သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတတာဝန်ယူဖို့ ဆန္ဒရှိ


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် ဗွီအိုအေအယ်ဒီတာ ဦးသိန်းထိုက်ဦး။ (ဂျွန် ၉၊ ၂၀၁၃။) ဓာတ်ပုံ/ ဗွီအိုအေ (မြန်မာပိုင်း)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် ဗွီအိုအေအယ်ဒီတာ ဦးသိန်းထိုက်ဦး။ (ဂျွန် ၉၊ ၂၀၁၃။) ဓာတ်ပုံ/ ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ်နဲ့ ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လွှတ်တော်ရေးရာ ကိစ္စရပ်တွေကို လေ့လာဖို့ ခရီးစဉ်တစိတ်တပိုင်းအဖြစ်နဲ့ ရောက်ရှိလာတဲ့ ခရီးစဉ်အတွင်း ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဦးရွှေမန်း ကအခုလို ပြောလိုက်တာပါ။ ၂၀၁၅ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ သမ္မတအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်ကတော့ လက်ရှိ အခြေခံဥပဒေအရ ကန့်သတ်ခံထားရတာပါ။ ဒါပေမဲ့လည်း အများသဘောတူ လက်ခံတယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်အလက်တွေကို သူ့အနေနဲ့ ကန့်ကွက်မှ မဟုတ်တဲ့အကြောင်းလည်း ဦးရွှေမန်း ကပြောပါတယ်။ သီတင်း ၂ ပတ်နီးပါးကြာ အမေရိကန် ခရီးစဉ်အတွင်းမှာတော့ လွှတ်တော်ရေးရာ တာဝန်ရှိသူတွေနဲ့အတူ ဦးရွှေမန်းဟာ အမေရိကန် လွှတ်တော်တွင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး မြန်မာနိုင်ငံက လွှတ်တော်ရဲ့ အရည်အသွေး မြင့်မားအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖို့ ရည်ရွယ်ထားတာပါ။ လတ်တလောခရီးစဉ် အစနေ့အဖြစ် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ဝါရှင်တန် မြန်မာသံရုံးမှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG