သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဦးကိုနီအသတ်ခံရမှု နောက်ဆုံးစီရင်ချက်ချမည့်အပေါ် မျော်လင့်ချက်တချို့


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးရာသို့ တရားစွဲခံထားရသူများကို ရုံးထုတ်လာစဉ်။ (မေခ/ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီု လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် တရားရုံးတင် စစ်ဆေးလာတာ အခုဆို ၂ နှစ်ကျော်နေပြီဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၅ ရက် သောကြာနေ့မှာတော့ နောက်ဆုံးစီရင်ချက်ကို ချမှတ်တော့မှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးက စောင့်ကြည့်နေကြတဲ့ ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးက မှန်ကန်ဖြောင့်မတ်တဲ့ စီရင်ချက်မျိုး ချမှတ်မယ်လို့ မျှော်လင့်ကြောင်း အာရှလူ့အခွင့်ရေး ကော်မရှင် AHRC က ပြောကြားခဲ့သလို ဦးကိုနီရဲ့ သမီးဖြစ်သူကလည်း မြန်မာတနိုင်ငံလုံးရဲ့ ဂုဏ်သိက္ခာဟာ ဒီစီရင်ချက်ပေါ်မှာ မူတည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီဟာ အနီးကပ် သေနတ်နဲ့ပစ်ပြီး လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးကိုနီကို အခုလို လုပ်ကြံသတ်ဖြတ်ရာမှာ အဓိက ကျုးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ သေနတ်သမားကြည်လင်း နဲ့အတူ အမှုမှာ ပူးပေါင်းကြံစည်သူ ၃ ဦး အဖြစ် အာဏာပိုင်တွေက သံသယရှိနေတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို ၂၀၁၈ ဖေဖေါ်ဝါရီလမှာတော့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ စပြီး စွဲချက်အမိန့်ချမှတ်ခဲ့ပါတယ်။

သေနတ်သမား ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ဟာ ကြိုတင်ကြံစည် လုပ်ကြံ သတ်ဖြတ်မှု ပုဒ်မ (၃၀၂) (၁) (ခ)/ ၃၄ နဲ့စွဲချက်တင်ထားပြီး ဒီပုဒ်မတွေက အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။ အောင်ဝင်းထွန်းကိုတော့ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ထိပေးနိုင်တဲ့ အားပေးကူညီမှုပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ထားပါတယ်။

အခုချိန်အထိ ဖမ်းမမိသေးတဲ့ အောင်ဝင်းခိုင်ကိုလည်း ကြည်လင်းတို့လိုပဲ အမြင့်ဆုံး သေဒဏ်ပေးနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှု ပုဒ်မ (၃၀၂)(၁)(ခ)/ ၃၄ နဲ့စွဲချက် တင်ထားသလို ဖမ်းဝရန်းလည်း ထုတ်ပြန်ထားပါတယ်။

ဖေဖေါ်ဝါရီ ၁၅ ရက်မှာတော့ သံသယနဲ့ တရားစွဲဆိုခံရသူ ၃ ဦးကို နောက်ဆုံးစီရင်ချက်ချမှာ ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁ ရက် နှစ်ဖက်ရှေ့နေတွေ လျှောက်လှဲချက်အပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး တရားသူကြီးက ကြေညာခဲ့တာဖြစ်ပါတယ်။

ဦးကိုနီရဲ့ သမီး ဒေါက်တာ ဒေါ်ရင်နွယ်ခိုင်က အမှုနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှိရေးဟာ မြန်မာတနိုင်ငံလုံးရဲ့ ပုံရိပ်ကို ထင်ဟပ်စေမှာ ဖြစ်ကြောင်း VOA ကို ပြောပါတယ်။

“ ကျမဖခင် အတွက်ရော မြန်မာနိုင်ငံထဲမှာ အခုလိုပုံစံနဲ့ ကိုယ်ချစ်သူခင်သူတွေ ဆုံးရှုံးခဲ့ရတဲ့ ဘယ်သူ့ကိုမဆို တရားမျှတမှု ရရှိစေဖို့ ကျမလိုလားပါတယ်။ ဒီတရားရုံး ဆုံးဖြတ်ချက်ဟာ တနိုင်ငံလုံးရဲ့ ပုံရိပ်ကို ထင်ဟပ်စေမှာ ဖြစ်သလို နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး အတွက်ရော တနိုင်ငံလုံးရဲ့ ဂုဏ်သိက္ခာ အတွက်ပါ အရေးပါပါတယ်”

ဒီသောကြာနေ့ တရားရုံးကြားနာပွဲကိုတော့ သူတက်ရောက်မှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ခိုင်မာစွာ တည်ဆောက်ရာမှာ စိန်ခေါ်မှုတွေကို ၀ိုင်းဝန်းကြိုးစားဖြေရှင်းရင်း အသက်စွန့်သွားခဲ့သည့် ရှေ့နေကြီး ဦးကိုနီနှင့် ကိုနေ၀င်းတို့အတွက် အမှန်တရားအမြန်ဆုံး ပေါ်ထွက်လာစေဖို့ သက်ဆိုင်သူအားလုံးက ၀ိုင်းဝန်းကြိုးပမ်းကြဖို့အတွက် ဦးကိုနီအလုပ်ကြံခံရတာ ၂ နှစ်ပြည့် အခမ်းအနားမှာ တိုက်တွန်းခဲ့ပါတယ်။

အာရှလူ့အခွင့်ရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကလည်း အခု နောက်ဆုံး စီရင်ချက်မှာ မှန်ကန်ဖြောင့်မတ်တဲ့ စီရင်ချက်မျိုးချမှတ်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

“အဓိကအားဖြင့် စွတ်စွဲခံနေရတဲ့ ကြည်လင်းတို့ ဇေယျာဖြိုးတို့ စတဲ့ဟာတွေက ဒီအမှုမှာ စစ်ဆေးပေါ်ပေါက်ချက်တွေ၊ တရားရုံးက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက မှန်ကန်လာပြီလို့ တစိတ်တပိုင်းပြောလို့ရမယ့် အနေအထားမျိုးဖြစ်တယ်လို့ ကျနော်ယူဆပါတယ်။”

ဒီအမှုကို အထူးခုံရုံးဖွဲ့ပြီး တပတ်ကို ၂ ကြိမ် စစ်ဆေးခဲ့သလို ၂ ဘက် တင်သွင်းတဲ့ သက်သေ အယောက် ၂၀၀ နီးပါးကို စစ်ဆေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀၃ ကြိမ်မြောက် တရားခွင်အပြီးမှာတော့ အပြီးသတ် ဆုံးဖြတ်ချက်အတွက် အခု သောကြာနေ့မှာ ချမှတ်မှာ ဖြစ်ကြောင်း တရားသူကြီးက ကြေညာခဲ့တာပါ။

ဒီအမှုအတွက် တရားရုံးစစ်ဆေးမှုတွေ ၂ နှစ်ကျော်ကြာမြင့်လာတာနဲ့ ပတ်သက်ပြီး မသက်ဆိုင်တဲ့ သက်သေတွေကို စစ်ဆေးနေတာကြောင့် အဓိက သက်သေတွေ မစစ်ဆေးနိုင်ပဲ ဖြစ်နေတယ်ဆိုပြီး ICJ နိုင်ငံတကာတရားရေးကော်မရှင်က ပြီးခဲ့တဲ့ လထဲမှာ ဝေဖန်ခဲ့ပါတယ်။

ဒါပေမယ့် AHRC အာရှလူ့အခွင့်ရေး ကော်မရှင်က ဦးမင်းလွင်ဦးကတော့ တရားဥပဒေအရ ၂ ဘက် မျှတတဲ့ အခွင့်ရေးပေးတဲ့ အနေနဲ့ လုပ်ဆောင်နေတာလို့ ယုံကြည်ပါတယ်။

“တရားလိုဘက်က တင်ပြတဲ့ သက်သေတွေ၊ တရားခံဘက်က တင်ပြတဲ့ သက်သေတွေ ဒါတွေကို စစ်ဆေးတဲ့အတွက် အခုလိုမျိုး ၂ နှစ်အထိ ကြာမြင့်သွားတယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။”

၂ နှစ်ကျော်ကြာ မဖမ်းဆီးနိုင်ပဲ ဖြစ်နေတဲ့ တရားခံပြေး အောင်ဝင်းခိုင် အတွက် ဥပဒေပုဒ်မ ၈၈ နဲ့ စွဲချက်တင်ပြီး အများပြည်သူ ဘယ်သူမဆို တွေ့တဲ့နေရာမှာ ဖမ်းဆီးပြီး တရားရုံး ဒါမှမဟုတ် ရဲစခန်းကို ပို့ဆောင်နိုင်တဲ့ တရားခံပြေးအဖြစ်ကြေညာထားတာပါ။ သူ့ကို ဖမ်းမိနိုင်ဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အကူညီကိုပါ တောင်းခံနိုင်တယ်လို့လည်း ဦးမင်းလွင်ဦးက အကြံပေးပါတယ်။

ရန်ကုန်လေဆိပ်မှာ အသတ်ခံခဲ့ရတဲ့ ဦးကိုနီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် NLD ပါတီအတွက် ဥပဒေရေးရာတွေမှာ အဓိက အကြံပေးနေသူ တဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက် ရှိနိုင်တယ်လို့ အများက ထင်မြင်ယူဆနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG