သုံးရလွယ်ကူစေသည့် Link များ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ


 သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် (ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၂။)
သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် (ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ဝိုင်းပြီးဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ ဝန်ကြီးဌာနတွေနဲ့၊ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေကို ဒီကနေ့ ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတက အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာ လာဘ်ပေး လာဘ်ယူမှုကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ အရေးကြီးတယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်၊ ရုပ်မြင်သံကြားပေါ်ကနေ တိုက်ရိုက် ပြောကြားခဲ့တဲ့ သမ္မတရဲ့ မိန့်ခွန်းအကြောင်းနဲ့ သမ္မတတိုက်တွန်းချက်အတိုင်း အစိုးရဝန်ထမ်းတွေ လက်တွေ့ဆောင်ရွက်နိုင်ရေးမှာ လက်တွေ့ ဘယ်လောက်ဖြစ်နိုင်သလဲဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်၊

ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ နေပြည်တော်သမ္မတရုံးကနေ သမ္မတဦးသိန်းစိန်ပြောကြားတဲ့ မိန့်ခွန်းက အဓိက အစိုးရဝန်ထမ်းတွေကို ပြောကြား ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာနဝန်ကြီးတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဝန်ကြီးချုပ်တွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေကို ပြောခဲ့တဲ့ မိန့်ခွန်းကို ရုပ်မြင်သံကြားပေါ်ကနေ တိုက်ရိုက်ပြသခဲ့တာပါ။ အဲ့ဒီမိန့်ခွန်းထဲမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ပြည်သူ့ တာဝန်ကိုထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေမှာ တာဝန်ရှိတယ်ဆိုတာကို အသားပေး ပြောကြား သွားတာကို တေ့ွရပါတယ်။

“ကျနော်တို့ အစိုးရအဖွဲ့အစည်းအနေနဲ့ရော၊ ပြည်သူများရဲ့ အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းများအားလုံး ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ရှိတဲ့၊ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအဝဝမှာ ပြည်သူလူထုအတွက် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြားတိုက်တွန်းခဲ့ပြီးလည်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ပြည်သူလူထုနဲ့ ထိတွေ့နေတဲ့ ဌာနဆိုင်ရာနဲ့ မြို့နယ်ရပ်ကွက် ကျေးရွာအဆင့်အထိ အဆင်မပြေမှုတွေ များစွာရှိနေပါသေးတယ်။”

လက်ရှိအစိုးရလုပ်ငန်းတွေမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ ရှိနေတာကိုလည်း ထောက်ပြ သွားခဲ့ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင်လုပ်တဲ့နေရာမှာ လာဘ်စားမှုတားဆီးရေးဟာ အရေးကြီးတယ်ဆိုတာကိုလဲ သမ္မတက မိန့်ခွန်းမှာ အခုလို ပြောပါတယ်။

“နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုရှိ၊ မရှိ၊ တိုင်းတာချက် စံများအရ၊ များစွာ အားနည်းနေသေးတာကို တွေ့ရပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် ဖြစ်ထွန်း တိုးတက်အောင် ဆောင်ရွက်ရမယ့် အချက်များအနက် လာဘ်ပေးလာဘ်ယူမှုတွေကို တားဆီးထိန်းသိမ်းကြပါလို့ မှာကြားလိုပါတယ်။ တားဆီးထိန်းသိမ်းရာမှာ လာဘ်ပေး၊ လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသားအကျင့်စာရိတ္တ မထိခိုက်အောင် ပြည်သူများအားလုံး ပါဝင်ထိန်းသိမ်းပေးကြပါလို့လည်း ပန်ကြားလိုပါတယ်။”

မိနစ် ၂၀ ကျော်လောက်ကြာတဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ အစိုးရဌာန အဖွဲ့အစည်းတွေရဲ့ စီမံအုပ်ချုပ်မှုစနစ် ကောင်းမွန် တိုးတက်ဖို့အတွက် ဆောင်ရွက်နေတဲ့ အကြောင်းတွေကိုလည်း ပြောသွားတာတွေ့ရပါတယ်။ ပြည်သူတွေ အလုပ်အကိုင်၊ အခွင့်အလမ်းတိုးတက်ဖို့ လူမှုစီးပွားတိုးတက်ဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ကိုလည်း ပြောသွားပါတယ်။ ပြည်သူတို့ရဲ့ စီးပွားရေးတိုးတက်အောင် အစိုးရအနေနဲ့ ဆောင်ရွက်ဖို့ ကိုလည်း သမ္မတက မိန့်ခွန်းထဲမှာ တိုက်တွန်းခဲ့သလို လက်တွေ့ဖြစ်လာဖို့အတွက်ကိုလည်း အစိုးရအုပ်ချုပ်မှု ထိရောက်ထက်မြက်မှုရှိဖို့ လိုအပ်တယ်ဆိုတာကို ပြောသွားပါတယ်၊။ ဒီမိုကရေစနစ်သစ်ကို ပြောင်းလဲနေချိန်မှာ အရင်ရှိခဲ့တဲ့ အတွေးအမြင် လုပ်နည်းကိုင်နည်းတွေအတိုင်း ဆောင်ရွက်လို့ မရတော့ဘူးဆိုတာကိုလဲ ထောက်ပြခဲ့ပါတယ်။

အခုလို သမ္မတရဲ့ ပြောကြားချက် တိုက်တွန်းချက်တွေကို ပြည်သူတယောက်အနေနဲ့ ဝမ်းသာကြိုဆိုပေမဲ့ သမ္မတရဲ့ တိုက်တွန်းချက်တွေအတိုင်း ဖြစ်လာဖို့ မမျှော်လင့်ရဲသေးဘူးလို့ ကာတွန်းဆရာအောင်ပီကျယ်က VOA မြန်မာပိုင်းကို ပြောပါတယ်။

“သမ္မတတစ်ယောက်အနေနဲ့ ဒီဟာကိုပြောတာ ကျနော်ကြိုက်ပါတယ်။ သူတို့ကအစ ဦးဆောင်ပြီးတော့၊ သို့သော် အခက်အခဲက အပေါ်ကပြောင်းပေမယ့် အောက်က မပြောင်းဘူးဆိုတာ ၊အောက်မှာလည်း သူတို့ကိုယ်တိုင် ပြောင်းဖို့ဆိုတာ ရှင်းရှင်းပြောရရင်တော့ လောဘတွေ၊ ဒေါသတွေလည်းရှိသေးတယ်။ နောက် သူတို့တွေ လိုအပ်ချက်တွေ လည်း ရှိသေးတယ်။ အခြေခံတွေလည်းလိုသေးတာကိုး။ အဲ့တာတွေလည်း ဖြည့်စည်းပေးဖို့ဆိုတော့ ပြည်သူတွေကတော့ အဲ့သလို သမ္မတပြောတာကောင်းတယ်ဆိုပေမယ့် တကယ့်တကယ်တော့ မမျော်လင့်ရဲသေးဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးက သိနေတာကိုး။ ချမ်းသာနဲ့ဆင်းရဲ ကွာဟမှုကလည်း တော်တော် ကြီးသေးတာကိုး။ အဲ့တာကို ပြည်သူတွေအနေနဲ့ ကြိုတော့ ကြိုဆိုမယ် ဒါပေမယ့် ယုံရဲမယ်တော့ ကျနော်မထင်ဘူး။”

အစိုးရဝန်ထမ်းတွေကြားမှာ လာဘ်စားမှုကင်းအောင် တကယ်လုပ်မယ် ဆိုရင် အောက်ခြေ ဝန်ထမ်းတွေက စပြောင်းရမှာ မဟုတ်ဘူးလို့ ပြည်သူတွေလက်ရှိဖြစ်နေတဲ့ ဘဝအခြေအနေကို ကာတွန်းနဲ့ ပုံဖော်နေတဲ့ ကာတွန်းအော်ပီကျယ်က မြင်ပါတယ်။

“ဖြစ်သင့်တာကတော့ ဝန်ကြီးအဆင့်လယ်ဗယ်ကနေကို တာဝန်ယူတတ်တဲ့အကျင့်၊ အခုဟာက အောက်ကိုချည်းပဲ လှမ်းလှမ်းပြောနေတာ၊ တကယ့်တကယ်က ဝန်ထမ်းတွေ လာဘ်စားမှုဆိုရင် အထက်ကို အဆင့်ဆင့်ပေးရတာပဲ၊ အထက်ကိုပေးရလို့လည်း ဝန်ကြီးတွေက မထင်မှတ်လောက်သော ချမ်းသာမှုတွေ၊ ကြွယ်ဝမှုတွေ ရှိလာတာပါ။ အဲ့တော့ ကျနော်က အောက်ခြေကနေ စပြောင်းမယ့်အစား၊ အပေါ်ကနေ စံပြအရေးယူမှုတွေဘာတွေ၊ လုပ်ရင်တော့ အောက်ခြေဝန်ထမ်းကိုယ်တိုင်ကိုက လိုလိုချင်ချင် ပြောင်းလာမှာပါ။ အခုကတော့ အောက်ခြေက တာဝန်မကျေသူ လာဘ်စားသူနည်းနည်းလောက်က ခံရပြီး အပေါ်ကသူကတော့ ပန်းပန်လျက်ပဲ၊ ဖြစ်နေရင်တော့ အဲ့တာဆိုရင် ဝန်ထမ်းတွေဘဝ အခြေခံကျကျပြောင်းလဲချင်စိတ် ပေါ်မှာမဟုတ်ဘူး။”

သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ တိုက်တွန်းသွားသလို ပြည်သူ့ဘဏ္ဍာ လစာရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေအနေနဲ့ ပြည်သူ့ဝန်ကို ထမ်းနေရတယ်ဆိုတဲ့ အသိ စေတနာနဲ့ ထိထိရောက်ရောက် အလုပ်လုပ်ကြဖို့အတွက်ဆိုရင်တော့ အဲဒီဝန်ထမ်းတွေရဲ့ စားဝတ်နေနေရေးကို အရင်ပြေလည်အောင်လုပ်ပေးဖို့ကလည်း အဓိကအရေးကြီးတယ်လို့ ကာတွန်းအော်ပီကျယ်က ပြောပါတယ်။
XS
SM
MD
LG