သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု ဖေဖေါ်ဝါရီ ၁၅ စီရင်ချက်ချမည်


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးရာသို့ တရားစွဲခံထားရသူများကို ရုံးထုတ်လာစဉ်။ (မေခ/ဖေဖော်ဝါရီ ၁၊ ၂၀၁၉)
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးရာသို့ တရားစွဲခံထားရသူများကို ရုံးထုတ်လာစဉ်။ (မေခ/ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ နောက်ဆုံး စီရင်ချက် ချမှတ်တော့မှာဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြောက် ပိုင်း ခရိုင်တရားရုံး တရားခွင်မှာ နှစ်ဘက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက် ပေးပြီး တဲ့နောက် နောက်ဆုံးစီရင်ချက် ချမယ့်နေ့ကို တရားသူကြီးက ကြေညာလိုက်တာ ဖြစ်ပါ တယ်။ ဒီအကြောင်း တရားခွင်ကို ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို ရုံးတင်စစ်ဆေးနေတာ နှစ်နှစ်ကျော်လာပြီ ဖြစ်ပြီး ၁၀၃ ကြိမ်မြောက် တရားခွင်အပြီး မှာတော့ အပြီးသတ် ဆုံးဖြတ်ချက် ချမယ့်ရက် ထွက်လာတာပါ။

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ကြားနာစစ်ဆေးနေတဲ့ ဒီအမှုအတွက် ဒီကနေ့ ရုံးချိန်းမှာ လူသတ်မှုနဲ့ဆက်စပ်ပြီး စွပ်စွဲခံထား ရသူတွေကို စွဲချက်တင်ထားတဲ့အပေါ် နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့ကြပါတယ်။

ဒီကနေ့လျှောက်လွဲချက် တင်ပြအပြီး တရားလိုရှေ့နေတဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးနေလက တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် သူ့ရဲ့ မျှော်လင့်ချက်ကို အခုလို ပြောသွားပါတယ်။

“အမှုကိုတည်လာချိန်မှာ တကယ်က တည်ဆောက်မှုအားနည်းတယ်။ အဲလို အခြေအနေ မှာ ဒီအမှုကိုစစ်ရင်းနဲ့ လိုအပ်တဲ့ ဖြည့်ဆည်းမှုတွေ အားလုံးကို လုပ်တယ်။ ရှေ့နေချုပ် သဘောတူညီချက်နဲ့ တရားခံတွေအကုန်ကို စစ်ခွင့်ရတယ်။ အဲအခြေအနေမှာ ကိုယ့် ဘက်က ဒီအမှုနဲ့ပတ်သက်လို့ ပြည်စုံ လုံလောက်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ တာဝန်ကျေအောင်ပေးအပ်နိုင်ခဲ့တယ်။ အမှုက ပြီးပြည့်စုံတဲ့အနေအထားရောက်တယ်လို့ ယုံတယ်။ တရားရုံးဘက်က ပြစ်ဒဏ်နဲ့အညီ ထိုက်တန်တဲ့ပြစ်ဒဏ် ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။”

ဒီအမှုကို အထူးခုံရုံးဖွဲ့ပြီး တပတ်ကိုနှစ်ကြိမ် စစ်ဆေးခဲ့တာဖြစ်ပေမယ့်လည်း နှစ်ဘက် တင်သွင်းတဲ့ သက်သေ အယောက် ၂၀၀ နီးပါးကို စစ်ဆေးခဲ့ရ တာကြောင့် အခုလောက် ထိ ကြာမြင့်ခဲ့တာလို့ ရှေ့နေတွေကပြောပါတယ်။

ဒီအမှုမှာ ပါဝင်တဲ့သံသယနဲ့ စွဲချက်တင်ခံထားရတဲ့ ဇေယျာဖြိုးကတော့ တဘက်ရှေ့နေ တွေဘက်က ဒီကနေ့ လျှောက်လဲချက်တွေဟာ မှန်ကန်မှုမရှိသလို ပြစ်မှုကျူးလွန်ကြောင်း ပြသနိုင်တာမရှိတာကြောင့် တရားမျှတစွာဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်။

“ကျနော်ကတော့တရားဥပဒေနဲ့ အညီတရားရုံးက အမှန်အတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်။ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ တို့လည်း ဒီအမှုကို တရားဥပဒေအမှန်အတိုင်းဆုံးဖြတ်ပေးဖို့ တရားရုံးဘက်ကို ညွှန်ကြားပေးဖို့ ဒီနေရာကနေ တောင်းဆိုချင်တယ်။ နောက်ပြီး နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံတို့ဆီကို အမှုနဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို ပေးပို့သွားမှာပါ။”

စွပ်စွဲခံထားရသူ နောက်တဦးဖြစ်တဲ့ အောင်ဝင်းဇော်ကလည်း ဒီအမှုကိုကျူးလွန်တာ မရှိကြောင်း တရားရုံးအထွက်မှာ သတင်း ထောက်တွေကို ပြောသွားပါတယ်။

“ဒီအမှုမှာ ပုဒ်မ ၃၄ ကျူးလွန်တဲ့သူက သေနတ်ပေးတဲ့လူပဲဗျ။ ဘာလို့ဆို သေနတ်နဲ့ သတ် သွား တာ၊ ကျနော်ပေးတာလည်း မဟုတ်ဘူး။ ပေးရအောင် ကျနော်တို့နဲ့ ဘာဆိုင်လို့လဲ။ သိလည်းမသိဘူး။ တကယ်တန်း ကျူးလွန်တာ ကိုကြည်လင်းကိုသေနတ်ပေးတဲ့သူ။ ကျနော်မသိဘူး။”

သေနတ်သမား ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ကြိုတင်ကြံစည် လုပ်ကြံ သတ်ဖြတ်မှု ပုဒ်မ (၃၀၂) (၁) (ခ)/ ၃၄ နဲ့စွဲချက်တင်ထားပြီး ဒီပုဒ်မတွေက အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။ အောင်ဝင်းထွန်းကိုတော့ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ထိပေးနိုင်တဲ့ အားပေး ကူညီမှုပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ထားပါတယ်။ အခုချိန်အထိ ဖမ်းမမိသေးတဲ့ အောင်ဝင်းခိုင်ကိုလည်း ကြည်လင်းတို့လိုပဲ အမြင့်ဆုံး သေဒဏ်ပေးနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှု ပုဒ်မ (၃၀၂)(၁)(ခ)/ ၃၄ နဲ့စွဲချက် တင်ထားသလို ဖမ်းဝရမ်းလည်းထုတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG