သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သတင်းစာဆရာ Fenster အမှု ဇူလိုင် ၁၅ မှာ ထပ်ချိန်း


Danny Fenster, managing editor for Frontier Myanmar, is pictured in this undated handout obtained May 25, 2021.
Danny Fenster, managing editor for Frontier Myanmar, is pictured in this undated handout obtained May 25, 2021.


မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ အမေရိကန် သတင်းထောက် Daniel Fenster ရဲ့ အမှုကို မနေ့က အင်းစိန်အကျဉ်းထောင် အထူးတရားရုံးမှာ ကြားနာစစ်ဆေးပြီး၊ တရားရုံးမှာ အမေရိကန် သံရုံး ကောင်စစ်ဝန်ရုံး အရာရှိ နှစ်ဦးကို တက်ရောက်ခဲ့ပါတယ်။ Daniel Fenster ဟာ ကိုယ်အလေးချိန် လျော့ကျသွားပေမယ့် ၊ နကောင်း ကျန်းမာနေတယ်လို့ ကြာသပတေးနေ့က တရားခွင်မှာ သူ့ကို တွေ့ဆုံခဲ့တဲ့ သူ့ရှေ့နေက ပြောပါတယ်။ သူ့ရဲ့ အကို Bryan Fenster နဲ့လည်း ဒီသတင်းပတ်အတွင်း တယ်လီဖုံးက ဆက်သွယ် စကားပြောခွင့်ရခဲ့ပါတယ်။

နောက်ဆုံး သူ့အသံကို ကြားလိုက်ရမှ ကျနော်တို့လည်း သက်ပျင်းချနိုင်တော့သလို စိတ်နည်းနည်း သက်သာရရခဲ့ပါတယ်။ သူပြောပုံဆိုပုံ ကြည့်ရတာ ကောင်းပါတယ်။ ကျနော်တို့ နှစ်ယောက် ဟာသတွေတောင် အရွန်းဖေါက်ခဲ့ကြသေးတယ်။ သူက ရီစရာသိပ်ပြောတတ်တဲ့ သူလို့ အကိုဖြစ်သူ Bryan Fenster က ပြောသွားတာပါ။ ဒီလို အခြေအနေမှာ တည်တည်ငြိမ်ငြိမ် ဇဝနညာဏ်ရွှင်ရွှင်နဲ့ ရှိနေနိုင်တာကို ကျနော်တို့ ဝမ်းသာပါတယ်လို့လည်း Bryan Fenster က ပြောပါတယ်။

အသက် (၃၇) နှစ်အရွယ် Fenster ဟာ ဟာ မေလ ၂၄ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို ပြန်လာဖို့ မလေးရှားနိုင်ငံကို အသွား ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို တခြား အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားသူတွေအပေါ် စွဲဆိုနေတဲ့ ၅၀၅ (က) နဲ့ ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး တရားစွဲဆိုထားတာပါ။ သူ့အမှုကို ဇူလိုင်လ ၁၅ ရက်နေ့ကို ရက်ချိန်းရွှေ့ဆိုင်းလိုက်တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။ သူ့အတွက် ဆေးဝါးနဲ့ စားစရာတချို့ ပေးဖို့ သူ့အမျိုးသမီးကို Danny Fenster က တရားခွင်မှာ မှာကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဂျွန်လ ၁၇ ရက်နေ့ကလည်း အင်းစိန်ထောင် အထူးတရားရုံးမှာ Daniel Fenster ကို ပထမအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ပထမတကြိမ်တုန်းကတော့ အမေရိကန်သံရုံး အရာရှိတွေနဲ့ တွေ့ခွင့်မပေးခဲ့ပါဘူး။ သူ့ကို ချက်ခြင်းလွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကို တောင်းဆိုထားပါတယ်။ Deniel Fenster လို အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နောက်ထပ် အမေရိကန်နိုင်ငံသား ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်ကိုတော့ မကြာခင် ရက်ပိုင်းအတွင်းကပဲ အမှုကို ရုတ်သိမ်းပြီး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

-----------------------

တိုက်ရိုက် လင့်ခ်







XS
SM
MD
LG