ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်၊ ဒါကာနဲ့ နိုင်ငံရဲ့အနောက်မြောက်ဘက်ဒေသကို စနေနေ့ညဘက်က အပူပိုင်းလေမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ လူပေါင်း ၂၄ ဦးထက်မနည်းသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာတွေရရှိသွားကာ မုန်တိုင်းတိုက်ခတ်သွားရာ လမ်းကြောင်းတလျှောက်မှာလည်း အပျက်စီးတွေ အများအပြား ဖြစ်ခဲ့ရပါတယ်။
ပူပြင်းတဲ့ကာလ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ပေါ်ပေါက်လာတဲ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ အမြစ်ကနေကျွတ်ထွက်ကုန်သလို လျှပ်စစ်မီးတိုင်တွေလည်း ပြိုလဲကုန်ပါတယ်။
သေဆုံးခဲ့ရသူတွေအများစုဟာ ပြိုလဲတဲ့ လူနေအိမ်တွေနဲ့ သစ်ပင်တွေရဲ့အောက်မှာပိပြီး သေဆုံးခဲ့ရတာဖြစ်သလို တချို့ကတော့ လဲကုန်တဲ့ ဓါတ်တိုင်တွေရဲ့ ဝိုင်ယာကြိုးတွေကနေ ဓါတ်လိုက်ပြီး သေဆုံးကြရတာဖြစ်ပါတယ်။
Dhaka မြို့ကနေ မိုင် ၁၂ဝ ကျော် အကွာမှာရှိတဲ့ Bogra ခရိုင်ဟာ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ဒေသဖြစ်ပါတယ်။ အဲဒီမှာ လူပေါင်း ၁၉ ယောက် သေဆုံးခဲ့ရတယ်လို့ ရဲနဲ့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁ဝဝ လောက် ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်းက ဆေးရုံတွေမှာ ကုသခံယူနေရကြောင်း Bogra ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး Shafiqur Rahman ကပြောပါတယ်။
Dahka မြို့မှာတော့ အမျိုးသမီးတယောက်နဲ့ ၆ နှစ်အရွယ် ကလေးငယ်တို့ဟာ မုန်တိုင်းတိုက်ခတ်စဉ် ပြိုလဲတဲ့နံရံအောက်မှာ ပိမိပြီး သေဆုံးခဲ့ရတယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။