သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Soudelor တိုင်ဖုံးမုန်တိုင်းကြောင့် ထိုင်ဝမ်မှာ ၄ ဦးထက်မနည်း သေဆုံး


 Soudelor တိုင်ဖုံးဝင်လာတာကို ရပ်ကြည့်နေသူများ။ (သြဂုတ် ၈၊ ၂၀၁၅)
Soudelor တိုင်ဖုံးဝင်လာတာကို ရပ်ကြည့်နေသူများ။ (သြဂုတ် ၈၊ ၂၀၁၅)

တိုင်ဝမ်ကျွန်းကို ဒီကနေ့ စနေနေ့ အစောပိုင်းဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း ဆူဒလော (Soudelor) Typhoon မုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။

တိုင်ဝမ်စံတော်ချိန် မနက် ၅ နာရီလောက်မှာ
ဝင်ရောက်ခဲ့တဲ့ ဆူဒလောမုန်တိုင်းကြောင့် ၄ ယောက်ထက်မနည်း သေဆုံးခဲ့သလိုပျောက်ဆုံးသူ ၄ ယောက်ထက်မနည်း ရှိပါတယ်။

တနာရီ လေပြင်းတိုက်နှုန်း မိုင် ၁၂၀ ကျော်နဲ့ ဝင်ရောက်လာတဲ့ ဆူဒလောမုန်တိုင်းကြောင့် သစ်ပင်တွေ၊ ဓါတ်တိုင်တွေ လဲပြိုကျိုးကျခဲ့သလို၊ ခေါင်မိုးတွေလန်၊ ဆိုင်းပုဒ်ကြီးတွေ လွင့်ထွက်ကုန်ပါတယ်။

တချို့နေရာတွေမှာ ရွာတဲ့မိုးက ၁ ထောင် မီလီမီတာလောက်အထိ ရှိပါတယ်။ လျှပ်စစ် ဓါတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်နေကြရသူပေါင်း တိုင်ဝမ်မှာ ၂ သန်းလောက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသွားသူတွေထဲမှာ ၈ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ သူမိခင်တို့ပါပြီး ရေစီးနဲ့ ပင်လယ်ထဲ မျောပါသွားခဲ့ကြတာ ဖြစ်ပါတယ်။ လွှင့်စင်လာတဲ့အရာတွေနဲ့ ထိခိုက်မိလို့ ဒဏ်ရာရသူလည်း ၆၀ ကျော်ပါတယ်။

မုန်တိုင်းကြောင့် ရုံးတွေ ကျောင်းတွေကို အာဏာပိုင်တွေက ပိတ်ထားခဲ့ပါတယ်။ လေယာဉ် ခရီးစဉ်တွေနဲ့ တခြား ပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း ရပ်နားထားပါတယ်။

အစိုးရကယ်ဆယ်ရေးစခန်းတွေမှာ ရာနဲ့ချီ ခိုလှုံနေကြပြီး အရေးပေါ် ကယ်ဆယ်ရေးအတွက် စစ်တပ်ကိုလည်း အသင့်ပြင်ထားပါတယ်။ ထိုင်ဝမ်ကနေ တရုတ်နိုင်ငံဘက်ကို ညပိုင်းမှာ ဝင်ရောက်တဲ့ မုန်တိုင်းအားလျော့သွားမယ်လို့ ခန့်မှန်းထားပေမဲ့ ဟာရီကိန်း အဆင့် ပြင်းအားနဲ့ လေပြင်းတိုက်မယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မုန်တိုင်းလမ်းကြောင်းသင့်တဲ့ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Fujian ဖူကျန့်ပြည်နယ်မှာ မုန်တိုင်း အစိုးရိမ်ရဆုံးအဆင့် အဖြစ် သက်ဆိုင်ရာက သတ်မှတ်ကြေညာထားပါတယ်။ လူပေါင်း ၁ သိန်းခွဲကျော်ကို ဘေးကင်းရာကို ရွှေ့ပြောင်းကြဖို့လည်း အမိန့်ထုတ်ထားပါတယ်။

XS
SM
MD
LG