သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းစုစီနဲ့ တခြားဖိနှိပ်ဥပဒေတွေ ပယ်ဖျက်ဖို့ ကော်မရှင်အကြံပြု


သူရဦးရွှေမန်း- ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ
သူရဦးရွှေမန်း- ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ပယ်ဖျက်၊ ရုပ်သိမ်းသင့်တဲ့ ဥပဒေတွေကို မြန်မြန်ဆန်ဆန် ပြင်ဆင်ပြဌာန်းနိုင်ဖို့ သူရဦးရွှေမန်း ဦးဆောင် တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာကော်မရှင်က ပြည်ထောင်စု လွှတ်တော်ကို မနေ့ ကြာသာပတေးနေ့က တင်ပြလိုက်ပါပြီ။

အဲဒီဥပဒေတွေထဲမှာ နိုင်ငံရေးအရဖိနှိပ်တဲ့ဥပဒေတွေကို ပယ်ဖျက်ဖို့အပါ အဝင် တောင်သူလယ်သမား၊ အလုပ်သမားအခြေခံလူတန်းစားတွေအတွက် အကျိုးခံစားခွင့်ရှိမယ့် ဥပဒေတွေ ပြင်ဆင်ပြဌာန်းနိုင်ဖို့ အချက်တွေပါဝင်နေတဲ့ အတွက် ကြိုဆိုကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်ကလည်းပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်လက်တင်ပြမှာပါ။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဌသူရဦးရွှေမန်း လွှတ်တော်ကိုတင်ပြထားတဲ့ ပယ်ဖျက်၊ ရုပ်သိမ်း၊ ပြင်ဆင်သင့်တဲ့ ဥပဒေ (၁၄၂)ခုမှာ ငြိမ်းစုစည်း ပုဒ်မ (၁၈) လိုမျိုး ဖိနှိပ်တဲ့ ဥပဒေ ဖျက်သိမ်းဖို့အပါအဝင် တောင်သူလယ်သမားနဲ့ အလုပ်သမားတွေ အတွက် အကျိုးခံစားခွင့်ရှိမယ့် ဥပဒေတွေပါဝင်နေတဲ့အတွက် ကြိုဆိုကြောင်း ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“တင်ပြတဲ့အထဲမှာ ဘယ်ဥပဒေတွေပါတယ်ဆိုတာ ကျနော်တို့အားလုံး အသေးစိတ် မသိရသေးဘူး။ အဲတော့ အဓိကအားဖြင့် ကျနော်တို့ အကြမ်းဖျင်းသိ နေရတာက ငြိမ်းစုစီနဲ့ပတ်သက်တဲ့ ပုဒ်မ (၁၈) ပယ်ဖျက်ပေး ဖို့ကိစ္စ ကျနော်တို့သိရတယ်။ နောက်ပြီး မတရားအသင်းနဲ့ဆက်သွယ်တဲ့ပုဒ်မ (၁၇/၁/၂) စတဲ့ ဥပဒေတွေပယ်ဖျက်ဖို့သိရတယ်။ အခွန်ကောက်ခံခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့လိုတဲ့ကိစ္စရပ်တွေ တင်ပြမယ်လို့ ကျနော်တို့ကြား သိရတယ်။ မြေလွတ်၊ မြေရိုင်း တောင်သူလယ်သမားတွေ အ ကျိုးစီးပွားကာကွယ်ရေးဥပဒေ စတဲ့အခြေခံကျတဲ့ ပြည်သူလူ ထုတွေရဲ့စား ဝတ်နေရေး အဓိကအထောက်အကူပေးနိုင်တဲ့ ဥပဒေတွေကို စပြီးပြင်နိုင်ဖို့ ကြိုးစား လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

သူရဦးရွှေမန်းအနေနဲ့ ဥပဒေတွေအမြန်ဆုံး ပြင်ဆင်ရေးအတွက် ဘာကြောင့် အကြံပြုတင်ပြနိုင်သလဲဆိုတာကိုတော့ ဦးမင်းလွင်ဦးကအခုလိုသုံးသပ်ပါတယ်။

“ဒီဥပဒေရဲ့အားနည်းချက်တွေ ဘာတွေရှိနေတယ်ဆိုတာကို အရင်အစိုးရ လက်ထက်ကတည်းက သူကိုယ်တိုင်သိပြီးသာဖြစ်ပါတယ်။ အဲတော့ အရင်အစိုးရ လက်ထက်မှာ ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များလေ့လာ ဆန်းစစ်ရေးကော်မတီ က ပြုစုလာတဲ့ဥပဒေတွေကို သူကိုယ်တိုင်ပဲ အတည်ပြုပေးခဲ့ တာဖြစ်ပါတယ်။ ဥပမာ- အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဆိုပြီးတော့ အရင်အစိုးရလက်ထက် မှာ ပြဌာန်းတယ်။ ပြဌာန်း တဲ့အခါမှာ အဂတိလိုက်စားမှု ဆိုတဲ့ အဓိပ္ပါယ်ပါမလာဘူး။ အဲဒီလိုမျိုးဖြစ်ရပ်တွေလည်း ကျနော်တို့တွေ့ရတယ်။ အဲတော့ သမ္မတနဲ့ ပြည်သူ့လွှတ်တော်ကြားမှာ အခက်အခဲမျိုးစုံတွေတွေ့ပြီး နည်း ဥပဒေတွေ မပြဌာန်းနိုင်တာ တော်တော်များများရှိတယ်ဆိုတာ သူကိုယ်တိုင်လည်း သိပါတယ်။ အဲတော့ ဒီအစိုးရသစ်လက်ထက်မှာ အရင်အစိုးရနဲ့ မတူပဲ မူဝါဒတွေပြောင်းလာ တယ်။ အကြံအစည်သစ်တွေပေါ်ပေါက်လာတဲ့အခါမှာ အလုပ်မဖြစ်တဲ့ဥပဒေတွေ၊ ဘယ်ဥစ္စာတွေပြင်ရမလဲဆိုတာ သူကပိုသိပြီးသာဖြစ်တဲ့ အတွက် အခုလိုမျိုးလျှင်လျှင်မြန်မြန် ပြုစုနိုင်တယ်လို့လည်း ကျနော်ထင်တယ်။”

လွှတ်တော်ကို ငါးနှစ်ကြာဦးဆောင်ခဲ့သူဖြစ်တဲ့ သူရဦးရွှေမန်းဟာ သူရဲ့အတွေ့အကြုံအပေါ်မှာ အခုလို အစိုးရသစ်နဲ့လွှတ်တော်ကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းချက်ဖြစ်တယ်လို့ မြင်ကြောင်း NLD ဗဟိုသုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကဆိုပါတယ်။

“သူရဦးရွှေမန်းက အရင်တုန်းကပြည်ထောင်စုလွှတ်တော်နာယက၊ ပြီးတော့ လွှတ်တော်နှစ်ရပ်မှာ အာဏာရှိတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဌဖြစ် တယ်။ တောက်လျှောက်ငါးနှစ်ပတ်လုံး လွှတ်တော်ကိုသူဦးဆောင်ခဲ့တာပါ။ ဦးဆောင်ခဲ့တော့ ဒီထဲမှာသူလုပ်ချင်ခဲ့တာတွေ၊ မဖြစ်ခဲ့တာတွေ ဒါတွေရှိလိမ့်မယ်။ အခုချိန်မှာ သူအားလုံးပြန်သုံးသပ်ပြီး ဒါတွေတော့မဖြစ်ခဲ့ဘူး၊ ဒါတွေတော့ဖြစ်သင့်တယ်ဆိုတာ သူအသိဆုံးပဲ။”

ဒါအပြင် အခု NLD အစိုးရသစ်လက်ထက်မှာ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဟာ ပိုပြီးကောင်းမွန်လာမယ်လို့ မြင်ကြောင်း ကိုမျိုးရန်နောင်သိမ်းကပြောပါတယ်။

သူရဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာကော်မရှင်ရဲ့ အကြံပြုချက်တွေထဲ မှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ စီမံကိန်းဥပဒေတွေ၊ အခွန်အကောက်ဥပဒေတွေ၊ တင်ဒါခေါ်ယူခြင်း ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေတွေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ စတာတွေပါဝင်ပါတယ်။ ဒါအပြင် လွှတ်တော်အနေနဲ့ စိစစ်သုံးသပ်ပြီး NLD အစိုးရသစ်နဲ့ ဆွေးနွေး ညှိုနှိုင်းဖို့ ဖြစ်တယ်လို့လည်း အကြံပြုချက်မှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG