သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တီမောဝန်ကြီးချုပ် သမ္မတဦးသိန်းစိန်နဲ့ ဆွေးနွေး


သမ္မတဦးသိန်းစိန်က အရှေ့တီမောဝန်ကြီးချုပ် Xanana Gusmao အား နေပြည်တော်ရှိ သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံစဉ်။ (စက်တင်ဘာ ၁၂၊ ၂၀၁၃)
သမ္မတဦးသိန်းစိန်က အရှေ့တီမောဝန်ကြီးချုပ် Xanana Gusmao အား နေပြည်တော်ရှိ သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံစဉ်။ (စက်တင်ဘာ ၁၂၊ ၂၀၁၃)
သြဂုတ်လ ၁၂ ရက် ကြာသာပတေးနေ့က မြန်မာနိုင်ငံဆီ ရောက်လာတဲ့ Timor Laste ဝန်ကြီးချုပ် Kay Rala Xanana Gusmao ဟာ အဲဒီနေ့မှာပဲ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံကြား သံရုံးတွေ ဖွင့်ဖို့ကိစ္စ၊ အရှေ့တီမောနိုင်ငံ အာဆီယံအသင်းဝင်ဖြစ်ဖို့ ကိစ္စတွေ အပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အရှေ့တီမောဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်းကိုတော့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းပြီး ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

တီမောလက်စ်တေးဝန်ကြီးချုပ် Kay Rala Xanana Gusmao ဟာ ကြာသပတေးနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ခရီးရောက် မဆိုက်ဆိုသလိုပဲ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံကြစဉ် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတဲ့အပြင် နှစ်နိုင်ငံစလုံးကလည်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေးလုပ်ငန်းတွေကို မရှေးမနှောင်းဆိုသလို လုပ်ဆောင်နေကြတဲ့ တိုင်းပြည်တွေဖြစ်တာကြောင့် နှစ်ဖက် အတွေ့အကြုံတွေကို ဖလှယ်ခဲ့ကြတယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထဋ်က ဗွီအိုအေကို ပြောပါတယ်။

“ပထမတစ်ခုကတော့ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကိစ္စ၊ နောက်တစ်ခါ စွမ်းအင်၊ စိုက်ပျိုးရေး၊ နောက် ခရီးသွားလုပ်ငန်း ကိစ္စတွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေကို ကျနော်တို့ ဆွေးနွေးပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်နှစ်ဦးအနေနဲ့ တီမောနိုင်ငံကလည်း သူ့ရဲ့ ပဋိပက္ခဖြေရှင်းရေး အတွေ့အကြုံတွေ၊ နိုင်ငံတည်ဆောက်ရေး အတွေ့အကြုံတွေ ဒါတွေကို သူတို့ ပြောပါတယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့နိုင်ငံမှာ ပဋိပက္ခတွေ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အခြေအနေတွေ၊ ရရှိတဲ့အောင်မြင်မှုတွေ၊ နောက် အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ရရှိတဲ့အောင်မြင်မှုတွေနဲ့ အတွေ့အကြုံတွေကို ကျနော်တို့ရှင်းပြပြီးတော့မှ နှစ်ဘက် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ကြပါတယ်ခင်ဗျ။”

နှစ်နိုင်ငံအကြား အပြန်အလှန် သံတမန် အဆက်အသွယ် ရှိတယ်ဆိုပေမယ့်လည်း သံရုံးတွေ ဖွင့်ကြတဲ့အဆင့်အထိ မရှိသေးပါဘူး။ အဲဒီကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“သံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့ ရှိပါတယ်ဗျာ။ ဒါတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အချိန်တို့ နေရာတို့ ဆက်ပြီး ဆွေးနွေးစရာတွေကတော့ ရှိသေးတာပေါ့ဗျာ။”

အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျှောက်ထားတဲ့တိုင်းဖြစ်တခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှေ့နှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍဟာ တီမောလာစ်တေးနိုင်ငံအတွက် အရေးပါလာတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တီမောလာစ်တေးနိုင်ငံက ထောက်ခံအားပေးတဲ့အတွက် တီမောလာစ်တေးနိုင်ငံ အင်ဒိုနီးရှား အုပ်ချုပ်မှုအောက်က လွှတ်လပ်ရေးရပြီးစအချိန်တွေမှာ နှစ်ဖက် ဆက်ဆံရေးအရ အဆင်ပြေ ချောမွေ့ခြင်း မရှိလှပါဘူး။ ဒါပေမယ့် တီမောလာစ်တေးနိုင်ငံ အာဆီယံအဖွဲ့ဖြစ်လာရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ကြိုဆိုပါတယ်လို့ ဦးရဲထဋ်က ပြောပါတယ်။

“နဂိုရ်ကတည်းက ဒီကိစ္စတွေက နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်တို့ ဘာတို့မှာ အာဆီယံနိုင်ငံတွေနဲ့ ပြောဆိုဆွေးနွေးထားတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံကတော့ ကျန်တဲ့အာဆီယံနိုင်ငံတွေလိုပဲ တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးစားမှုကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့က ဒီဘက်မှာ အာဆီယံ AEC တို့ ဘာတို့ သွားနေတဲ့ Process တွေ ဘာတွေ ရှိတာပေါ့နော်။ ရှိတော့ အာဆီယံအဖွဲ့ အနေနဲ့က အဲဒါတွေပြီးမှ ဒီကိစ္စကို ဆက်လုပ်မလား၊ မလုပ်ဘူးလား- ဒါကတော့ အဖွဲ့ဝင်တွေအားလုံး ဆွေးနွေးရမယ့်ကိစ္စပေါ့။ အဓိက-ကတော့ တီမောကလည်း အာဆီယံနဲ့ ပိုပြီးတော့မှ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ချင်တယ်၊ ပီးရင်တော့ သူတို့လည်း နောင်တချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး သူတို့လည်း မျှော်မှန်းလုပ်ဆောင်နေတဲ့ အခြေအနေပေါ့။ ဒီကိုလာပြီးတော့ ရှင်းပြတဲ့သဘောလည်း ပါပါတယ်။”

တီမောလာစ်တေးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဒီကနေ့တော့ မန္တလေးတိုင်းဒေသကြီးကို ရောက်ရှိနေပြီး အဲဒီမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန်မှာတော့ ပုဂံကို ခရီးဆက်မှာဖြစ်ပြီး အဲဒီကမှ ရန်ကုန်ကိုလာမှာ ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG