သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရောက်သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှုပ်နှံရေး ဦးစားပေး ဆွေးနွေး


မြန်မာသမ္မတနဲ့ ပြင်သစ်သမ္မတတို့ Elysee နန်းတော်မှာ တွေ့ဆုံဆွေးနွေးနေကြစဉ်။ ( သတင်း မှတ်တမ်း- နိုင်ငံတော်သမ္မတရုံး)
မြန်မာသမ္မတနဲ့ ပြင်သစ်သမ္မတတို့ Elysee နန်းတော်မှာ တွေ့ဆုံဆွေးနွေးနေကြစဉ်။ ( သတင်း မှတ်တမ်း- နိုင်ငံတော်သမ္မတရုံး)
ပြင်သစ်နိုင်ငံမှာ ၂ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ ပညာရေးနဲ့ တခြားကဏ္ဍတွေမှာ အကူအညီပေးမယ့် ကိစ္စနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြင်သစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သမ္မတနဲ့အတူ ဒီခရီးစဉ်ကို လိုက်ပါသွားတဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ပြင်သစ်သမ္မတ Francois Hollande တို့ မနေ့ကတွေ့ဆုံစဉ် အဲဒီလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် နောက်ဆုံးအခြေအနေတွေကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပြင်သစ်နိုင်ငံခရီးစဉ်ကို မနေ့က ဗုဒ္ဓဟူးနေ့မှာ တရားဝင်စတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ မနေ့ညနေပိုင်းက ပြင်သစ်သမ္မတ Francois Hollande နဲ့တွေ့ဆုံစဉ် အကြောင်းအရာ ၄ ခုကို အဓိကထား ဆွေးနွေးဖြစ်ခဲ့တယ်လို့ သမ္မတနဲ့အတူ ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

"အဓီကကတော့ ပထမဆုံးတစ်ခုကတော့ ကျနော်တို့နိုင်ငံ လက်ရှိဆောင်ရွက် လုပ်ကိုင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေရယ်၊ ကျနော်တို့ ရထားတဲ့ အောင်မြင်မှုတွေရယ်၊ ကျနော်တို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေရယ်ပေါ့နော်။ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့အလားအလာတွေ ဆွေးနွေးခဲ့ပါတယ်။ ဒုတိယ ဦးစားပေးဆွေးနွေး တာကတော့ ပညာရေးကဏ္ဍမြှင့်တင်ရေး အတွက် မြန်မာနိုင်ငံ က ပညာတော်သင်တွေ စေလွှတ်ခွင့်ရဖို့ ကိစ္စ၊ နောက်မြန်မာနိုင်ငံ မှာရှိတဲ့ အင်ဂျင်နီယာတို့၊ ကွန်ပျူတာတက္ကသိုလ်တို့မှာ လာပြီးတော့ ပိုပြီးတော့မှ အကူအညီပေးဖို့၊ နောက် ယဉ်ကျေးမှုဖလှယ်ရေးကိစ္စ ကျနော်တို့ ဆွေးနွေးပါတယ်။ နောက် စတုတ္ထအနေနဲ့ကတော့ ကျနော်တို့မှာ ရှိတဲ့ မီဒီယာ ၊ အခုပြင်သစ်အစိုးရက ကျနော်တို့ဆီမှာ မီဒီယာ သင်တန်းတွေ ပေးနေတာရှိတယ်။ အဲ့ဒီ့အစီအစဉ်တွေ တိုးပေးနိုင်ဖို့ကိစ္စ ကျနော်တို့ပြောပါတယ်။"

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုစတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ မြန်မာ့အရေး လေ့လာသူတွေကို တွက်ဆ ထားကြတဲ့အတိုင်းပဲ မနေ့က မနက်ပိုင်းမှာ ပြင်သစ်နိုင်ငံက စီးပွားရေးကုမ္ပဏီကြီး ၄၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ အရင်ဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မနေ့က အဓိက တွေ့ဆုံဆွေးနွေးမှု ၃ ခု ပြုလုပ်ခဲ့တာမှာလည်း ရင်းနှီးမြုပ်နံှမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်ဆိုတာကို ဦးရဲထွဋ်က ပြောပါတယ်။

"သမ္မတနဲ့တွေ့တဲ့အချိန်မှာရော၊ ဝန်ကြီးချုပ်နဲ့တွေ့တဲ့အချိန်မှာရော၊ နောက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့တဲ့အချိန်မှာရော ကျနော်တို့ဘက်က နံပတ်တစ် ကတော့ စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဖို့အတွက် လိုအပ်တဲ့ ကျနော်တို့ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရှိနေပြီ၊ နှစ်ကတော့ နိုင်ငံတကာစံမှီတဲ့ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုဥပဒေရှိနေပြီ နောက်တခုက အရင်တုန်းက ရင်းနှီးမြှပ်နှံမှုတွေကို အတားအဆီးဖြစ်စေခဲ့တဲ့ ပိတ်ဆို့တားဆီးမှုတွေလည်း မရှိတော့ဘူး၊ ဒါကြောင့်မို့လို့ ပြင်သစ်ကုမ္ပဏီတွေနဲ့ ကဏ္ဍပေါင်းစုံမှာ လာရောက်ရင်းနှီးမြှပ်နှံဖို့၊ ရင်းနှီးမြှပ်နှံတဲ့အခါမှာလည်း လူထုပါဝင်သိတဲ့ လူမှုတာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှပ်နှံမှုရှိဖို့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုလည်း ဆောင်ရွက်နိုင်တဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ဖို့ ဒီကိစ္စတွေကို ကျနော်တို့ အတော်လေးကို အသေးစိတ် ဆွေးနွေးဖြစ်ပါတယ်။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍတွေကို သဘောတူတယ်၊ ပြီးရင် အဲ့ဒီ့ကဏ္ဍအလိုက် တာဝန်ရှိတဲ့သူတွေပေါ့နော်၊ ကျနော်တို့ဘက်က တာဝန်ရှိသူတွေနဲ့ အသေးစိတ်ပြန်ညှိမယ်။ လောလောဆယ်တော့ ကျနော်တော့ အဲ့လောက်ပဲ သိတယ်။"

သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်းမှာတုန်းကတော့ ဗြိတိန်ကနေ မြန်မာနိုင်ငံကို အကူညီ အထောက်အပံ့ပေးမယ့် ကဏ္ဍတွေနဲ့ ငွေကြေး ပမာဏတွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုး ရှိပေမယ့် ပြင်သစ်ခရီးစဉ်မှာတော့ အဲဒီ ငွေကြေးပမာဏနဲ့ ထုတ်ဖော် ပြောဆိုတာမျိုးတော့ မတွေ့ရပါဘူး။

ဒါပေမယ့် ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကဏ္ဍတွေကို တနည်းအားဖြင့် အထောက်အကူဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့ လုပ်ဆောင်တာအပြင် တခြား အကူအညီပေးမယ့် အစီအစဉ်တွေကို ကတိပြုခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

"သူတို့ဘက်က နိုင်ငံတော်သမ္မတရော၊ ဝန်ကြီးချုပ်ရော၊ စီးပွားရေး လုပ်ငန်းရှင်တွေရောက ရင်းနှီးမြှပ်နှံဖို့အတွက် ဆန္ဒရှိတယ်။ ပြီးခဲ့တဲ့ ဆက်သွယ်ရေးတင်ဒါတုန်းကလည်း ကျနော်တို့ ပြင်သစ်ကုမ္ပဏီတွေ ဝင်ပြိုင်ခဲ့တယ်။ နောင်မှာလည်း ကျနော်တို့ မြန်မာနိုင်ငံကို ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဖို့ စိတ်ဝင်စားတယ်။ ပြီးရင် သမ္မတကြီးတောင်းဆိုတဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာလည်း ဝိုင်းဝန်းကူညီပေးမယ်။ အဲ့တာတွေလည်း သူတို့ အခိုင်အမာ ကတိကဝတ်ပြုပါတယ်။ ဒီလကုန်မှာတော့ ပြင်သစ်က စီးပွားရေးနဲ့ဆိုင်တဲ့ ဝန်ကြီးတစ်ယောက်က ဦးဆောင်ပြီးတော့မှ နောက်ထပ် ကိုယ်စားလှယ်တစ်ယောက်လည်း မြန်မာနိုင်ငံကို လာဖို့ရှိပါတယ်။"

သမ္မတ ဦးသိန်းစိန်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာတော့ ပြင်သစ်အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးတာမျိုး မရှိပဲ မနက်ပိုင်းက ဗာဆေး နန်းတော် (Versailles Palace) ကို သွားရောက် လည်ပတ်တာ၊ Louve ပြတိုက်ကို သွားရောက် လေ့လာတာတွေ ပြုလုပ်ခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ညနေပိုင်းမှာတော့ ပြင်သစ် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံ ဆွေးနွေး တာတွေအပြင် မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက်ကတည်းက ရင်းနှီးမြုပ်နှံမှုတွေ လာရောက်လုပ်ကိုင်နေတဲ့ တိုတယ် ရေနံကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ မနက်ဖြန် သောကြာနေ့ မနက်ပိုင်းမှာတော့ တွေ့ဆုံဆွေးနွေးမှုတချို့ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ အပစ်အခတ် ရပ်စဲဖို့နဲ့ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့တို့အတွက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက် ဆန္ဒပြနေကြပါတယ်
XS
SM
MD
LG