ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို ရောက်နေတဲ့ အချိန်နဲ့ ကိုက်ပြီး ဒီနေ့မှာပဲ တွံတေးမြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ကျူရှင်ဆရာ ဦးအောင်ဖေဟာ အကျဉ်းသားဝတ်စုံ ဝတ်ဆင်ပြီး နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည် အရေးကြီးဆုံး လူ့အခွင့်အရေးဖြစ်သည် ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး မြို့ပတ် ဆန္ဒပြခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
နိုင်ငံရေး တက်ကြွမှုတွေကြောင့် မကြာခဏ ထိန်းသိမ်းခံခဲ့ရတဲ့ တွံတေးမြို့က ကျူရှင်ဆရာ ဦးအောင်ဖေဟာ လူ့အခွင့်အရေး ကိုယ်စားလှယ် လာရောက်ချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ ဆန္ဒပြခဲ့တာဖြစ်ကြောင်း အခုလို ပြောပါတယ်။
“လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက မြန်မာပြည် ရောက်နေတဲ့ အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူ သိချင်တယ်ပေါ့။ ရှိလား၊ မရှိလား လာရောက် စုံစမ်းတာတွေ ပါပါတယ်။ ကျနော် ဒါ မိမိရဲ့ဆန္ဒကို နိုင်ငံသားတယောက် အနေနဲ့ ထုတ်ဖော် ပြသခြင်း ဖြစ်ပါတယ်။
“ဒီမနက် ၉ နာရီလောက်မှာ ကျနော် နိုင်ငံရေး အကျဉ်းသားဝတ်စုံ အပြာရောင် အပေါ်အပြာ၊ အောက်အပြာ ဝတ်ဆင်တယ်၊ ဝတ်ဆင်ပြီးတော့ ၃ ပေ၊ ၂ ပေ ဆိုင်းဘုတ်မှာ အပြာရောင် စာလုံးနဲ့ ရေးတယ်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ခြင်းသည် အရေးအကြီးဆုံးသော လူ့အခွင့်အရေးဖြစ်သည် ဆိုပြီးတော့ အဲဒီစာကို ရေးတယ်၊ ရေးပြီးတဲ့အခါ ကျောက်တိုင်ကနေ စပြီးတော့ မြို့ထဲ လူစည်ကားတဲ့ နေရာကို ပတ်ပါတယ်။
“ဈေးအပါအဝင်ပေါ့၊ ကမ်းနားပိုင်း၊ ရဲစခန်းရှေ့ အပါအဝင် ကျနော် လျှောက်ပြီး ပတ်ပါတယ်။ လူထုက အကုန်လုံး ဝိုင်းဝန်းကြည့်ရှုပြီး အားပေးကြတာ တွေ့ရတော့ အတော် ပီတိဖြစ်မိပါတယ်။ နောက် လူထုကလည်း နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ သူတို့ လိုလားကြတာကိုး။ SB တို့ ရဲတို့ နောက်ကနေ ဆယ့်လေးငါးယောက်လောက် ဓာတ်ပုံလိုက်ရိုက်တာတွေ ရှိပါတယ်။”
ဦးအောင်ဖေဟာ မကြာခဏ ထိန်းသိမ်းခံရမှုတွေ ရှိခဲ့ပါတယ်။ ဒီတကြိမ် ထူးခြားတာကတော့ သူ့ကို အာဏာပိုင်တွေက ဓာတ်ပုံရိုက်တာမျိုးတွေကိုသာ လုပ်ခဲ့ပေမဲ့ ဖမ်းဆီးတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
“ကျနော့်အထင်တော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့၊ ကျနော်တို့ အရင်တုန်းက တောင်းဆိုဖူးတယ်၊ အမျိုးသား ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုဖူးတယ်။ အခု တွေ့ဆုံဆွေးနွေးရေးဆိုပြီး သူတို့ ခုတုံးလုပ်ထားတဲ့ လမ်းစကို လုပ်နေတဲ့ အခါကျတော့ ဒီလိုမျိုး ဖမ်းလိုက်မယ်၊ ထိန်းသိမ်းလိုက်မယ်ဆိုရင် ပြောစရာဖြစ်မှာ စိုးတာပေါ့။ အတုအယောင် ဒီမိုကရေစီပဲပေါ့၊ ဒီမိုကရေစီ လမ်းကြောင်းကိုလည်း သူတို့က ပျက်ယွင်းမှာ စိုးရိမ်တဲ့အတွက် ဖမ်းဆီးတာ မလုပ်ဘူးလို့ ထင်တယ်။ ခါတိုင်းဆိုရင်တော့ ဒီအချိန်ဟာ ကျနော် ပြန်အဖမ်းခံရမယ့် အချိန်မျိုးပါပဲ။”
လက်ရှိ မြန်မာအစိုးရနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုတွေဟာ ယုံကြည်ဖွယ်ရာ မရှိဘူးလို့လည်း ဆိုလိုက်ပါတယ်။
“အလွယ်ဆုံး သုံးသပ်မယ် ဆိုရင်တော့ ဟန်ပြ ဒီမိုကရေစီကို သူတို့တွေက ဖန်တီးတာ သိသာတယ်။ သူနဲ့ သမ္မတ ဦးသိန်စိန်နဲ့ စကားပြောတဲ့ အချိန်မှာ ဒေါ်စုက ဧည့်သည်တယောက်လို ဖိတ်ထားတာမျိုး၊ ဒါကျတော့ ကျနော်တို့ သဘောမကျဘူး။ ဒေါ်စုက ကျနော်တို့ရဲ့ လူထုခေါင်းဆောင်ဖြစ်တယ်၊ ဒီလိုမျိုး ဒေါ်စုနဲ့ ဆွေးနွေးတဲ့ အခါမှာ ဧည့်သည်တယောက် အနေနဲ့ ဆွေးနွေးစရာအကြောင်း မရှိဘူး။ သူတို့ပြောတဲ့ အတိုင်းပဲ ဒေါ်စုကို ဧည့်သည်တယောက် အနေနဲ့ သူက သွားတွေ့တဲ့ သဘောမျိုး ဖြစ်နေတယ်။ ကျနော်တို့က လက်မခံပါဘူး၊ အခုအချိန်ထိပါပဲ။”
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ သူနဲ့အတူ ကျောင်းသား ၃၀ ကျော် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့သီချင်း ဆိုတာကြောင့်ရော၊ လွတ်လပ်ရေး ဖခင်ကြီးအကြောင်း ဟောပြောလို့ဆိုပြီး သူဟာ ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပါတယ်။ ဒီ့နောက် ၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့မှာလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဘက်ကို ချီတက် လမ်းလျှောက်တဲ့အတွက် ၁၄ ရက်ကြာ ထိန်းသိမ်းခံရပါတယ်။ ဒီ့နောက် သူ့ကို နေအိမ်ပတ်ဝန်းကျင်ကနေ ဘယ်မှမသွားရဘူးဆိုပြီး ခြေချုပ် လုပ်ထားတာကို ခံခဲ့ရပါတယ်။
ခြေချုပ်လုပ်ထားချိန်မှာပဲ ၂၀၀၉ ခုနှစ်မှာ ကျရောက်တဲ့ တော်လှန်ရေးနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှာ စည်းဝိုင်းလုပ်ပြီး တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုခဲ့ပြီး တပြည်လုံးက NLD ရုံးတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုတဲ့အတွက် သာယာဝတီထောင်မှာ ထောင်ဒဏ် ၁ နှစ် ချခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ရှိပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့က မြန်မာအစိုးရကို တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။