သုံးရလွယ်ကူစေသည့် Link များ

အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးနဲ့ ဒေါ်စု တွေ့ဆုံ


အငြိမ်းစားဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံခဲ့တယ်လို့ NLD ပါတီက ဗွီအိုအေကို အတည်ပြုပါတယ်။ NLD ဘက်ကတော့ အခုအချိန်ဟာ အကဲဆတ်တဲ့ အသွင်ကူးပြောင်းရေး အခြေအနေဖြစ်တာမို့၊ သူတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေရပါတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေတို့ တွေ့ဆုံ တယ် ဆိုတဲ့ သတင်းအပေါ်မှာ NLD ဘက်က အတည်ပြု လိုက်ပါပြီ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ နေလည်ပိုင်းက တွေ့ဆုံခဲ့ကြတယ်လို့ NLD ပြောခွင့်ရသူ ဦးဝင်းမြင့်က ဗွီအိုအေကို အတည်ပြုပါတယ်။

" ကျနော်တို့လည်း ဒါကတော့ တွေ့တာတော့ အတည်ပြုလို့ရတယ်ဗျ။ "

မေး။ ။ တခြား ထူးထူးခြားခြားဆွေးနွေးတာ ဘာများရှိတယ်လို့ သိရပါလဲခင်ဗျ။

"အဲ့တာတော့ ကျနော်တို့က တွေ့တဲ့အထဲ ပါမသွားတော့ မသိဘူး။ တွေ့တာတော့ အတည်ပြုလို့ရတယ်။"

နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူတဦးဖြစ်တဲ့ ဦးဝင်းထိန်ကတော့ သူတို့အနေနဲ့ တိုင်းပြည်အကျိုး အတွက် တွေ့ဆုံသင့်သူတွေ နဲ့ တွေ့ဆုံ သွားမှာဖြစ်ပေမယ့်၊ တစုံတရာ အသေးစိတ်ပြောဖို့ ငြင်းခဲ့ပါတယ်။

" အန်ကယ်လ်တို့က ဒီအခြေအနေရောက်အောင် နှစ်ပေါင်း ၂၇ ကြိုးစားခဲ့တဲ့ အခါကျတော့ စကားတွေကို အရမ်းမပြောချင်ဘူး။ တိုင်းပြည်အတွက်ရော အနာဂတ်အတွက်ရော တွေ့သင့်သူနဲ့တွေ့တယ်။ လုပ်သင့်တဲ့သူနဲ့လုပ်တယ်။ အဲ့တာတော့ လုပ်နေမှာပဲ။ ဒါပေမဲ့ လောလောဆယ်ဖြစ်နေတဲ့ဟာတွေကတော့ အန်ကယ်လ်တို့ မပြောကောင်းတယ်။"

မြန်မာနိုင်ငံတွင်းမှာတော့ ဒီသတင်းအပေါ် လူအများစိတ်ဝင်စားမှုရှိနေပြီး၊ လက်ရှိ အာဏာအလွှဲအပြောင်းမှာ အရေးကြီးတဲ့ အခြေအနေတရပ်ဖြစ်မယ်လို့ ယူဆကြ ပါတယ်။ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီအခြေအနေ မှာ ရွေးကောက်ပွဲ အနိုင်ရ NLD ဖက်က ပွင့်လင်းမြင်သာမှုရှိဖို့ လိုမယ်လို့ ယူဆပါတယ်။

" ရွေးကောက်ပွဲ အလွန်နိုင်ငံရေးမှာ ဗျူဟာသစ် တခုကို စပြီးတော့ ခင်းကျင်းဖို့ပြင်ဆင်ပြီလား လို့တော့ ကျနော်က ထင်မိပါတယ်ဗျ။ လက်ရှိ မြန်မာနိုင်ငံ ရဲ့ အပြောင်းအလဲ တနည်းအားဖြင့်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာတဲ့အပိုင်းကို ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေက အစိုးရအပေါ်မှာရော လွှတ်တော်အပေါ်မှာရော တပ်မတော်အပေါ်မှာရော သြဇာရှိခဲ့တယ် ဆိုတာ ငြင်းမရတဲ့အချက်လို့ ကျနော်က မြင်ပါတယ်။

အဲ့သလိုပဲ လက်ရှိ အသွင်ကူးပြောင်းရေး ကာလမှာလည်း တပ်မတော် လက်ရှိအစိုးရ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပေါ်မှာ သြဇာသက်ရောက်မှု ရှိနေဆဲ ပုဂ္ဂိုလ်တယောက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတာဖြစ်ကောင်းဖြစ်နိုင်တယ် လို့ ကျနော်က သုံးသပ်ပါတယ်ခင်ဗျ။

လက်ရှိ အသွင်ကူးပြောင်းရေး ကာလကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လိုက်ပါ နိုင်အောင် ပြင်ဆင်ဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းအသစ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။

မေး ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချဉ်းကပ်မှုတွေ သူ့ရဲ့ ဗျူဟာနဲ့ ပတ်သက်လို့ရော ဒေါက်တာရန်မျိုးသိန်း ဘယ်လိုသုံးသပ်မိပါလဲ။

"သူကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး အဲ့ဒီ့ခေါင်းစဉ်တွေ အောက်ကနေ တပ်မတော် အရာရှိဟောင်းပဲဖြစ်ဖြစ် လက်ရှိ တပ်မတော် အရာရှိကြီးတွေပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ ရာနှုန်းပြည့် အဆင်သင့်ရှိနေတာကို တွေ့ရပါတယ်။ အဲ့တော့ သူက အရင်တုန်းက ဘယ်လိုအမှားမျိုးတွေပဲ မှားခဲ့ မှားခဲ့ လက်ရှိအခြေအနေမှာ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးအတွက် ဆောင်ရွက်မယ့် အဆင်သင့်ရှိတဲ့ လူတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတဲ့ အနေအထားမျိုး ရှိပါတယ်။

ဒါပေမဲ့ ကျနော် စိုးရိမ်တာကတော့ တဘက်ရဲ့ နိုင်ငံရေးဗျူဟာနဲ့ နိုင်ငံရေး အစီအမံတွေဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ ရိုးရှင်းပါ့မလား။ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသလိုပဲ ပရိယာယ်တွေ လှည့်ကွက်တွေ ကင်းပါ့မလားလို့တော့ ကျနော်က သံသယရှိပါတယ်ဗျ။"

မေး ။ ။ ဟုတ်ကဲ့ နောက်တချက်က အခုလို တွေ့ကြဆုံကြတဲ့ ကိစ္စတွေပေါ့။ ဟိုတလောကဆိုလို့ရှိရင် ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေရဲ့ မြေးနဲ့ လည်း ဒေါ်စု တွေ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက် လို့ တော်တော်လေး လျို့လျို့ဝှက်ဝှက်နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြတာ တွေ့ရပါတယ်။ ဒေါ်စုဘက် ကရော တဘက်က လူတွေကရော ပေါ့။ ဒီအခြေအနေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ရော ဒေါက်တာရန်မျိုးသိမ်း ဘယ်လိုမြင်ပါလဲဗျ။ ဖြစ်သင့်၏။ မဖြစ်သင့်၏ပေါ့။

" နိုင်ငံရေးမှာ ပွင့်လင်းမြင်သာမှုရှိသင့်တဲ့အပိုင်းတွေကို မဖြစ်မနေ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲ့တော့ လက်ရှိ ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေနဲ့ တွေ့ဆုံမှုမျိုး ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေရဲ့ မိသားစုဝင် နဲ့ တွေ့ဆုံမှုမျိုးဟာ မဖြစ်မနေ ပွင့်လင်းမြင်သာမှု ရှိရှိ ရှိတဲ့ တွေ့ဆုံမှုမျိုး ဖြစ် သင့်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးဖြစ် သူ နေရွှေသွေးအောင် တို့ ပြီးခဲ့တဲ့လ အတွင်း တွေ့ဆုံခဲ့တဲ့နောက်၊ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတို့ တွေ့ဆုံမှုဖြစ်လာတာပါ။

