သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံမှု တရားခံနဲ့ အပေါင်းအပါတွေအပေါ် စွဲချက်တင်


ဦးကိုနီလုပ်ကြံခံရမှုကို စစ်ဆေးစဉ် ( မတ်လ ၂၀၁၇)
ဦးကိုနီလုပ်ကြံခံရမှုကို စစ်ဆေးစဉ် ( မတ်လ ၂၀၁၇)

NLD ပါတီရဲ့ ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း နဲ့ သံသယရှိသူ ၃ ဦးတို့ကို ဒီကနေ့မနက်မှာပဲ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်လိုက်ပါပြီ။ ရှေ့နေ ဦးကိုနီသေဆုံးခဲ့တာ ၁နှစ်ကျော် ကြာလာတဲ့အချိန်မှာ ဒီအမှုနဲ့ ပက်သက်ပြီး စွဲချက်တင် လိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ VOA သတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုကို အဓိက ကျုးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း အပြင်၊ အမှုမှာ ပူးပေါင်းကြံစည်သူတွေ အဖြစ် အာဏာပိုင်တွေက သံသယရှိနေတဲ့ အောင်ဝင်းဇော်၊ အောင်ဇော်ထွန်းနဲ့ဇေယျာဖြိုးတို့ကို ဒီကနေ့ မနက်မှာပဲ တရားရုံးမှာ စတင် စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း ဦးကိုနီရဲ့ ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။

"အမှုမှာ စွပ်စွဲခံရတဲ့ တရားခံ ၄ယောက်ကို စွဲချက်အမိန့်ချပါတယ်။ ကြည်လင်းအပေါ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁-ခ)/၃၄ အရ အမိန့်ချပါတယ်။ ၃၄ ဆိုတာက ကျနော်တို့ လူသတ်ဖို့ရန် ၃၀၂ (၁-ခ)/၃၄ဆိုတာက လူသတ်ဖို့ရန် တင်ကူးကြံရွယ်ပြီးမှ ပူးပေါင်းကြံစည်ကြတဲ့အပေါ်မှာ ဒါစစ်ဆေးစီရင်မယ်ဆိုပြီးတော့ အမိန့်ချတာပါ။ ၃၀၂ (၁-ခ)/၃၄ ရဲ့ ပြစ်ဒဏ်ကတော့ သေဒဏ်ပါခင်ဗျ။ အလားတူပဲ ကိုအောင်ဝင်းဇော်ကိုလည်း (၁-ခ)/၃၄ နဲ့ စွဲချက်အမိန့်ချပါတယ်။ ဒါကြောင့်မို့လို့ သူ့အပေါ်မှာလည်း ၃၀၂ (၁-ခ)/၃၄ နဲ့ စစ်ဆေးစီရင်မှာ ဖြစ်ပါတယ်။ အဲဒါကလည်း ခုနပြောသလိုပါပဲ သေဒဏ်ပါပဲခင်ဗျ။ ဇေယျာဖြိုးအပေါ်ကိုလည်း ၃၀၂ (၁-ခ)/၃၄နဲ့ စွဲချက်အမိန့်ချပါတယ်။ ဒါကြောင့်မို့လို့ ဇေယျာဖြိုးအပေါ်ကိုလည်း ဒီပုဒ်မနဲ့ပဲ ကျနော်တို့ စစ်ဆေးစီရင်မှာ ဖြစ်ပါတယ်။ ကိုအောင်ဇော်ထွန်းနဲ့ ပတ်သက်လို့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲချက်အမိန့်ချပါတယ်။ပုဒ်မ ၂၁၂ က ခုန ပြစ်မှုကျူးလွန်တယ်လို့ သူသိထားလောက်တဲ့ ယုံကြည်ရန်အကြောင်းရှိတဲ့ အောင်ဝင်းဇော်ကို ထွက်နိုင်ဖို့အတွက် ဘားအံမြို့ကို သူခေါ်သွား ပုန်းအောင်းစေခဲ့တယ်ဆိုတဲ့ အကြောင်းအရာကြောင့် စွဲချက်တင်တာဖြစ်ပါတယ်။ ဒီကောင်ကတော့ ထောင်ဒဏ်ပဲ ရှိပါတယ်။"

အငှားယာဉ်မောင်း ကိုနေဝင်းရဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်ကတော့ ဒီကနေ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အရေးကြီးတဲ့အဆင့်ကို ရောက်ရှိလာပြီဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"အရေးကြီးတဲ့ အဆင့်ကို ဖြတ်သန်းသွားပြီ ။ လုံခြုံရေးကို ဒီထက်တိုးမြင့်ရတော့မယ်။ သူတို့မှာ အသက်ရှုကျပ်စေလောက်တဲ့ ပုဒ်မတွေဖြစ်တယ်။"

ရှေ့နေဦးကိုနီ သေဆုံးတာ၁နှစ်ကျော် ရှိလာတဲ့အချိန်အထိ အမှုနဲ့ပက်သက်လို့ ခိုင်ခိုင်မာမာ အဖြေ မထွက်သေးတာ၊ စွပ်စွဲခံထားရတဲ့ အောင်ဝင်းခိုင် ကနေ့အထိ လွတ်မြောက်နေသေးတာတွေကြောင့် ဒီအမှုအပေါ် အားမလို အားမရဖြစ်မှုတွေ၊ တရားစီရင်ရေး စံနစ်အပေါ် မကျေနပ်မှုတွေလည်း ထွက်ပေါ်နေတာပါ။

ဒီကနေ့ မြောက်ပိုင်းခရိုင် တရားရုံးကနေ တရားသူကြီးအဖွဲ့က စွဲချက်တင်လိုက်တဲ့အပေါ် ကျေနပ် အားရမှုရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။

"အခုမြင်ခဲ့တွေ့ခဲ့ရတဲ့အနေအထားအရ အခုတရားစွဲတင်လာတဲ့ လူတွေအပေါ်မှာပဲ သက်သေတွေ ထွက်နေကြတယ်။ ဒါကြောင့်မို့လို့ ရုံးရှေ့ကိုရောက်လာတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ အမှန်တရားအတိုင်းပေါ်ပေါက်နိုင်အောင်လို့ တရားသူကြီးအဖွဲ့အနေနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့အကြောင်း ကျနော်မြင်ပါတယ်။ ကျနော်ကတော့ တရားစီရင်ရေးအဖွဲ့ဆောင်ရွက်တာနဲ့ ပတ်သက်ပြီးတော့ ကျေနပ်ပါတယ်ခင်ဗျ။"

တရားခံပြေး အောင်ဝင်းခိုင်ကို ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ နဲ့ စွဲချက် တင်လိုက်ပါတယ်။ အဲဒီ ပုဒ်မကတော့ အောင်ဝင်းခိုင်ကို အများပြည်သူ ဘယ်သူမဆို တွေ့တဲ့နေရာမှာ ဖမ်းဆီးပြီး တရားရုံး၊ ဒါမှမဟုတ် ရဲစခန်းကို ပို့ဆောင်နိုင်တဲ့ အခွင့်အရေးရသွားပြီလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ရှင်းပြပါတယ်။

ဒီကနေ့ စွဲချက်တင်ခံလိုက်ရတဲ့ ၄ ဦးထဲမှာ တဦးအပါအဝင်ဖြစ်တဲ့ အောင်ဝင်းထွန်းကတော့ ပြစ်မှုကျူးလွန်သူတွေ လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့တဲ့အတွက် ပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်လိုက်ပါတယ်။ အဲဒီလို စွဲချက်တင်ခံလိုက်ရတာနဲ့ ပတ်သက်လို့ အောင်ဝင်းထွန်းရဲ့ သားဖြစ်သူ ဒေါက်တာ ကောင်းစံကတော့ ဖခင်အပေါ် ဒီနေ့ စွဲချက်တင်လိုက်တာနဲ့ ပက်သက်လို့ အခုလို ပြောပါတယ်။

"ကျနော်အမှန်တရားပေါ်ပေါက်စေချင်တယ်။ ဘယ်သူ့အတွက်မဆို အမှန်တရားပေါ်ပေါက်စေချင်တယ်။ ကျနော့်အဖေအတွက်ရော ကျန်တဲ့လူတွေအတွက်ရော ဘယ်သူ့အတွက်ကို မဆို တကယ့်အမှန်တရားအစစ် ပေါ်ပေါက်စေချင်တယ်။"

၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အသတ်ခံခဲ့ရတဲ့ ရှေ့နေ ဦးကိုနီ ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် NLD ပါတီအတွက် ဥပဒေရေးရာတွေမှာ အဓိက အကြံပေးနေသူတဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိမယ်လို့ အများစုက ထင်မြင် ယူဆထားကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လုံခြုံရေး အာဏာပိုင်တွေကတော့ အမှုနဲ့ ပတ်သက်လို့ ကနဦး တွေ့ရှိချက်တွေအရ သတ်ဖြတ်မှုဟာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် ဖြစ်နိုင်တဲ့ သဘောမျိုး ပြောဆိုထားပါတယ်။ ဒီအမှုအတွက် ကြားနာ စစ်ဆေးမှုတွေကိုတော့ လာမယ့်သီတင်းပတ် သောကြာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG