အရှိန်ပြင်းပြင်းနဲ့လာနေတဲ့ Typhoon မုန်တိုင်းရဲ့ရန်ကို ကာကွယ်နိုင်ဖို့ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့ ပြင်ဆင်နေကြပါတယ်။ Pacific သမုဒ္ဒရာထဲ ဒီနှစ်ဖြစ်ပွားတဲ့ Typhoon မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံးလို့ စံချိန်တင်နေတဲ့ Usagi မုန်တိုင်းဟာ တနာရီလေတိုက်နှုန်း မိုင် ၁၅၀ နှုန်းလောက်နဲ့ ရွေ့လျားတိုက်ခတ်လာနေတာပါ။
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၊ အဲဒီကနေ ထိုင်ဝမ်ကျွန်းဘက် လမ်းကြောင်းအတိုင်း မုန်တိုင်းရွေ့လျားနေတာနဲ့အတူ အင်အား ပိုကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ချိန်မှာတော့ အားပျော့သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ သူ့ရဲ့ မြောက်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ ကျေးရွာအချို့က ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေရာချပေးနေပါတယ်။
အခု သောကြာနေ့နှောင်းပိုင်းမှာ မုန်တိုင်းဝင်လာမယ်ခန့်မှန်းထားပြီး ဒီမတိုင်ခင်မှာ ပင်လယ်ထဲက ငါးဖမ်းလှေတွေ ပြန်လာဖို့နဲ့ လှေသင်္ဘောတွေ ပင်လယ်ထဲ မထွက်ဖို့ သတိပေးတားမြစ်နေပါတယ်။ မုန်တိုင်းဗဟိုချက်ဟာ ထိုင်ဝမ်တောင်ပိုင်းကို ဖြတ်သွားမယ်လို့ မိုးလေ၀သ ပညာရှင်တွေက ယူဆပါတယ်။
ဒါပေမယ့်လည်း မုန်တိုင်းရဲ့ အရှေ့မြောက်ဖျားဟာ စနေနေ့မှာ ထိုင်ဝမ်ကို ၀င်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ တရုတ်တောင်ပိုင်းမှာတော့ အခုလာမယ့် တနင်္ဂနွေနှောင်းပိုင်းမှာ မုန်တိုင်းဝင်မယ်ခန့်မှန်းထားပြီး ဒီမတိုင်ခင်မှာ ကပ်ဘေးကယ်ဆယ်ရေးအခြေအနေတွေ ပြင်ဆင်ဆောင်ရွက်ဖို့ အာဏာပိုင်တွေက တပ်လှန့်ထားတယ်လို့ အစိုးရပိုင်ရှင်ဟွာသတင်းမှာ ရေးသားပါတယ်။