သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ


ဖိလစ်ပိုင်နိုင်ငံအတွင်း အားပြင်း Haiyan မုန်တိုင်းဝင်ရောက်ခဲ့ပြီး ပျက်စီးသွားတဲ့ လေယာဉ်ကွင်းတခုရဲ့မြင်ကွင်း။ (နိုဝင်ဘာ ၉၊ ၂၀၁၃)
ဖိလစ်ပိုင်နိုင်ငံအတွင်း အားပြင်း Haiyan မုန်တိုင်းဝင်ရောက်ခဲ့ပြီး ပျက်စီးသွားတဲ့ လေယာဉ်ကွင်းတခုရဲ့မြင်ကွင်း။ (နိုဝင်ဘာ ၉၊ ၂၀၁၃)
ဖိလစ်ပိုင်နိုင်ငံမှာ သောကြာနေ့တုန်းက အလွန်အင်အားပြင်းထန်တဲ့လေမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Tacloban မြို့တမြို့တည်းမှာတင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး Samar ခရိုင်အတွင်းမှာလည်း သေဆုံးသူ ၂၀၀ ထက် မနည်းရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ပြောဆိုလိုက်ပါတယ်။
Tacloban မြို့နဲ့ Samar ခရိုင်တွေမှာရှိတဲ့ ကြက်ခြေနီအဖွဲ့တွေရဲ့ ကနဦး သတင်းပေးပို့ချက်တွေကို အခြေခံပြီး အခုလို သေဆုံးအရေအတွက်ကို ထုတ်ပြန်ရတာဖြစ်ကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး Gwendolyn Peng က ပြောဆိုကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

ဒေသတွင်းမှာရှိတဲ့ ကြက်ခြေနီအဖွဲ့ရဲ့ ပြောဆိုမှုအရ ရေထဲမှာမြောနေတဲ့ သေဆုံးသူ အလောင်း ၁,၀၀၀ ကျော် ရှိတဲ့ အကြောင်း သူမက Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ လူသေဆုံးမှုအခြေအနေဟာ တိုးများလာနိုင်တဲ့ အနေအထားမှာရှိနေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေတွေဟာလည်း တိတိကျကျ ပြောနိုင်ဖို့အတွက် အချိန်ယူရလိမ့်အုံးမှာ ဖြစ်ပါတဲ့အကြောင်း ကနဦးသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဟိုင်ယန် အမည်ရှိတဲ့ တိုင်ဖုန်းလေမုန်တိုင်းဟာ ကမ္ဘာ့သမိုင်းမှာ အပျင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်းတွေထဲက တခုဖြစ်ပါတယ်။ မုန်တိုင်း တိုက်ခတ် မှုကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်နေပြီး အဆောက်ဦးတွေ ပြိုကျပျက်စီးမှုတွေ၊ သစ်ပင်တွေ အမြစ်ကနေကျွတ်ထွက်သွားတာတွေ၊ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။

မုန်တိုင်းမတိုက်ခတ်ခင် အာဏာပိုင်တွေက လူပေါင်း ၈ သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ အဲဒီမုန်တိုင်းကို ယိုလန်ဒါ မုန်တိုင်းလို့ ခေါ်ကြပြီး ဒီမုန်တိုင်းဟာ ခရိုင် ၃၆ ခရိုင်အတွင်းမှာရှိတဲ့ လူပေါင်း ၄ သန်း ကျော်ကို သက်ရောက်မှုဖြစ်စေခဲ့တာပါ။

လေမုန်တိုင်းဟာ တနာရီကို မိုင် ၁၉၀ ကျော် နှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပြီး အခုတော့ အားလျော့သွားပြီး ပင်လယ်ပြင်ကို ဖြတ်ကာ ဗီယက်နမ် နိုင်ငံဘက် ဆီကို ဦးတည်ရွှေ့လျှားနေပါတယ်။ ဗီယက်နမ်နိုင်ငံကို တနင်္ဂနွေနေ့မှာ ဝင်ရောက် တိုက်ခတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG