သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဆန့်ကျင်သူ ဦးအုံးသန်းကို ထောင်ပြောင်း


ရွေးကောက်ပွဲဆန့်ကျင်သူ ဦးအုံးသန်းကို ထောင်ပြောင်း
ရွေးကောက်ပွဲဆန့်ကျင်သူ ဦးအုံးသန်းကို ထောင်ပြောင်း

ရန်ကုန်မြို့မှာ တကိုယ်တော် ဆန္ဒပြတာကြောင့် ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ်တသက် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးအုံးသန်းကို ဒီကနေ့ ပူတာအိုထောင်ကို ပို့ဆောင်လိုက်တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။ ဦးအုံးသန်းကို အခုလို မိသားစုနဲ့ ဝေးလံတဲ့ ပူတာအိုထောင်ကို ပို့ဆောင်လိုက်တာကတော့ သူဟာ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကြောင်း ထောင်တွင်းမှာ ကြေညာချက် ထုတ်ပြန်တာကြောင့်ဖြစ်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးအုံးသန်းဟာ ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂရုံး၊ အမေရိကန်သံရုံးနဲ့ လူစည်ကားရာနေရာတွေမှာ ကုန်ဈေးနှုန်းကျဆင်းရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပြည်သူ့အစိုးရ ထူထောင်ရေးဆိုတဲ့ အချက်တွေတောင်းဆိုပြီး တကိုယ်တော် ဆန္ဒပြခဲ့တာကြောင့် ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ်တသက် ကျခံနေရသူ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဦးအုံးသန်းကို မိသားစုနဲ့ဝေးလံတဲ့ ကချင်ပြည်နယ်က ပူတာအိုထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သားဖြစ်သူ ကိုစိုးကိုကိုက အခုလိုပြောပါတယ်။

“ပူတာအိုကို ပြောင်းသွားတယ်။ ပူတာအိုကိုတော့ ဒီနေ့ လေယာဉ်နဲ့ ပါသွားတယ်လို့ ကြားတယ်။ ပြောင်းတာကတော့ ၁၇ ရက်နေ့လောက်ကပေါ့။ ကလေးကနေ မန္တလေး၊ မန္တလေးကနေ မြစ်ကြီးနား၊ အခု မြစ်ကြီးနားကနေမှ ပူတာအိုကို ထပ်ပြောင်းတာပေါ့နော်။”

ပူတာအိုထောင်ကို ပြောင်းရွှေ့လိုက်တာကို မြစ်ကြီးနားက မိတ်ဆွေတွေဆီကနေ တဆင့်သိရတာဖြစ်ပြီး ထောင်အာဏာပိုင်တွေကတော့ တစုံတရာ အကြောင်းကြားတာ မရှိဘူးလို့ ပြောပါတယ်။ ဒီလိုပြောင်းရွှေ့တာဟာ ဦးအုံးသန်းဟာ ထောင်အတွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်တာကြောင့် ဖြစ်တယ်လို့ သိရကြောင်း သားဖြစ်သူက အခုလို ဆက်ပြောပါတယ်။

“ဘာလို့ ပြောင်းလဲဆိုတော့ ဒီရွေးကောက်ပွဲရလဒ်ကို အဖေက အထဲမှာ ဆန့်ကျင်ပြီးတော့ ကြေညာချက်တစောင် ထုတ်တယ်လို့တော့ ပြောတာပဲ။ အဲဒါကြောင့်မို့ ပြောင်းတယ်လို့တော့ ကြားတာပဲ။”

ဦးအုံးသန်းဟာ အရင်က သစ်ထုတ်လုပ်ရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်လာပြီးတဲ့နောက် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသူဖြစ်ပါတယ်။

အသက် ၆၄ နှစ်အရွယ်ရှိတဲ့ ဦးအုံးသန်းဟာ အရင်က ဆီးလမ်းကြောင်း ကျောက်တည်တဲ့ရောဂါနဲ့ သွေးတိုးရောဂါတွေ ခံစားရတာတွေ ရှိပေမဲ့ အခုအခါမှာတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရကြောင်းနဲ့ ပူတာအိုထောင်ကို ပြောင်းရွှေ့လိုက်တာကြောင့် မိသားစုအနေနဲ့ ထောင်ဝင်စာတွေ့ဖို့ ပိုမိုခက်ခဲသွားမှာဖြစ်ကြောင်း သားဖြစ်သူက ပြောပါတယ်။

မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ကတော့ ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်တို့၊ ဦးခွန်ထွန်းဦးတို့က စတင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အခုလို ဝေးလှံတဲ့ထောင်တွေဆီ ပို့ဆောင်နေတာ ဖြစ်တယ်၊ ဒါဟာ အစိုးရက အကျဉ်းထောင်လက်စွဲ ဥပဒေကို ချိုးဖောက်ပြီး ရည်ရွယ်ချက်ရှိရှိ ကျုးလွန်နေတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒါကတော့ နိုင်ငံတော်က စနစ်တကျ ကျုးလွန်နေတဲ့ အမှုလို့ ပြောလို့ရပါတယ်။ ဗိုလ်ချုပ်ဆေထင်တို့ ဦးခွန်ထွန်းဦးတို့၊ အဲဒီကစပြီးတော့ မိသားစုတွေနဲ့ ဝေးနေတဲ့ထောင်တွေကို ပြောင်းတယ်။ နောက်ပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ထောင်ထဲရောက်တော့လည်း ကော့သောင်တို့၊ ဘူးသီးတောင်တို့၊ မိုင်းဆတ်တို့၊ ပူတာအို၊ မြစ်ကြီးနား အဲလိုမျိုးတွေ မိသားစုနဲ့ အဝေးဆုံးမှာ ရှိတဲ့နေရာတွေကို လိုက်ပြောင်းနေတယ်။ တကယ်တော့ အကျဉ်းထောင် လက်စွဲဥပဒေမှာက အကျဉ်းသားတယောက်ကို မိသားစုနဲ့အနီးဆုံးထောင်မှာ ထားရမယ်ဆိုတဲ့ ဖော်ပြချက်ရှိပါတယ်။ ဒါကို သူတို့ကိုယ်တိုင် ချိုးဖောက်ပြီးတော့ အဝေးဆုံးထောင်ကို ရည်ရွယ်ချက်ရှိရှိ ပို့တဲ့ကိစ္စ။ ဒါက နိုင်ငံရေး အကျဥ်းသားတယောက်ကို အဲလို ပို့လိုက်ခြင်းအားဖြင့် ဒီအကျဉ်းသားတင်ပါမကဘဲ မိသားစုတွေပါ ဒုက္ခတွေရောက်တယ်။ ငွေရေးကြေးရေးအရ ဒုက္ခရောက်တယ်။ လူပင်ပန်းတယ်။ အချိန်ကုန်တယ်ဆိုတဲ့ ကိစ္စမျိုးတွေက တောက်လျောက်လိုက်ပါလာတဲ့ ကိစ္စပါ။ အဲဒါက တော်တော်ဆိုးတဲ့ ညှင်းပမ်းနှိပ်စက်မှုလို့ ပြောလို့ရပါတယ်။”

ဒီကနေ့မှာလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုကာလမှာ ဖမ်းဆီးပြီး မိသားစုနဲ့ဝေးတဲ့ ဖျာပုံအကျဉ်းထောင်မှ အကျဉ်းကျခံနေရတဲ့ မန္တလေးက ဦးရွှေမောင်ကို မျက်စေ့ဝေဒနာကြောင့် ဆေးကုသခဲ့ရတယ်လို့ သိရပါတယ်။

XS
SM
MD
LG