သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအကျဉ်းစခန်းထဲက မြန်မာကလေးငယ်များ


မြန်မာနိုင်ငံက ကလေးတွေ အပါအဝင် တနှစ်ကို ကလေးပေါင်း ၁၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံရဲ့ ထိန်းသိမ်းရေးအချုပ်ခန်းတွေမှာ မိဘတွေနဲ့အတူ ချုပ်နှောင်ခံထားရတယ်လို့ လူအခွင့်အရေးအဖွဲ့ ဖြစ်တဲ့ HRW က Two Years With No Moon လို့ခေါ်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကလေးတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် လူအခွင့်အရေး အဖွဲ့ကြီးတခုဖြစ်တဲ့ HRW အဖွဲ့ကနေ မြန်မာကလေးတွေ အပါအဝင် ထိုင်းနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေထဲမှာ နေထိုင်နေရတဲ့ ကလေးတွေအကြောင်း ပါဝင်တဲ့ “၂ နှစ်ကျော် နေမမြင်လမမြင် နေခဲ့ရတဲ့ ကလေးတွေရဲ့ဘဝ” ဆိုတဲ့ အစီရင်ခံစာတခုကို စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီကလေးတွေဟာ ပညာရေး၊ ကျန်းမာရေး အခွင့်အလန်းတွေ ဆုံးရှုံးနေပြီး လူတွေ ပြည့်ကျပ်နေတဲ့ အခန်းတွေမှာ နေရတဲ့အတွက် ကလေးတွေ အန္တရာယ် ရှိမှုတွေကို HRW က ထောက်ပြခဲ့ပါတယ်။ တချို့ကလေးတွေက ထိန်းသိမ်းရေးစခန်းတွေမှာ ရက်ပိုင်းနေရပြီး တချို့တွေကတော့ လပိုင်းတွေ၊ နှစ်ပိုင်းတွေ ထိန်းသိမ်းခံထားရတဲ့ ကလေးတွေ ပါဝင်ကြောင်း ကလေးတွေကို အခုလို ထိန်းထားတာဟာ ကလေးအခွင့်အရေးအရကော၊ နိုင်ငံတကာ လူအခွင့်အရေး စံချိန်စံညွှန်းနဲ့ပါ မညီဘူးလို့လည်း စာမျက်နှာ ၆၇ မျက်နှာပါတဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ထိုင်းက အစိုးရတာဝန်ရှိသူတွေ ထိန်းသိမ်ရေးအချုပ်ခန်းက လူဝင်မှုကြီးကြပ်ရေး အရှာရှိတွေ နိုင်ငံတကာ အဖွဲ့အစည်တွေ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ကိုယ်တွေ့ကြုံရတဲ့ ကလေးတွေ အပါအဝင် ကလေးလူကြီး ၁၀၀ ကျော်ကို မေးမြန်းပြီး တင်ပြထားတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။

ဒီလို မိဘတွေနဲ့အတူ ထိန်းသိမ်းခံထားရတဲ့ ကလေးတွေထဲမှာ တရားဝင် လာရောက်တဲ့ မိသားစုတွေထဲက ကလေးတွေကိုတော့ အကူအညီ ပေးနိုင်ခဲ့တယ်လို့ ဘန်ကောက်မြို့က မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးသိန်းနိုင် ပြောပါတယ်။

“တရားဝင်ရောက်လာတာကျရင်တော့ ကျနော်တို့က သံရုံးရဲ့ အစီအစဉ်နဲ့ ကူညီပေးတာရှိပါတယ်။ ကျနော်က အလုပ်သမား သံအရာရှိအနေနဲ့ကတော့ သူတို့ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ဆောင်ရွက်ပေးတာမျိုးတွေ ဘာမှမရှိသေးဘူးပေါ့ ကျနော့်လက်ထက်မှာတော့။ အဲတော့ သူတို့က မိဘတွေက ကျတယ်ဆိုတော့ မိဘအုပ်ထိန်းသူနဲ့မှ အတူတူရှိတယ်ဆိုရင်တော့ မိဘတွေနဲ့ အတူတူ ထားပေးတာပေါ့နော်။ သီးခြားခွဲထားဖို့က ခက်တယ်လေနော် အဲ့ဒီလိုမျိုးကျတော့လည်း။”

ကလေးတချို့ဟာ မိဘတွေနဲ့အတူ ဖမ်းဆီးခံထားရတာဖြစ်ပြီး တချို့ကတော့ မိဘတွေမသိရှိအောင် ခိုးယူလာပြီး ထိုင်းနို်င်ငံတွင်းက လူမှောင်ခိုလုပ်သူတွေက ကလေးငယ်တွေကို တောင်းရမ်းစားသောက်ခိုင်းတာ၊ ပြည့်တန်ဆာလုပ်ခိုင်းတာ စသဖြင့် ရာဇဝတ်မှုခင်းတွေမှာ အသုံးချရင်းနဲ့ အဖမ်းခံရလို့ လူဝင်မှုကြီးကြပ်ရေး အချုပ်ထောင်တွေကို ရောက်ကြသူတွေလည်း ရှိပါတယ်။ ဒီလိုကလေးမျိုးတွေ အများအပြားရှိပေမဲ့ အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အကူအညီပေးနိုင်မှုတွေက နည်းပါးပါတယ်။ တချို့မိန်ကလေးငယ်တွေ၊ ကလေးငယ်တွေကို ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေ ပူပေါင်းပြီး ကူညီခေါ်ထုတ်နိုင်တာတွေ ရှိခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ်က အမျိုးသမီးနဲ့ ကလေးတွေကို အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူ မရီရီဝင်း က ပြောပါတယ်။

“ကျမတို့တွေကပေါ့နော် ဘန်ကောက် ITC ကနေ ပို့လာတဲ့ကလေးဆိုရင် ဒီမှာရှိတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အဲ့ဒီကလေးတွေကို သွားရွေးထုတ်ခဲ့တယ်။ ပြီးသွားတဲ့အခါကျရင် ဒီမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးလေးတွေဆိုရင်လည်း သူတို့တွေကို ကျောင်းထားပေးတာတွေ ရှိတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေပေါ့နော်။ ကျောင်းနေချင်တဲ့ ကလေးတွေဆိုရင် အသက်မွေးဝမ်းကျောင်းပညာတွေ၊ ဆံပင်ညှပ်သင်တာတို့ပေါ့နော် သူတို့အပြင်မှာ တခုခု အလုပ်လုပ်ဖို့ အဆင်ပြေအောင်လို့ပေါ့နော် အဲ့လိုဟာမျိုးတွေ ကျမတို့ သင်ပေးတာတွေ ရှိပါတယ်။”

ထိုင်း-မြန်မာနယ်စပ်က မဲဆောက်ထောင်ကနေ ခေါ်ထုတ်လာပြီးနောက်ပိုင်းမှာ ကလေးတွေကို အကူအညီ ဆက်ပေးနေပါတယ်လို့ ပြောပါတယ်။

“ကျမတို့ ဒီ မဲဆောက်ထောင်ထဲမှာ ကျတဲ့ ကလေးတွေကတော့ပေါ့နော် ကျမတို့ ဒီအဖွဲ့အနေနဲ့ကတော့ ကိုယ်တိုင်သွားထုတ်မယ်ဆိုရင် နည်းနည်း အခက်အခဲရှိတယ်။ ဒါပေမဲ့ ကျမတို့တွေ ဒီမှာ World Vision ဆိုတဲ့ အဖွဲ့ရှိတယ်ပေါ့နော်။ World Vision ကကျတော့ ကျမတို့ကို သူနဲ့ ဆက်သွယ်ပေးတယ်။ ဆက်သွယ်ပေးတဲ့အခါမှာ ကျမတို့ World Vision အဖွဲ့နဲ့သွားပြီးတော့ အဲ့ဒီမဲဆောက်ထောင်မှာပေါ့နော် ကျမတို့ SAW အနေနဲ့ပေါ့နော် နာမည်ခံပြီးတော့ အဲ့ဒီကလေးတွေကို ထုတ်ခဲ့ပေးတယ်။ ကလေးတွေက အရွယ်ငယ်တဲ့ ကလေးတွေကို ထိုင်းကျောင်းမှာ ထားပေးတာတွေလည်း ရှိတယ်။ ပြီးတော့ မြန်မာရွှေ့ပြောင်းကျောင်းတွေမှာ ထားပေးတာတွေလည်း ရှိတယ်ပေါ့နော်။ အဲ့လိုမျိုး ထားပေးနေရင်းနဲ့လည်း သူတို့ရဲ့မိဘတွေကိုပေါ့နော် ကျမတို့က တလတခါ သူတို့အနေနဲ့ ထောင်ဝင်စာတွေ့ပေးတာတွေ၊ မဲဆောက်ထောင်ကရှိတဲ့ ဝန်ထမ်းတွေကလည်း ကျမတို့ ဂေဟာမှာလာပြီးတော့ သူတို့ထားထားပေးတဲ့ ကလေးတွေကိုပေါ့ အဆင်ပြေ - မပြေ လာကြည့်တာမျိုးတွေ အဲ့လိုမျိုးတွေရှိပါတယ်။ ကျမတို့ ကလေးတွေကိုကျတော့ သူတို့အမေတွေကိုပေါ့နော် ထွက်လာတဲ့အခါကျတော့မှပဲ မိဘတွေနဲ့ ပြန်တွေ့ပြီးတော့ သူတို့လက်ထဲ ပြန်အပ်ပေးတာတွေ ရှိတယ်။ တချို့မိဘတွေကျတော့လည်း သူတို့တွေက ပြန်ထွက်လာပြီးပြီးချင်းမှာ သူတို့ရဲ့ကလေးတွေကိုပေါ့နော် ချက်ချင်း ပြန်ပြီးတော့ ပြုစုပျိုးထောင်ဖို့ဆိုတာ သူတို့မှာ အချိန်တွေ လိုသေးတယ်ပေါ့။ အဲ့လိုကလေးတွေဆိုရင် တနှစ်၊ နှစ်နှစ်လောက်ပေါ့ ဆက်ထားပေးတယ်။ မိဘတွေ အဆင်ပြေတဲ့အချိန်ကျမှပေါ့နော် ပြန်ပြီးတော့ ပို့ပေးတာမျိုးတွေရှိတယ်။”

International Organization for Migration (IOM) အချက်အလက်အရ ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းကလေးတွေ၊ နိုင်ငံခိုလှုံခွင့်လျှောက် တဲ့ ကလေးတွေ၊ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် တိမ်းရှောင်လာတဲ့သူတွေ ပါဝင်တဲ့ ကလေး ၃ သိန်းကျော်ရှိကြောင်း HRW က အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဒီကလေးတွေဟာ ကမ္ဘောဒီးယား၊ လာအိုနဲ့ တခြားနိုင်ငံက ကလေးတွေနဲ့အတူ မြန်မာပြည်က ကလေးများ ပါဝင်တယ်လို့ ရေးသားထားပါတယ်။

XS
SM
MD
LG