သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ တွေ့ဆုံ


သမ္မတဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ တွေ့ဆုံ
သမ္မတဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ တွေ့ဆုံ
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ရောက် ရှိနေစဉ်မှာ ဘဲ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ New York မြို့တော်ကို ရောက်ရှိလာခဲ့ပြီ။ ခုကျမတို့ အသံလွှင့် နေတဲ့ အချိန် လောက်မှာပဲ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံနေကြပါပြီ။ ကမ္ဘာ့ ကုလသမဂ္ဂမှာ မိန့် ခွန်းပြောဖို့ လာရောက် ခဲ့တဲ့ မြန်မာသမ္မတ ရဲ့ ခရီးစဉ်နဲ့ ပါတ်သက်လို့ မမိုးဖြူက ဆက်ပြီးတင်ပြပေးပါမယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကြီးမှာ မိန့့်ခွန်းပြောဖို့အတွက် မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပါပြီ။ နိုင်ငံတော်သမ္မတဟာ အမေရိကန် ဒေသစံတော် ချိန် စက်တင်ဘာ ၂၅ ရက် မနက်၁၀နာရီမှာ New York မြို့ JFK အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စင်္ကာပူ လေကြောင်းလိုင်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။

သမ္မတရဲ့ ခရီးဟာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၆ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး နိုင်ငံတော်ခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင် ခရီးစဉ်တရပ်လို့ ပြောနိုင်ပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်ဟာ လာမဲ့ ကြာသာပတေးနေ့ မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ အာရှမှာ ထိပ်တန်း က ရပ်တည်နိုင်ခဲ့တဲ့ နိုင်ငံတနိုင်ငံ အဖြစ်ကနေ နှစ်ပေါင်း၅၀ ကျော် စစ်အစိုးရ အုပ်ချုပ်မှုအောက် မှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး နိုင်ငံတခုဖြစ်သွားခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် မနှစ်ကမှ အပြောင်းအလဲတွေ စတင်ခဲ့တဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က၊ သူ့ မိန့်ခွန်းမှာ လက်ရှိ ဆောင်ရွက်နေတဲ့ ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းတွေ နဲ့ ပါတ်သက်လို့ အဓိကပြောဆိုသွားမှာ ဖြစ်တယ် လို့ သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးက ခုလိုပြောဆိုပါတယ်။

“ အဓိကက သူလုပ်ခဲ့တဲ့ ဟာတွေပေါ့ဗျာ။ Reform တွေ သူ ဘာကြောင့်လုပ်တယ်။ ဘာတွေလုပ်နေတယ်။ နိုင်ငံရေး စီးပွားရေး လူမူရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ ပြုပြင်ပြောင်း လဲမူတွေ၊ နောက် ငြိမ်းချမ်းရေးပေါ့နော်။ အထူးသဖြင့် နောက် ဆက်လက်ဆောင်ရွက်မယ့် သူ့ရဲ့မျှော်မှန်း ချက်တွေ၊ နောက် သူ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ရိုဟင်ဂျာ၊ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီးတော့ ပံ့ပိုးကူညီမှုတွေဟာ ရခိုင်ပြည်နယ်မှာရော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကျိုးရှိတာ၊ အဲ့ဒီ့အပိုင်းတွေကို သူပြောမှာပါ။”

မနေ့ က စတင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကလဲ သူ့ ရဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ ခုလို အားတက် စကား ပြောဆိုသွားပါတယ်။

"မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအဝိုင်းကို လွတ်လပ်ခွင့်ပေးတာတွေတွေ့ရပါပြီ။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ထင်ရှားတဲ့ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း လူထုရဲ့ ရွေးချယ်မှု နဲ့ ပြည်သူ့ လွှတ်တော်ထဲကို ဝင်ရောက် လာခဲ့ပါပြီ။မြန်မာလူထုအနေ နဲ့ လည်း နောက်ထပ် ပြုပြင်ပြောင်းလဲ မှု တွေ ကို တွေ့မြင် ရဖို့ စောင့်စားနေကြပါတယ်။"

နောက်ထပ် အပြောင်းအလဲတွေဖြစ်ဖို့ စောင့်နေကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒအတိုင်း ပြုပြင်ပြောင်းလဲ မှု ရေရှည် ဆက်ပြီး ရှိမရှိ ဆိုတာဆိုတာကိုတော့ အမေရိကန်အစိုးရထဲမှာ သာမက၊ နိုင်ငံတကာ က မေးခွန်းထုတ်ပြီးစောင့် ကြည့် နေသူတွေအများကြီး ရှိနေပါသေးတယ်လို့ လူ့ အခွင့်အရေးလေ့ လာစောင့်ကြည့်ရေး အဖွဲ့ က ညွန်ကြားရေးမှှုူး John Siston က ပြောပါတယ်၊

“အဓိက စိုးရိမ်ပူပန်တာကတော့ ၂၀၁၅ ခုနှစ်မှာ မြန်မာစစ်တပ် ရဲ့ တချို့ အစိတ်အပိုင်းတွေက အာဏာကို မစွန့် လွှတ်နိုင်တာကြောင့် မငြိမ်သက်မှု တွေများပြန်ဖြစ် လာလေမလားလို့ ပါ၊ ဒုတိယ စိုးရိမ်တာက မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေကြား သဘောထား ကွဲပြားမှုတွေ ရှိနေတဲ့ အချက်ပါ။ တတိယ ကတော့ လတ်တလော ပေါ်ပေါက်နေတဲ့ ရိုဟင်ဂျာပြသာနာ ပါ၊ ဒီလို အချက်တွေကြောင့် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သတိနဲ့ စောင့်ကြည့် လေ့လာနေမှာ ပါ။ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကိုလဲ လိုအပ်သလို ဆက်ပြီး ဖိအားပေး ဆောင်ရွက်သွားပါမယ်။”

မြန်မာသမ္မတ ဦးသိန်းစိန် ရဲ့ အခုအမေရိကန် ခရီးစဉ်မှာ ထူးခြားချက် တခု အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက် တဲ့ သဘောထား ကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်မယ့် ကုလသမဂ္ဂညီလာခံမှာ မြန်မာသမ္မတက ထည့်ပြီး ပြောမယ်လို့ မျှော်လင့်ရကြောင်း သမ္မတရုံး ညွန်ကြားရေးမှုးဦးဇော်ဌေး ကပြောပါတယ်။

“သူသွားတဲ့အချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေတဲ့ အချိန်မို့ အဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ သဘောထားတွေ ပါကောင်းပါနိုင်တယ်ပေါ့နော်။”

အခု အသံစလွှင့်နေတဲ့ အချိန်လောက်မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာသမ္မတ တည်းခိုနေတဲ့ The Mark Hotel ကို သွားရောက် ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။
XS
SM
MD
LG