သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပါတီကြီးနှစ်ခု ပူးပေါင်းမည်


အာရှရဲ့လင်းရောင်ခြည်အဖြစ် ထင်ရှားသော ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ် ရခိုင်ရဟန်းတော် ဦးဥတ္တမ ရုပ်တုတော်။
အာရှရဲ့လင်းရောင်ခြည်အဖြစ် ထင်ရှားသော ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ် ရခိုင်ရဟန်းတော် ဦးဥတ္တမ ရုပ်တုတော်။
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP)နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ဟာ ပါတီတစ်ခုထဲအဖြစ်နဲ့ မကြာခင်မှာ ပေါင်းစည်းနိုင်ဖို့ စတင် ပြင်ဆင်နေကြပါပြီ။ ပါတီနှစ်ခုပူးပေါင်းဖို့အတွက် ရခိုင်ပြည်သူတွေကလိုလားနေတာကြောင့် အခုလို ပေါင်းစည်းရေး ပြင်ဆင်တာဖြစ်တယ်လို့ ပါတီနှစ်ခုလုံးရဲ့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဘာတွေ ပြင်ဆင်နေကြသလဲ၊ ဘယ်တော့ ပေါင်းစည်းနိုင်မလဲဆိုတာကို ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ဟာ ရခိုင်ပြည်နယ်တခုတည်းကို ကိုယ်စားပြုပြီး အခုချိန်မှာ သီးခြားနိုင်ငံရေးပါတီတွေအဖြစ် ရပ်တည်နေကြတာပါ။ ဒါကြောင့် ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးပါတီ နှစ်ခုအကြား အတူပူးပေါင်း ဆောင်ရွက်ကြဖို့ ရခိုင်ပြည်သူတွေကိုယ်တိုင်က လိုလိုလားလား တောင်းဆိုလာတာကြောင့် အခုလို ပေါင်းစည်းရေးအစီအစဉ်ကို စတင်ဆောင်ရွက်လာတာဖြစ်တယ်လို့ RNDP ပါတီက အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။

“ရခိုင်ပြည်သူတွေက အဖွဲ့အစည်းနှစ်ခုကို တပေါင်းတည်းဖြစ်စေချင်တဲ့ စိတ်ဆန္ဒရှိနေကြတယ်။ ကျနော်တို့ပါတီကလည်း ALD ဖွဲ့တာကို ကြိုဆိုပါတယ်။ ALD နဲ့ ဆွေးနွေးဖို့အတွက်လည်း ကျနော်တို့က ကော်မီတီတွေ ဖွဲ့ထားတယ်။ လောလောဆယ် တရားဝင် ဆွေးနွေးတာ တခုမှ မရှိသေးဘူး။ ဒါပေမဲ့ စစ်တွေက ကျနော်တို့ ပါတီဌာနချုပ်နဲ့ ALD ရဲ့ ပြည်နယ်အဖွဲ့တွေနဲ့တော့ ဦးဥတ္တမကိစ္စတို့၊ တခြား လတ်တလော issue တွေကိုတော့ တွဲလုပ်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တရားဝင် ပူးပေါင်းဖို့ အတွက် ဆွေးနွေးတာတွေတော့ မရှိသေးပါဘူးခင်ဗျ။”

RNDP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအမှီ ပါတီကို စတင်တည်ထောင်ခဲ့ပြီး ရွေးကောက်ပွဲမှာလည်း အမတ်နေရာ တချို့ကို အနိုင်ရခဲ့ပါတယ်။

ALD ပါတီကတော့ အရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရဘဲ ပိတ်ပင်ခံထားခဲ့ရတာပါ။ အာဏာပိုင်တွေက အခုနှစ် ဧပြီလ ၆ ရက်နေ့ကမှ ALD ပါတီကို ပြန်လည် ဖွဲ့စည်းခွင့် ပြုခဲ့ပြီး ဧပြီလ ၂၇ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင် ပြန်ပြီး မှတ်ပုံတင်ခဲ့ပါတယ်။ သူတို့ ပါတီဘက်ကလည်း ပေါင်းစည်းရေးအတွက် ခြေလှမ်းစပြင်တဲ့အနေနဲ့ ပေါင်းစည်းရေးဆိုင်ရာကော်မီတီတွေကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ALD ပါတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။

“ကျနော်တို့ပါတီ အနေနဲ့ကတော့ ပေါင်းစည်းရေးအတွက် စစ်တွေ-ဗဟိုမှာ ငါးဦးပါတဲ့ ကော်မီတီတခု ဖွဲ့စည်းထားပါတယ်။ အဲဒီမှာပါတီရဲ့ ဒု-ဥက္ကဋ္ဌတယောက်ပါတယ်။ အတွင်းရေးမှူးတယောက်ပါတယ်။ --- သုံးယောက် ပါပါတယ်။ အဲဒီ ကော်မီတီကနေပြီးတော့ တိုင်းရင်းသားတိုးတက်ရေးပါတီက ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ ”

ပါတီနှစ်ခုစလုံးက ပေါင်းစည်းရေးကို လိုလားပေမယ့် အခုချိန်မှာ ပဏာမအဆင့်သာ ရှိသေးပြီး တွေ့ဆုံဆွေးနွေးမှုတွေ မစတင်ရသေးပါဘူး။ ပါတီနှစ်ခုပေါင်းစည်းပြီး လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်ပေမယ့်လည်း ပါတီတခုချင်းစီအနေနဲ့ တခြား ဦးစားပေးလုပ်ရမယ့် အရေးပေါ်လုပ်ငန်းတွေ ရှိနေတဲ့အတွက် အဲဒီဘက်ကို အချိန် မလှည့်နိုင်သေးဘူးလို့ ဦးဦးလှစောက ဆက်ပြောပါတယ်။

“လောလောဆယ်မှာ ၂၀၁၅ ခေါင်းစဉ်ကို မရောက်နိုင်သေးဘူးခင်ဗျ။ ဒီမှာ ဘင်္ဂါလီ-ရိုဟင်ဂျာအရေးတွေ ရှိတယ်။ အစိုးရသစ် ပေါ်မှာ လယ် ယာမြေ ပြဿနာတွေ ရှိတယ်။ လျှပ်စစ်မီးရရှိရေးတိုက်ပွဲတွေ ရှိတယ်။ အဲဒါတွေနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ ရခိုင်ပြည်နယ်အစိုးရကလည်း တိတိကျကျ အင်မတန်အားကောင်းတဲ့ အစိုးရတရပ်ရယ်လို့ မမြင်ဘူး။ အခုလည်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ အများကြီးရှိတော့ လောလောဆယ်မှာတော့ ၂၄ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ကို ခေါ် ထားတယ်။ ပြည်နယ်လွှတ်တော် ခေါ်ထားတယ်ဆိုတော့ လုပ်စရာကိုင်စရာ အကြောင်းတွေကလည်း အများကြီးပဲ။”

RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစော ပြောပြခဲ့တာပါခင်ဗျား။
XS
SM
MD
LG