အခု တွေ့ဆုံမှုကို လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းက စီစဉ်ပေးတယ်လို့ ကြား သိရပေမယ့် သီးခြား အတည်ပြုလို့မရသေးပါဘူး။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ယခင်စစ်အစိုးရ လက်ထက် မှာ နှစ်ကြိမ် ထက် မနည်း တရားဝင် တွေ့ဆုံမှုတွေရှိခဲ့ပေမယ့်၊ ဦးသန်းရွှေ အငြိမ်းစား ယူပြီးနောက်ပိုင်း အကူးအပြောင်းကာလမှာ တရားဝင်တွေ့ဆုံမှုတွေ မရှိခဲ့ပါဘူး။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေတို့ မနေ့ သောကြာနေ့တုန်း က တွေ့ဆုံခဲ့ကြတာနဲ့ ပတ်သက်ပြီး NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်ကို VOA မြန်မာပိုင်းက ကိုဉာဏ်ဝင်းအောင် က NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေတို့ရဲ့ ဒီတွေ့ဆုံမှုက ဘာကြောင့်ဖြစ်ပေါ် လာရပါသလဲ ဆိုတဲ့အမေးကို ဦးဝင်းထိန်က အခုလိုဖြေပါတယ်။

"ကျနော်တို့က အခု၈၈ ကတည်းက စပြီး တည်ထောင်ခဲ့တယ်။ တည်ထောင် ခဲ့ပြီးတဲ့နောက် အဲ့ဒီ့ကတည်းက အဲ့တုန်းက အစိုးရ နဝတနဲ့ ကျနော်တို့နဲ့က ပြသနာတွေ များကတည်းကိုက အာဏာပိုင်နဲ့ NLD က ဒိုင်ယာလော့ခ် နည်းနဲ့ အဖြေရှာမယ်ဆိုတာကို အဲ့တုန်းကတည်းက တောင်းဆိုခဲ့တာလေ။ ကြားထဲမှာ ပြတ်တောင်း ပြတ်တောင်းရှိ ခဲ့တာတွေလဲရှိတယ်။

အခုကျတော့ မှသာ ရွေးကောက်ပွဲ အဆုံးအဖြတ်ကြောင့် နောင်အနာဂတ်မှာ တာဝန်အလွှဲအပြောင်းရော နောက်ပြီးတော့ တာဝန်ယူရတဲ့အခါမှာ အလွှဲအပြောင်းမှာ ချောချောမွေ့မွေ့ ဖြစ်ဖို့ရယ် အဲ့တာတွေက လည်း ချောချောမွေ့မွေ့ဖြစ်ဖို့ အတွက်က ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်က အမျိုးသား ရင်ကြားစေ့ရေးကိုဦးတည်တဲ့ လှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က အကောင်အထည်ဖော်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်ကို မူတည်ပြီးတော့မှ ဦးသိန်းစိန်နဲ့ တွေ့တာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့တာ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့တွေ့တာ အဲ့ဒီ့ရည်ရွယ်ချက်တွေကြောင့် တွေ့တာဖြစ်ပါတယ်လို့။ "

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့။ သူတို့တွေ့ဆုံတဲ့အခါမှာပေါ့နော်။ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးကြတယ်လို့ နားလည်ပါသလဲ။

ဦးဝင်းထိန်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက် မှန်သမျှဟာ အမျိုးသား ရင်ကြားစေ့ရေး အနာဂတ် ပြည်ထောင်စု ဒီမိုကရေစီ ထူထောင်ရေး ဦးတည်ချက်တွေကို အကောင်အထည်ဖော်ဖို့ရည်ရွယ်ချက်နဲ့ တွေ့တာ။

NLD ပြောခွင့်ရပုဂ္ဂိုလ်ဦးဝင်းထိန်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုလည်း အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

XS
SM
MD
LG