သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ U-23 SEA Games ဘောလုံးအကြိုဗိုလ်လုပွဲတက်


၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာယူ-၂၃ အသင်းဟာ အုပ်စု ပထမရပြီးတော့ အကြိုဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စု (က) နောက်ဆုံးပွဲစဉ်မှာ ကမ္ဘောဒီးယားနဲ့ သရေကျပြီး ၊ အုပ်စုမှာ ပထမနေရာကို ရခဲ့တာပါ။ ကမ္ဘောဒီးယားနဲ့ ကစားသွားတဲ့ပွဲနဲ့ လာမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်အပေါ် သုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ အမျိုးသား ဘောလုံးပွဲစဉ်တွေဘက်မှာတော့ မြန်မာ ယူ-၂၃ သင်းဟာ အကြိုဗိုလ်လုပွဲကို တက်သွားခဲ့ပါပြီ။ မြန်မာအသင်းဟာ ဇွန်လ ၁၀ ရက်နေ့က ကစားတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကမ္ဘောဒီးယား နဲ့ ၃ ဂိုးစီ သရေကျပြီး ၊ အုပ်စု ပထမ ရခဲ့တာပါ။ ကမ္ဘောဒီးယားက ပထမပိုင်းမှာ ၂ ဂိုးအရင်သွင်းပြီး၊ ဒုတိယပိုင်းမှာ မြန်မာက ၁ ဂိုး ပြန်ချေခဲ့ပေမဲ့ ကမ္ဘောဒီးယားက နောက် ၁ ဂိုး ပြန်သွင်းသွားတာကြောင့် မြန်မာအသင်းဟာ ၈၈ မိနစ်အထိ ၃ ဂိုး ၁ ဂိုး နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဒါပေမဲ့ လူစားဝင်လာတဲ့ ကောင်းဆက်နိုင် နဲ့ စည်သူအောင်တို့က ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ ၂ ဂိုးဆက်တိုက်သွင်းခဲ့တာကြောင့် နောက်ဆုံးမှာ ၃ ဂိုးစီသရေဖြစ်ခဲ့ပါတယ်။ ဒီပွဲရလဒ်နဲ့ မြန်မာအသင်းကစားသွားတဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး World Football ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုဇော်မျိုးသန့်က အခုလို ပြောပါတယ်။

“ဒီနေ့ပွဲမှာတော့ ကစားကွက်အနေအထား ဘာညာကတော့ ကောင်းပါတယ်။ အထူးသဖြင့် ကျောနံပါတ် ၉ လေ ဒီနေ့ပြိုင်ပွဲမှာ ဂိုးရသွားတာက သူ့အတွက် ယုံကြည်မှု ပိုပြီးတော့ ရှိသွားစေတယ်လို့ ပြောရမှာပေါ့ဗျာ။ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနေတာကနေပြီးတော့ သရေကျအောင် ပြန်ကစားတဲ့အချိန်မှာ တည်ငြိမ်မှုအရလည်း ကောင်းတယ်လို့ပဲ ပြောရမှာပေါ့ ဆရာရယ်။ ဒါကတော့ မြန်မာအသင်းအတွက် တော်တော်ကို --- တဲ့ ကိစ္စလို့ ဆိုရမှာပေါ့ဗျာ။ အဓိကကတော့ နောက်ကနေပြီးတော့ လိုက်ကစားတတ်တယ်ဆိုတာကို ဒီပွဲက ပြသွားတယ်လို့ပဲ ကျနော်ကတော့ အဲလိုသုံးသပ်ချင်ပါတယ်။”

မြန်မာအသင်းဟာ ပထမ ၃ ပွဲစလုံးနိုင်ပြီး အုပ်စုအဆင့်ကနေ တက်ဖို့ သေချာနေတဲ့အတွက် ဒီပွဲမှာ မြန်မာအသင်းက အရန်ကစားသမားတွေ အတော်များများကို ပွဲထုတ်ခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ အခုလို အရန်ကစားသမားတွေ ထည့် ကစားသွားတဲ့အတွက် ဒီပွဲကနေ ဘယ်လိုအကျိုးအမြတ်တွေ ဘယ်လိုသင်ခန်းစာတွေရခဲ့သလဲဆိုတဲ့အပေါ်မှာ ကိုဇော်မျိုးသန့် ပြောတာက -

“နံပါတ်တစ်အချက်ကတော့ အရံကစားသမားတွေအားလုံးရဲ့ နည်းပြတွေရှိမှာကိုး။ နံပါတ်နှစ်အချက်ကတော့ ဒိုင်လူကြီးတွေအနေနဲ့ ကျနော်တို့ ဒီ မြန်မာလက်ရွေးစင်အသင်းအပေါ်မှာ အရင့်အရင်တုန်းကလိုပဲ သဘောထားတွေ မပြောင်းသေးဘူးဆိုတာကို သိလိုက်တာပေါ့။ အခု တော်တော်လေးကို သတိထားပြီးတော့ ကန်မှရမယ်ဆိုတဲ့ သင်ခန်းစာပေါ့နော်။ နောက်တချက်ကတော့ နောက်တန်းကစားသမားလေးတွေကိုလည်း ---- ရှိဖို့လိုတယ်။ နောက်တခုက ပြိုင်ဘက်အသင်းက အမြင့်ဘောကစားလို့ရှိရင် နောက်တန်းမှာ ဖျက်ထုတ်နိုင်တဲ့ စွမ်းပကား နည်းတယ်ပေါ့ဗျာ။ ဒီသင်ခန်းစာတွေ ကျနော်တို့ ရလိုက်တယ်လို့ ပြောရမှာပေါ့။”

ဒီပွဲမှာ ကမ္ဘောဒီးယားအသင်းရဲ့ ဒုတိယဂိုးဟာ ပယ်နယ်တီကနေ ရခဲ့တာဖြစ်ပါတယ်။ ဂျပန်ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး ကိုဇော်မျိုးသန့်ရဲ့ အမြင်က ဘယ်လိုပါလဲ။

“ဘောလုံးပြိုင်ပွဲတွေမှာ တော်တော်ကို ရှားရှားပါးပါး တွေ့ရခဲတဲ့ ဆုံးဖြတ်ချက်တခုကို ဒီကနေ့ ပွဲမှာ ပါဝင်ထမ်းဆောင်သွားတဲ့ ဂျပန်ဒိုင်လူကြီးက ချသွားတယ်လို့ ကျနော်တော့ အဲလို မြင်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပယ်နယ်တီကန်တယ်။ ဂိုးသမားက ပုတ်ထုတ်တယ်။ ပုတ်ထုတ်ပြီးမှ ပြန်ထွက်လာတဲ့ ဘောလုံးကို ပယ်နယ်တီကန်တဲ့သူနဲ့ ဂိုးသမားနဲ့ နှစ်ယောက်အပြိုင်တွေ့ပြီးတော့ ဖျက်ကြတယ်။ ဖျက်တဲ့နေရာမှာ ဘောလုံးကို အရင်ထိတာက ဂိုးသမားပါ။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဘာမှပြောစရာမရှိပေမဲ့ ဒါကတော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လု့ိပဲ ပြောရမှာပေ့ါ။”

မြန်မာအသင်းဟာ အုပ်စု A မှာ ၃ ပွဲ နိုင် ၁ ပွဲ သရေ ၁၀ မှတ်နဲ့ အုပ်စု ဗိုလ်စွဲခဲ့တာကြောင့် အုပ်စု B က ဒုတိယရတဲ့ ဗီယက်နမ်အသင်းနဲ့ ဇွန်လ ၁၃ ရက်နေ့မှာ အကြိုဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။ ဗီယက်နမ် နဲ့ အကြိုဗိုလ်လုပွဲအပေါ် ကိုဇော်မျိုးသန့် က ဘယ်လို ခန့်မှန်းထားပါသလဲ။

“ဗီယက်နမ်ကတော့ ကျနော် တွေ့ပြီးသမျှတော့ ကစားပုံ နည်းနည်းလေး လွဲတာပေ့ါ။ သူတို့လည်း သူတို့နေရာအတွက် ပြန်ပြီး တည်ဆောက်နေရတယ်ဆိုပေမဲ့ သိပ်ပြီးတော့ ခြေစွမ်းခြင်းက အကွာကြီး မဟုတ်ပါဘူး။ ဆိုတော့ အဲဒီပွဲမှာ မြန်မာအသင်းအနေနဲ့ အရင်ကစားခဲ့ပြီးတဲ့ ၄ ပွဲလို တည်တည်ငြိမ်ငြိမ်နဲ့ ကစားမယ်ဆိုလို့ရှိရင် ကျနော်တို့အသင်းက ဗိုလ်လုပွဲကိုရောက်နိုင်တဲ့ ခြေစွမ်းတွေ ရှိနေတယ်လို့ ကျနော်ကတော့ အဲလိုပဲ သုံးသပ်ချင်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ အရှေ့ကစားသမားလေးတွေပေါ့နော် ကွင်းထဲမှာ တကိုယ်ကောင်းမဆန်ကြဖို့ပါပဲ။ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကစားနိုင်လို့ရှိရင်တော့ ကျနော်တို့အသင်းအနေနဲ့ ဗိုလ်လုပွဲကို မရောက်နိုင်စရာ ဘာအကြောင်းမှကို မရှိပါဘူး။”

အရှေ့တောင်အာရှ ဘောလုံးပွဲတွေမှာ မြန်မာအသင်း နောက်ဆုံးအကြိမ် ရွှေတံဆိပ်ရခဲ့တာကတော့ ၁၉၇၃ ခုနှစ် စင်္ကာပူမှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲမှာဖြစ်တာကြောင့် အခုဆိုရင် ရွှေတံဆိပ်နဲ့ ဝေးကွာနေတာ နှစ် ၄၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ မြန်မာ ယူ-၂၃ အသင်းဟာ အုပ်စုပွဲစဉ်တွေအတွင်း ရှုံးပွဲမရှိ ခြေစွမ်းပြနိုင်တာကြောင့် ဆယ်စုနှစ် ၄ ခုကျော်ကြာ ဝေးကွာနေတဲ့ ရွှေတံဆိပ်ကို ပြန်ရယူနိုင်မလားဆိုပြီး မြန်မာဘောလုံးပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG