သုံးရလွယ်ကူစေသည့် Link များ

ထိုင်ဝမ်မှာ တိုင်ဖုန်း မုန်တိုင်းရန် ကြိုတင်ပြင်ဆင်


ထိုင်ဝမ်ကို ဦးတည်ရွေ့လျားလာနေတဲ့ တိုင်ဖုန်း Soulik ရဲ့ လှိုင်းလုံးကို မြင်တွေ့ရပုံ။ (ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၃။ အေပီ)
လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ကျော်လောက်ရှိမယ့် တိုင်ဖုန်းမုန်တိုင်းတခု ထိုင်ဝမ်းကျွန်းမြောက်ဘက်ခြမ်းကို ဒီကနေ့ ၀င်လာနိုင်ခြေရှိတယ်ဆိုပြီး မိုးလေ၀သ သတိပေးချက်တွေ ရှိနေတာကြောင့် ထိုင်ဝမ်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ အစိုးရကလည်း ထိုင်ဝမ်ကျွန်းတစ်ခုလုံးကို အထူး သတိပေးဇုန် သတ်မှတ်ထားပြီး အလုပ်ရုံတွေ၊ ကျောင်းတွေကိုလည်း နေ့ခင်းကတည်းက ပိတ်ခိုင်းခဲ့တာပါ။ ဒါ့အပြင် မြေပြိုမှုတွေဖြစ်နိုင်တဲ့ဒေသက လူ ထောင်ပေါင်းများစွာကိုလည်း ဘေးကင်းရာ ဆီ ပြောင်းရွှေ့ပေးနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ထိုင်ဝမ် ဗဟိုမိုးလေ၀သဌာနကနေ ဆူးလစ် (Soulik) အမည်ရှိ တိုင်ဖုန်း မုန်တိုင်းဟာ ဒီကနေ့ သောကြာနေ့မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ကျော်လောက်နဲ့ ထိုင်ဝမ်ကျွန်းမြောက်ဘက်ခြမ်းကို ၀င်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်ဝမ်ကျွန်းတခုလုံးကိုလည်း အထူးသတိပေးဇုန်အဖြစ် ကြေညာထားပြီး မိုးသည်းထန်မှုကြောင့် မြေပြိုမှုတွေ ဖြစ်နိုင်တဲ့ဒေသက ထောင်ပေါင်းများစွာသော လူတွေကိုလည်း ဘေးလွတ်ရာဆီ ကြိုတင်ပြောင်းရွှေ့ပေးနေပါတယ်။ ရာနဲ့ချီတဲ့ စစ်သားတွေကိုလည်း ကယ်ဆယ်ရေးအတွက် တောတောင်ထူထပ်တဲ့နေရာတွေကို စေလွှတ်ထားပါတယ်။

မိုးလေ၀သ ခန့်မှန်းချက်တွေမှာတော့ မုန်တိုင်းကြောင့် မြေပြိုမှုတွေ ရှိနိုင်ပြီး ထိုင်ဝမ်ကျွန်းမြောက်ဘက် ပင်လယ်ပြင်ဘက်ကို မုန်တိုင်းမရွေ့ခင် သောကြာညနဲ့ စနေနေ့ မနက်စောစောပိုင်းအထိ လေပြင်း တိုက်ခတ်နိုင်တယ်လို့ ကြေညာထားတာပါ။ လောလောဆယ်မှာတော့ မိုးအုံ့နေပြီး တချို့နေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာပါ။ ဒါ့အပြင် နေ့ခင်းကစလို့ ကျောင်းတွေ၊ ရုံးတွေနဲ့ လုပ်ငန်းခွင်တွေကိုလည်း အစိုးရက ပိတ်ခိုင်းခဲ့တယ်လို့ ထိုင်ဝမ်ရောက် မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ကိုကျော်ဦး က ဗွီအိုအေကို ပြောပြပါတယ်။

“ကျောင်းရော အလုပ်ရော ဒီနေ့ နှစ်နာရီကစပြီးတော့ ပိတ်လိုက်တယ်။ ရုံးရော ဘဏ်ကအစပေါ့ အကုန်လုံး ပိတ်လိုကတယ်။ ကျနော်တောင် ဒီနေ့ မီတာ သွားဆောင်တော့ ရုံးကပိတ်သွားပြီ။ ၂ နာရီမှာ ရုံးကျောင်း အကုန်ပိတ်။ အလုပ်ကိုကျတော့ ၂ နာရီမှာ အလုပ်သမားတွေကို ဆင်းခိုင်းတယ်။ ဒီ အလုပ်သမားတွေကို ဆက်ခိုင်းရင် အရေးယူမယ်ဆိုပြီးတော့ အစိုးရက ကြေညာချက်ထုတ်တယ်။”

အခုလို ရုံးတွေ၊ ကျောင်းတွေနဲ့ ဘဏ်တွေ ပိတ်ပစ်ခဲ့တယ်ဆိုပေမဲ့ ငွေကြေးဈေးကွက်ကိုတော့ ပုံမှန်အတိုင်း ဖွင့်ထားမယ်လို့ ထိုင်ဝမ်အရာရှိတွေက ပြောပါတယ်။ လူတွေကိုလည်း အပြင်ထွက်တာတွေ မလုပ်ဘဲ အိမ်မှာသာ လုံခြုံစွာ နေထိုင်ဖို့ကိုလည်း သတိပေးနေတာပါ။ ဒါ့အပြင် အစိုးရက မနက်အစောပိုင်းကတည်းက ကွင်းဆင်းပြီး မုန်တိုင်းအန္တရာယ် ကာကွယ်ရေး ကြိုတင် ပြင်ဆင်မှုတွေကို အတော်လေး လုပ်ဆောင်နေတာ တွေ့ရသလို၊ အင်အားပြင်း ဆူးလစ် (Soulik) မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း ရုပ်သံ/ရေဒီယိုတွေကနေ တောက်လျှောက် ထုတ်လွှင့်ပေးနေတယ်လို့ ကိုကျော်ဦး က အခုလို ဆက်ပြောပြပါတယ်။

“မြို့နယ်ဝန်ကြီးတွေပေါ့နော် သူတို့ ကွင်းဆင်းပြီးတော့ ပြင်ဆင်မှုတွေ သဲအိတ်တို့ ဘာတို့ညာတို့ ရေတွေ စုပ်ထုတ်တာတို့ အဲ့ဒါတွေ လုပ်နေတာတော့ တော်တော်လေးကို ပြင်ဆင်မှုလေးတွေ လုပ်နေတာများတယ်။ လာတော့မယ်ဆိုရင် မတိုင်ခင် မြောင်းတွေ စစ်ဆေးတာတို့ ဓာတ်ကြိုးတို့ အဲ့ဒါမျိုးတွေပေါ့နော်၊ မြို့နယ်အလိုက် နယ်မြေမှူးတွေကအစ အကုန်လုံး ကွင်းဆင်းကြတယ်။ နောက်ပြီးတော့ ပွဲတော်တခု သူတို့ လုပ်ဖို့ရှိတယ်။ ကလေးတွေအတွက် လုပ်တဲ့ ပွဲတော်ကြီးတခု။ အဲ့ဒါလည်း အကုန်လုံး ပိတ်ပစ်လိုက်ပြီ။ ပန်းတွေ၊ ပန်ကာတွေ အလှပေါ့ ကလေးတွေဟာပေါ့ အဲ့ဒါတွေ အကုန်လုံး ရုပ်သိမ်းပေါ့။ ပြိုနိုင်တဲ့ဟာတွေ အကုန်လုံး ဒီနေ့မနက် ဖြုတ်သိမ်းနေပြီ။ ဒီမနက်သတင်းမှာ တွေ့လိုက်တာပေါ့။ ရေဒီယိုကတော့ တချိန်လုံး ကြေညာနေတာ။ မုန်တိုင်းက ဘယ်နှစ်နာရီရောက်မယ်။ ဘယ်နေရာကို ရောက်နေပြီ။ ဒီမှာတော့ တခါတည်း တချိန်လုံးကို သတိပေးနေတယ်ဗျ။”

တချို့လူတွေကတော့ မုန်တိုင်းလာမှာမို့ မုန်တိုင်းနဲ့ပတ်သက်ပြီး အရေးပေါ် ပစ္စည်းတွေ၊ သောက်ရေသန့်ဗူးတွေ၊ အစားအစာ တွေ ကြိုတင် ၀ယ်ယူ စုဆောင်းနေတဲ့အတွက် တချို့ဆိုင်တွေမှာ ဈေးနှုန်းတွေ တက်ကုန်တာရှိတယ်လို့လည်း ကိုကျော်ဦး က ဆက်ပြောပြပါတယ်။

“Department Store မှာ တချို့ ပစ္စည်းတွေ သွားဝယ်တာတို့၊ ဘာတို့ ရှိကြပါတယ်အဲ့ဒါ။ တချို့ကလည်း စိုးရိမ်ပြီး ၀ယ်တာတွေရှိပါတယ်။ Department Store မှာဆို လူက နည်းနည်းပိုများတယ်။ ဟင်းရွက်ဆိုရင် တချို့ဆိုရင် လောဘနည်းနည်းရှိတဲ့ ဈေးသည်ဆိုရင် မုန်တိုင်းက မလာသေးဘူး၊ ဈေးက နည်းနည်း တက်သွားပြီ။ ဟင်းရွက်တွေဘာတွေပေါ့။ ဂေါ်ဖီဈေးတောင်မှ ပိဿာတ၀က်ကိုတောင် ၇၀ တို့ ဘာတို့ဖြစ်ကုန်ပြီ။ အခါတိုင်း တစ်ပိဿာ ၇၀ ကို။ တ၀က်လောက်ကို တက်သွားတယ်”

အခု နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မကြာသေးခင် အချိန်ပိုင်းအတွင်းပဲ နိုင်ငံခြားလေကြောင်းခရီးစဉ် တော်တော်များများကိုလည်း ပျံသန်းခွင့် ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ ကြာသပတေးနေ့ကတော့ ထိုင်ဝမ်ကျွန်းက တချို့နေရာတွေမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့အတွက် လမ်းခရီးတချို့လည်း ပိတ်ခဲ့ရ တယ်လို့ ဆိုပါတယ်။

ဒီ ဆူးလစ် တိုင်ဖုန်းမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၀၀ ကျော်လောက်နဲ့ ထိုင်ဝမ်ကျွန်းက ကျဉ်းမြောင်းတဲ့ ရေလက်ကြားကို ဖြတ်တိုက်ပြီး တရုတ်ပြည်မကြီးက ဖူဂျန်း (Fujian) နဲ့ ဇင်ဂျန်း (Zhejiang) ခရိုင်တွေကို စနေနေ့မှာ ၀င်ရောက် တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG