သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးမြင့်ဆွေ ၅၉ (စ) နဲ့ ငြိမငြိ


ဒုတိယသမ္မတအဖြစ် တင်မြှောက်ခံထားရတဲ့ ဦးမြင့်ဆွေ
ဒုတိယသမ္မတအဖြစ် တင်မြှောက်ခံထားရတဲ့ ဦးမြင့်ဆွေ

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ် ထားတဲ့အပေါ် ဝေဖန်ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ သူ့မိသားစုဝင်တချို့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကလည်း ထွက်နေတာပါ။ လက်ရှိမှာ ရွေးချယ်ထားပြီးသား ဒုတိယသမ္မတသုံးဦးကို သမ္မတ အရည်အချင်း စိစစ်ရေး ကော်မတီက စိစစ်နေပြီး ဒီကနေ့ တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒီအခြေအနေကို သိလာရဖွယ်ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေဟာ တပ်မမှူး၊ တိုင်းမှူးနဲ့ တပ်မတော် လုံခြုံရေးရာကောင်စီဥက္ကဋ္ဌ တာဝန်တွေအပြင် တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ရဲ့ အဆင့်မြင့်တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာဖြစ်ခဲ့တဲ့ သံဃာ တော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်နှိမ်နင်းတာမှာလည်း အဓိက တာဝန်ရှိသူတဦးအဖြစ် သတ်မှတ်ခံထားရ သူပါ။ ဒီအတောအတွင်းမှာပဲ ဦးမြင့်ဆွေရဲ့ မိသားစုဝင်တချို့ဟာ ပြည်ပနိုင်ငံသားတွေအဖြစ် ခံယူထားတယ်လို့ သတင်းတွေ ထွက်ဖူးတာကြောင့် အခုချိန်မှာရော မြန်မာနိုင်ငံသား ပြန်ဖြစ်နေကြပြီလားဆိုတဲ့ မေးခွန်းတွေကလည်း ထွက်နေတာပါ။

ဒုတိယသမ္မတသုံးဦးကို စိစစ်နေတာနဲ့ပတ်သက်ပြီး စိစစ်ရေးအဖွဲ့ဝင်တဦးဖြစ်သူ ဦးဗမျိုးသိန်းက အသေးစိတ်မပြောပေမဲ့ ပြည်သူ တွေအတွက် အကောင်းဆုံး စစ်ဆေးနေတာကြောင့် အဖြေမှန်ထွက်လာမယ်လို့ ပြောပါတယ်။ တကယ်လို့ မိသားစုဝင်တွေထဲမှာ မြန်မာနိုင်ငံသားမဟုတ်သူတဦးဦး ရှိနေတယ်ဆိုတာကို စိစစ်တွေ့ရှိရင် ပြန်ပြီး ရွေးချယ်ရမယ့် လုပ်ငန်းစဉ်ပိုင်းကိုတော့ ဦးဗမျိုးသိန်းက အခုလိုရှင်းပြပါတယ်။

“အခု လူကြီးတွေလည်းအကုန်လုံး လက်တံခြေတံရှည်ကြပါတယ်။ သူတို့ကိုလည်း ဝိုင်းပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေ ပို့ပေးပါတယ်။ အဲလောက်တော့ရှိတယ်။ လူကြီးတွေလည်း သိတယ်။ အများကြီးတော့ အချက်အလက်တွေလည်း ပံ့ပိုးပေးပါတယ်။ လုပ်ထုံးလုပ်နည်းလည်းရှိပြီးသားပေါ့။ သဘောကတော့ မကိုက်ညီဘူးဆိုရင် မနက်ဖြန်ကြေညာတဲ့အထဲမှာပါမယ်။ တကယ်လို့ လုပ်ဖို့လိုရင် လွှတ်တော်ကို ပြန်ချပေးရတာပေါ့။ ပြီးတော့ လမ်းကြောင်းအဆင့်ဆင့်ကို ပြန်သွား ၊ ကျမ်းကြိန် အဲလိုပဲ ပြန်လုပ်ရမှာပေါ့လေ။”

တခါ ဦးမြင့်ဆွေဟာ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် အရေးယူထားတဲ့ လက်ရှိစာရင်းထဲမှာ ပါနေဆဲဖြစ်ပါတယ်။ ရန်ကုန် မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းတာမှာ တာဝန်ရှိသူတဦးအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ် ပြီးတော့ ဒဏ်ခတ် အရေးယူတဲ့စာရင်းထဲ ထည့်ထားတာပါ။

ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စုဘက်ကတော့ သူ့ကို အရေးယူထားတဲ့ စာရင်းကနေ ပယ်ဖျက်ဖို့ဆိုရင် စာရင်းထဲ ထည့်ထား ရတဲ့အကြောင်းရင်းဖြစ်တဲ့ သူလုပ်ခဲ့ဖူးတာမျိုး ဆက်ပြီး မလုပ်တော့ဘူးဆိုတာ အခိုင်အမာ သက်သေပြဖို့လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ကြာသပတေးနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောထားပါတယ်။

ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လက်ရင်းတပည့်တဦးဖြစ်ပြီး သဘောထား တင်းမာသူ၊ လုပ်ပိုင်ခွင့်တွေကို ကိုယ်ကျိုးအတွက် အသုံးချသူအဖြစ် ဝေဖန်တာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို ရှိထားပါတယ်။ အခု သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အရင်ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး အနားယူသွားချိန်တုန်းကလည်း ဦးမြင့်ဆွေကို အစားထိုးရွေးချယ်မယ့်သတင်း ထွက်ခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းကတည်းက သူ့ရဲ့မိသားစုဝင်တွေထဲမှာ ပြည်ပနိုင်ငံသားဖြစ်နေသူတွေ ရှိတယ်ဆိုပြီးတော့ ဒုတိယသမ္မတမဖြစ်ခဲ့ ဘဲ သူ့အစား အခုလက်ရှိ ဒုတိယသမ္မတဖြစ်နေတဲ့ ဦးဉာဏ်ထွန်းကို တပ်ဘက်က ရွေးချယ်ခဲ့တာပါ။ အခုတကြိမ်မှာလည်း ဒီ နိုင်ငံ သားဖြစ်မှုကိစ္စ မေးခွန်းတွေ ပြန်ထွက်လာနေတာကြောင့် ဒါနဲ့ပတ်သက်ပြီး မေးမြန်းအတည်ပြုနိုင်ဖို့ ဦးမြင့်ဆွေကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းလက်ခံဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

သူ့ရဲ့မိသားစုဝင်တချို့ဟာ အခုချိန်ထိ ပြည်ပနိုင်ငံသား ဆက်ဖြစ်နေသေးသလားဆိုတာကို သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ အနေနဲ့ အလွယ်တကူမေးမြန်းနိုင်ပြီး အဲဒီကနေတဆင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအနေအထားတွေကိုတော့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးတင်မောင်သန်းက အခုလိုသုံးသပ်ပြပါတယ်။

“စိစစ်ရေးကော်မတီက သြစတေးလျနိုင်ငံသံရုံးကို မေးခဲ့တယ်ဆိုရင် ဒီစစ်တာက သတင်းတွေမှာ ဖော်ပြထားတဲ့အတိုင်း မှန်တယ်ဆိုရင်တော့ ဦးမြင့်ဆွေ ရဲ့ အမည်စာရင်းတင်သွင်းမှုက ဒုတိယအကြိမ် ပြန်လည်ရုတ်သိမ်းသွားရလိမ့်မယ်။ ဆိုတော့ အဲလို ရုတ်သိမ်းသွားလို့ရှိရင်လည်းတပ်မတော်က သူတို့ သည် ၅၉(စ)ကို လေးလေးနက်နက်အခိုင်အမာ ကိုင်စွဲထားတာဖြစ်ပါတယ် ဆိုတာကို ပြသသွားတာလည်း ဖြစ်သွားနိုင်တယ်။ ဆိုတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့ ဦးမြင့်ဆွေ ဒုသမ္မတအနေနဲ့ အပယ်မခံရဘူး ဖြစ်သွားတယ်ဆိုရင်လည်း ၅၉(စ) နဲ့ ပတ်သက်ပြီး ပြပြီးသားဖြစ်တယ်။ ဒါကတော့ နိုင်ငံရေးအရ တပြည်လုံးကို သတင်းပေးလိုက်တယ်လို့ သုံးသပ်လို့ရမယ်လို့ ထင်တယ်။”

ဒီကနေ့လုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ ဒီကိစ္စ အဖြေ ထွက်လာဖွယ် ရှိနေပါတယ်။ တကယ်လို့သာ အခုရွေးထားတဲ့ ဒုတိယသမ္မတသုံးဦးထဲမှာ တဦးဦးဟာ သတ်မှတ်ထားတဲ့ သမ္မတအရည်အချင်းတွေထဲက တချက်ချက်နဲ့ ငြိစွန်း နေတယ်ဆိုရင်တော့ အဲဒီသက်ဆိုင်ရာအစုအဖွဲ့က ဒုတိယသမ္မတကို ပြန်ပြီး ရွေးချယ်ရမှာပါ။ သုံးဦးစလုံးဟာ သတ်မှတ်အရည် အချင်းတွေနဲ့ အပြည့်အဝကိုက်ညီတယ်ဆိုရင်တော့ မတ်လ ၁၅ ရက်၊ အင်္ဂါနေ့ ကျရင် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီး သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG