိုင်လူမျိုးစု ပါတီနှစ်ရပ်ပူးပေါင်းပြီးတော့ ဖွဲ့စည်း မှာဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ရခိုင်လူထုရဲ့အကျိုးကို အသေအချာသိနားလည်တဲ့ ကိုယ်စားလှယ်တွေနဲ့ ကိုယ်စားပြု လုပ်ဆောင် နိုင်ရေးရည်ရွယ်ချက်နဲ့ အခုလို ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ရခိုင် နိုင်ငံရေးခေါင်းဆောင်တစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

လက်ရှိမှာ နိုင်ငံရေးပါတီတွေအဖြစ် တရားဝင်ရပ်တည်နေတဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသား များဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP တို့ကို ပူးပေါင်းပြီးတော့ ရခိုင်အမျိုးသားပါတီ ANP ဆိုတဲ့ ပါတီအသစ်တစ်ခုကို မှတ်ပုံတင် ဖွဲ့စည်းဖို့ အောက်တိုဘာလ ၅ ရက်၊ စနေနေ့မှာ ဆွေးနွေး သဘောတူခဲ့ကြတာပါ။

နှစ်ဘက်ပါတီတွေက တာဝန်ရှိသူ ၁၅ ယောက်စီဟာ စနေနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးကြပြီးတော့ ပူးပေါင်း ရေး သဘောတူခဲ့ကြတဲ့အကြောင်း RNDP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ဗွီအိုအေကိုပြောပါတယ်။

“ပါတီပူးပေါင်းရေးနဲ့ပတ်သက်ပြီးတော့ သဘောတူညီမှုတစ်ခု ရတယ်ပေါ့လေ၊ အသစ်ဖြစ်လာမယ့် Arakan National Party ရခိုင် အမျိုးသားပါတီရဲ့ ဖွဲ့စည်းပုံမူကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ယေဘုယျ အတည်ပြုလိုက်ကြတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ Process က ပါတီနှစ်ခုပူးပေါင်းရေးဟာ ယေဘုယျအားဖြင့် ကျနော်တို့ အောင်အောင်မြင်မြင် ဆုံးဖြတ်ချက် ချနိုင် တယ်ပေါ့လေ၊ အဲဒါကြောင့် ကျနော်တို့က register လုပ်တဲ့ process ကို စပါတော့မယ်။”

ပါတီအသစ်ရဲ့ ပခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တွေကို တနင်္ဂနွေနေ့မှာ ရွေးချယ်ပြီးတဲ့နောက် မှတ်ပုံတင်ဖို့ ဆက်လုပ်သွားမယ်လို့ ဦးဦးလှစောက ပြောပါတယ်။ လက်ရှိ ALD နဲ့ RNDP ပါတီတွေကတော့ ANP ပါတီသစ် တရားဝင်မှတ်ပုံတင် ကျပြီးတဲ့နောက်မှာ လက်ရှိ တည်ဆဲ ဥပဒေစည်းမျဉ်းစည်းကမ်းတွေအရ နိုင်ငံရေးပါတီတွေအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်သွားမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

အမျိုးသားရေးလိုအပ်ချက်အရ အခုလို ပူးပေါင်းဖို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့ ALD ပါတီခေါင်းဆောင် ဦးအေးသာအောင် က ပြောပါတယ်။

“ကျနော်တို့ကတော့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်တဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ ပြည်သူတွေက ဒီနှစ်ပါတီကိုပေါင်းဖို့ တိုက်တွန်း နေတဲ့ တိုက်တွန်းချက်အရဖြစ်ဖြစ် တစ်မျိုးသားလုံးအတွက်အရေးကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ အင်အားရှိတဲ့ အမျိုးသား ညီညွတ် ရေးကို တည်ဆောက်ကြတဲ့ ပါတီတစ်ခုအနေနဲ့ဖြစ်ဖို့ လိုအပ်ချက်အရ၊ အမျိုးသားလိုအပ်ချက်အရ ပေါင်းစည်းဖို့အတွက် ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။"

RNDP ပါတီဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရခိုင်ပြည် မဲဆန္ဒနယ် ၃၄ နေရာမှာ ၂၈ နေရာ အနိုင်ရခဲ့ပါတယ်။ ပြည်နယ်တစ်ခုလုံးရဲ့ မဲဆန္ဒနယ်အများစုကို အနိုင်ရခဲ့တယ်ဆိုပေမဲ့လည်း ပြည်နယ်လွှတ်တော်မှာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ရှိနေတဲ့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်အပါအဝင် အရေးကြီးတဲ့ လုပ်ပိုင်ခွင့်နေရာတွေကို ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့်လည်း အင်အားကောင်းတဲ့ ရခိုင်အမျိုးသားပါတီတစ်ရပ်ကို ရခိုင်ပြည်နယ်မှာ ဖွဲ့စည်းနိုင်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်သူတွေ ကို တကယ်ကိုယ်စားပြုတဲ့ ရခိုင်အစိုးရတစ်ရပ်အနေနဲ့ ဒီမိုကရေစီကျကျ ပေါ်ထွန်းလာဖို့ မျှော်လင့်ချက်ရှိတဲ့အပြင် နောက် ရည်ရွယ်ချက်တစ်ခုကိုလည်း ဦးဦးလှစောက ရှင်းပြခဲ့ပါတယ်။

“NLD တို့ ကြံ့ခိုင်ရေးတို့ဆိုတာဟာ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူတွေအနေနဲ့ကျတော့ ရခိုင်ပြည်နယ်မှာ တကယ်တမ်းဖြစ်ပျက်နေတဲ့ ပြဿနာတွေကို တကယ်တမ်း နှစ်နှစ်ကာကာ တကယ့်ရင်နဲ့အမျှ သိနိုင်တာက ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ရခိုင်ပါတီတွေပဲ သိနိုင်တယ်။ အဲဒီတော့ ကျနော်တို့မှာ ရခိုင်ပြည်ရဲ့အနာဂတ်ကို ဖန်တီးဖို့ ဆိုလို့ရှိရင် ရခိုင်ပြည်သူ တွေကို တကယ်ကိုယ်စားပြုနိုင်တဲ့ ရခိုင်အမျိုးသားပါတီတစ်ရပ်ဟာ လိုအပ်တယ်ဆိုတာကို ရခိုင်ပြည်သူကလည်း တောင်းဆို တယ်၊ ကျနော်တို့ပါတီတွေကလည်း သိတဲ့အတွက်ကြောင့် ဒီပါတီဖြစ်ပေါ်ရေးအတွက် ကျနော်တို့ကြိုးစားတာဖြစ်ပါတယ်။”

RNDP ပါတီအတွင်းရေးမှူး ဦးဦးလှစောပါ။

RNDP ပါတီဟာ လက်ရှိမှာ လွှတ်တော်အမတ်နေရာ ၃၂ နေရာကို ရရှိထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူမှုအဝန်းအဝိုင်းတွေကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်အခြေအနေတွေဖြစ်ခဲ့ပြီး အခုနောက်ဆုံး သံတွဲဒေသ ဘက်မှာ အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေး ရှိနေဆဲအချိန်မှာပဲ ရခိုင်လူမျိုးစုပါတီနှစ်ရပ် ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ရခိုင် ပြည်နယ်ဘက်က ပဋိပက္ခအခြေအနေတွေရဲ့ နောက်ကွယ်မှာ ရခိုင်နိုင်ငံရေးပါတီတွေရဲ့လက်ချက် မကင်းဘူးဆိုတဲ့ စွပ်စွဲပြောဆို ချက်တွေ ထွက်ခဲ့ဖူးပေမဲ့လည်း သက်ဆိုင်ရာပါတီတွေကတော့ ဒါကို အခိုင်အမာ ငြင်းထားကြပါတယ်။

သံတွဲဘက်က အခုနောက်ဆုံးဖြစ်ရပ်အတွင်း RNDP ပါတီရဲ့ သံတွဲမြို့နယ်ခွဲဥက္ကဋ္ဌဖြစ်သူဟာ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။
XS
SM
MD
LG