သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံး နောက်ထပ် အရာရှိတဦး အမေရိကားမှာ ခိုလှုံ


ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက နောက်ထပ် မြန်မာသံတမန်တဦးဟာ အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ဝါရှင်တန်ဒီစီ သံရုံးက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခဲ့တာနဲ့ ဆက်စပ်ပြီး မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်ကို ၂၄ နာရီအတွင်း နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်ခဲ့တာကြောင့် ဦးစိုးအောင်က မပြန်ဖို့ ဆုံးဖြတ်ပြီး နိုင်ငံရေးခိုလှုံမှု ရယူခဲ့တာလို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ဒုတိယ တာဝန်ခံ သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခဲ့ပြီး တပတ်အကြာမှာပဲ နောက်ထပ် မြန်မာသံအရာရှိတဦး ထပ်ပြီး အမေရိကန်မှာ ခိုလှုံခွင့် တောင်းခံလိုက်တာပါ။ အခုလို ခိုလှုံခွင့် တောင်းတဲ့ကိစ္စ အမေရိကန် နိုင်ငံခြားရေးဌာနကို ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ အကြောင်းကြားလိုက်တယ်လို့ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်က ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံသွားတာနဲ့ ပတ်သက်လို့ စုံစမ်းဖို့အတွက် နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်လိုက်တာကြောင့် သူ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။ မကြာခင်ကမှ အမေရိကန်က ပြန်သွားတဲ့ မြန်မာသံရုံး အမှုထမ်း ၂ ဦးလည်း နေပြည်တော်မှာ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ဦးစိုးအောင်ကိုတော့ ၂၄ နာရီအတွင်း စစ်တပ်က အရာရှိတဦးနဲ့အတူ နေပြည်တော်ကို ပြန်ရမယ်ဆိုပြီး ဇူလိုင် ၁၂ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့တဲ့အပြင် သူ့ရဲ့ သံတမန် နိုင်ငံကူး လက်မှတ်တွေကိုလည်း သံရုံးက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အပြစ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဦးစိုးအောင်က ယူဆပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ် အတွင်းက အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ယူခဲ့တဲ့ မြန်မာသံရုံး ဒုတိယ တာဝန်ခံဟောင်း ဦးကျော်ဝင်းကတော့ သူ့ကိစ္စကို စုံစမ်းဖို့ ပိုပြီး တာဝန်ရှိတဲ့ စစ်ဘက်ကလာတဲ့ အရာရှိတွေအစား အခုလို အရပ်ဘက် အရာရှိတွေကို ပစ်မှတ်ထားတဲ့အပေါ် ဝေဖန်ပါတယ်။ မြန်မာအစိုးရဌာန အကြားမှာ အရပ်ဘက်နဲ့ စစ်ဘက်ကလာသူတွေ အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့ကိစ္စ မကျေနပ်မှုတွေ ပိုတိုးလာတယ်လို့ သူက ပြောပါတယ်။

“ကျနော် သိရသလောက် သူ့ကို ၂၄ နာရီအတွင်း ပြန်ခိုင်းတယ်ဆိုတာ ဒါ အပြစ်ရှိတဲ့သူတွေကို ပြန်ခိုင်းတဲ့ဟာမျိုးလေ။ နောက်ပြီးတော့ ဘာကို ပုံပေါ်လဲဆိုတော့ ဝန်ထမ်းချင်း အတူတူ အရပ်သား ဝန်ထမ်းကို မယုံဘူး၊ တပ်ကလာတဲ့ ဝန်ထမ်းကိုမှ ယုံတယ်ဆိုတာ ဒါ အဆင်မပြေဘူးလေ။”

ဦးကျော်ဝင်း ပြောသွားတဲ့ အထဲမှာ သံရုံးဝန်ထမ်းတွေ အနေနဲ့ စစ်ဘက်ကလာတဲ့ လူတွေနဲ့ အရပ်ဘက်ကလာတဲ့လူတွေ ခွဲခြား ဆက်ဆံတယ်ဆိုတာ ဘယ်လိုမျိုးလဲခင်ဗျ။

“ဆိုကြပါစို့၊ အခုလို ကျနော်လည်း ဒီဘက်မှာ နိုင်ငံရေး ခိုလှုံခွင့်ရှိလို့ ကျန်တဲ့လူကို စစ်ဆေးတယ် ဘာညာဆိုတာ ကိုစိုးအောင်က ကျနော်တို့လိုပဲ အရပ်သားပဲလေ။ သူ့ကျတော့ ဒီလိုပဲ ကြီးကြီးကျယ်ကျယ်နဲ့ ချက်ချင်းပြန်လာ ဘာညာနဲ့၊ ကျန်တဲ့ တာဝန်ရှိတဲ့သူတွေ ရုံးမှာ မရှိကြတော့ဘူးလား။ နောက်ပြီးတော့ ရုံးတွေမှာ ဝန်ထမ်းတွေကို ခံစားခွင့်ပေးတာ၊ ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ ရာထူးတိုးတာတို့၊ Transfer ပေးတာတို့ ဒါတွေအားလုံးကို စဉ်းစားတဲ့အခါ ကွဲပြားတာ သိပ်သိသာတယ်။

“ကျနော်တို့ ဆိုလိုတာ တကယ် အရည်အချင်း ပြည့်တဲ့လူ၊ တကယ် ဦးဆောင်နိုင်တဲ့လူ၊ တကယ် နားလည်တဲ့လူဆို ကျနော်တို့က နောက်ကလိုက်ရတာ ဝန်မလေးပါဘူး။ အခုလောလောဆယ် ကျနော်တို့ဆီမှာ တပ်ကလူတွေ ရှိနေတာပဲ။ ရှိနေတဲ့ တပ်ကလူတွေနဲ့ အရပ်ဘက်ကလူတွေ ယှဉ်ကြည့်ပါ။ အောက်ခြေမှာ ဖြစ်နေတာကို သေချာကြည့်ပြီးတော့ ဝန်ထမ်းတွေကို သေချာ ပြန်ပြုပြင်ဖို့ လိုတယ်။

“ကျနော်တို့ ဝန်ထမ်းအဖွဲ့အစည်းတွေက ပွင့်ပွင့်လင်းလင်း ကျနော့်အမြင် ပြောရရင်တော့ တပ်ကလူတွေ ဝင်လို့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်း အားလုံးက ပျက်တာပဲ။ နိုင်ငံကို ပြန်တည်ဆောက်တဲ့ အခါကျတော့ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကို ပြန်ပြီးတော့ မပြုပြင်ဘဲ၊ ပြန်မတည်ဆောက်ဘဲနဲ့ ဘယ်လိုလုပ် သွားကြမလဲ။”

ဝါရှင်တန် မြန်မာသံရုံးက သံအရာရှိတွေ အနေနဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ကြပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က နိုင်ငံတကာ လိုလားတဲ့ အပြောင်းအလဲမျိုးတွေ လုပ်မလာတဲ့ အပေါ်မှာလည်း မြန်မာ သံအရာရှိတွေဘက်က စိတ်ပျက်ကြရတယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီဘက်မှာ ကိုယ်မြင်တာကို တင်ပြကြတဲ့အခါ သူတို့ဘက်က၊ ဆိုကြပါစို့ အမေရိကန်ကို ကျနော် နားလည်သလောက်က အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီက ကျနော်တို့ အပေါ်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ တည်တယ်။ ခက်တာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာ တော်တော့ကို အခြေအနေ ဆိုးတယ်။ လူကို လူသားတယောက်လို မဆက်ဆံဘူး ဆိုကတည်းက ဒါ အခြေအနေက တော်တော်ဆိုးတယ်။ နယ်တွေမှာ ကြုံနေကြတာပဲ။

“ဒါပေမဲ့လည်း ကျနော်တို့က မှန်းကြည့်ရတာ တောက်လျှောက် လုပ်လာကြတယ်ဆိုတာ ပြောင်းလာမလား၊ ပြောင်းလာမလား၊ ဒီလိုမျှော်လင့်ချက်နဲ့ တောက်လျှောက် လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပြောင်းလာတာကို မတွေ့ဘူး ဖြစ်နေတယ်။ ၈၈ ပြီးတဲ့ နောက်ပိုင်းမှာလည်း အစိုးရသစ် ဖြစ်လာပြီး နိုင်ငံတော်ကို လူကြီးတွေကလည်း အဲဒီအချိန်မှာ ပြောင်းကြမယ် ပြောတော့ တကယ်ပဲ ပြောင်းမယ် အောက်မေ့ကြတာ။ တကယ်လည်း ပြောင်းမလာပြန်ဘူး။ နောက်တခါ ၂၀၀၄ မှာ ဦးခင်ညွန့်တို့ကို ဖယ်လိုက်ပြီး နောက်ပိုင်း ပြောင်းဖို့ လုပ်ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်း ပြောင်းမလာဘူး။ အခုလည်း သေချာကြည့်၊ ပြောင်းမလာတဲ့အပြင် ပိုဆိုးလာတယ်။”

သံမှူးကြီး ဦးကျော်ဝင်း ကိုယ်တိုင်ဟာလည်း အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ပေမဲ့ တဘက်မှာ နေပြည်တော်ဘက်က သူ့အပေါ် အမြင်မကြည်လာတာကြောင့် ဒီအပေါ်မှာ စိုးရိမ်စိတ်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခွင့် တောင်းခဲ့သူ ဖြစ်ပါတယ်။

အခု ဒီနေ့ အမေရိကန်မှာ ခိုလှုံခွင့် တောင်းခဲ့တဲ့ ဦးစိုးအောင်ဟာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ၁၉၇၉ ခုနှစ် ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ရင့် အရပ်သား ဝန်ထမ်းတဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ဝါရှင်တန်မြို့တော် မြန်မာသံရုံးမှာ ပထမ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မြန်မာသံရုံး၊ ထိုင်းနိုင်ငံနဲ့ စင်ကာပူမှာရှိတဲ့ မြန်မာသံရုံးတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဦးစိုးအောင်ဟာ ဒီနှစ်ပိုင်းတွေအတွင်း သံမှူးကြီး ဦးကျော်ဝင်းနဲ့ ၂၀၀၅ ခုနှစ်က အမေရိကန်ကားမှာ ခိုလှုံခဲ့တဲ့ ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ပြီးရင် ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကနေ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တဲ့ တတိယမြောက် သံအရာရှိတဦး ဖြစ်ပါတယ်။

XS
SM
MD
LG