သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ ၈၈ မျိုးဆက် တူညီတာတွေ ပူးပေါင်းဆောင်ရွက်မည်


သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံကြစဉ်။ ( Credit to ဦးလှမောင်ရွှေ)
သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံကြစဉ်။ ( Credit to ဦးလှမောင်ရွှေ)
မတူတဲ့ အင်အားစုတွေပေါင်းပြီး တူညီတာတွေ ပေါင်းပြီးလုပ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု တရပ်ပေါ်ထွန်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတဦးသိန်းစိန်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတချို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်း သမ္မတအကြံပေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ရှိခဲ့ပြီးတော့ ရှေ့ဆက် လက်တွဲလုပ်ဆောင်နိုင်တာတွေကို အစိုးရနဲ့ ၈၈ ကြား ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက်တွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ တက်လာပြီးတဲ့နောက်မှာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဖို့ အကြိမ်ကြိမ် ပြင်ဆင်ခဲ့ပြီး တစ်နှစ်နီးပါး အချိန်ယူပြီးမှ ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ တွေ့ဆုံဖြစ်ခဲ့ကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင်တွေက ပြောပါတယ်။
မတူညီတဲ့ အင်အားစုတွေစုစည်းပြီး တိုင်းပြည်အတွက် တူတာတွေ တွဲလုပ်ဖို့ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် အကောင်အထည်ဖော်ဖို့အတွက် ၈၈ နဲ့ သမ္မတတွေ့ခဲ့တာဖြစ်ပြီးတော့ တိုင်းပြည်အတွက် တူညီတာတွေ တွဲလုပ်ဖို့ကိုလည်း သဘောတူညီမှုတွေရခဲ့တယ်လို့ နိုင်ငံတော်အကြံပေးအဖွဲ့က ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

“ပထမဦးဆုံး ဆွေးနွေးပွဲဆိုပေမဲ့ တော်တော်လေး အဓိပ္ပာယ်ရှိတယ်။ တော်တော်လည်း အသက်ဝင်တယ်ဗျာ။ ရင်းရင်းနှီး နှီးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်ဗျာ။ နိုင်ငံတော်သမ္မတဘက်က အဓိကညွှန်းဆိုတာကတော့ မတူတာတွေလည်း ရှိမယ်။ တူတာတွေကို တွဲလုပ်လို့ရတယ်။ မတူတဲ့ ဟာတွေကို တစ်ဖက်နဲ့တစ်ဖက် အနိုင်ယူတာမျိုးမဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးနိုင်တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ကို သူသွားနေတယ်လို့ ရှင်းပြတယ်။ ရှေ့မှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိတာကို ၈၈ အပါအဝင် အားလုံး ဝိုင်းပြီး ပြည်သူလိုချင်တဲ့ ဆန္ဒကို ဝိုင်းပြီးဆောင်ရွက်ကြမယ်ဆိုတာမျိုးကို သူကပြောတယ်။”

အချိန် ၃ နာရီကြာ သမ္မတနဲ့ ၈၈ မျိုးဆက်တို့ရဲ့ တွေ့ဆုံမှုမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု တည်ဆောက်ဖို့ တိုင်းနဲ့ပြည်နယ်အစိုးရတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့်တွေရဖို့ အရေးတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ကိုဂျင်မီက ပြောပါတယ်။

ကိုဂျင်မီကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ရန်ကုန်အပြန် လမ်းကိုရောက်နေတဲ့အတွက် ဖုန်းလိုင်းသိပ်မမိတဲ့ အတွက် သူပြောသွားတာတွေကတော့ …..

“ ကျနော်တို့မှာ ငွေရတုတုန်းက ဆုံးဖြတ်ချက် ရှိတယ်။ …….All Inclusive dialogue ပေါ့။ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ပေါ်ပေါက်ရေးပေါ့၊အဲဒီမှာလည်း သဘောတူညီမှု ကျနော်တို့ ရတယ်။ နောက်တစ်ခုကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးပေါ့။ မြန်မာနိုင်ငံအတွင်းမှာ အပစ်အခတ် ရပ်စဲရေး စတဲ့ ကိစ္စတွေမှာ ကျနော်တို့ ပြဿနာပေါ်တိုင်း ပြည်ထောင်စုအစိုးရသာမက ပြည်နယ်နဲ့ တိုင်း ဒေသကြီးက အစိုးရတွေနဲ့ပါ တွေ့ဆုံပြီး dialogue culture လုပ်ပြီးတော့ ဆွေးနွေးနိုင်ဖို့တွေလည်း သဘောတူညီမှု ရခဲ့ပါတယ်။”-လို့ ကိုဂျင်မီက ပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်စိန်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ တွေ့ဆုံတာဟာ အစိုးရသစ်ရဲ့ ၂ နှစ်ခွဲ သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ၈၈ မျိုးဆက်တွေက ပြောပါတယ်။ မတူညီတာတွေကို တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းယဉ်ကျေးမှု တစ်ရပ်ပေါ်ပေါက်ရေးအတွက် သမ္မတနဲ့ကြားမှာ သဘောတူညီမှုရနိုင်ခဲ့တာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့လည်း ကို ဂျင်မီက ပြောပါတယ်။

ဒီနေ့ တွေ့ဆုံမှုအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်း အနေနဲ့ ကျေနပ်အားရမှု ရှိပြီးတော့ တိုင်းပြည်အတွက် ရှေ့အနာဂတ်မှာ အစိုးရနဲ့ တူတာတွေကိုပေါင်းလုပ်သွားဖို့ ရှိတယ်လို့လည်း ကိုဂျင်မီက ဆက်ပြောပါတယ်။
စစ်အစိုးရလက်ထက် တစ်လျှောက်လုံး အတိုက်အခံအင်အားစု အနေနဲ့ ရှိနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ၈၈ မျိုးဆက်တွေနဲ့ နိုင်ငံတော်သမ္မတ တွေ့ဆုံနိုင်တာဟာ တိုင်းပြည်အတွက် အပြုသဘောဆောင်တဲ့ အခြေအနေလို့ ရှုမြင်သုံးသပ်တဲ့အကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

“တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့နောက်မှာ ပွင့်လင်းလူ့အဖွဲ့အစည်းက လူတွေနဲ့တွေ့နိုင်တာကိုက ကျနော့်အနေနဲ့ နိုင်ငံတော်သမ္မတဘက်ကလည်း Stakeholder တွေ အားလုံးကို လက်ခံဆွေးနွေးပြီးတော့မှ တူတူလုပ်နိုင်တာတွေ ရှိတဲ့ နည်းလမ်းတွေကို ရှာဖို့ ရည်ရွယ်တယ်လို့ ထင်ပါတယ်။”

နိုင်ငံတော်သမ္မတဦးသိန်းစိန် လွှတ်တော်အစည်းအဝေးတွေအပြီး စက်တင်ဘာ လထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါသေးတယ်။

စက်တင်ဘာလအတွက် နိုင်ငံတော်သမ္မတ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာလည်း မတူညီတဲ့အင်အားစုတွေ ပေါင်းစုပြီး နိုင်ငံရေးပြဿနာတွေကို အဖြေရှာသွားမယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲကို ၈၈ မျိုးဆက်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုကိုကြီး (စမ်းချောင်း)၊ မနီလာသိန်း၊ ကိုမာကီးတို့ တက်ရောက်ခဲ့သလို အစိုးရဘက်ကတော့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ သမ္မတ အကြံပေး အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးလှမောင်ရွှေနဲ့ ဦးတင်မောင်သန်းတို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG