သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် မိန့်ခွန်းကို သံသယနှင့် ကြိုဆို


ဇူလိုင်လ (၇) ရက်နေ့က သမ္မတဦးသိန်းစိန်ပြောသွားတဲ့ အရေးပေါ်မိန့်ခွန်းထဲမှာ လက်ရှိ မန္တလေးမြို့ရဲ့အခြေအနေတွေကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေကြောင်းနဲ့ အကြမ်းဖက်မှုတွေထဲမှာ ပါဝင်သူတွေကို စုံစမ်းဖေါ်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောသွားပါတယ်။ ဒီပြောဆိုချက်အပေါ် ကြိုဆိုကြပေမယ့် တကယ်ပဲ ထိထိရောက်ရောက် အရေးယူနိုင်ပါ့မလားဆိုတာကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးစောင့်ကြည့်နေသူတွေက သံသယရှိနေကြပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ မန္တလေးမြို့မှာ အကြမ်းဖက်ကျူးလွန်သူတွေကို တည်ဆဲဥပဒေနဲ့အရေးယူသွားမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးပြောသွားပါ တယ်။

“လက်ရှိမှာ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်တဲ့အဖွဲ့အစည်းများ ဖြည့်ဆီးထားပြီး ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့အစည်းများရဲ့ အကူအညီကို ရယူပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်လျှက် ရှိပါတယ်။ အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခ ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက် ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝ သည်းခံမှာ မဟုတ်ဘဲ ချက်ခြင်း ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ထပ်လောင်း ပြောကြားအပ်ပါတယ်။”

ဒါ့အပြင် ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြီး အမုန်းတရားဖြန့်ဖြူးမှုတွေကို ရပ်တန့်အောင် အရေးယူဆောင်ရွက်သွားလို့လည်း သမ္မတကပြောပါတယ်။

“မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားကို ရှေ့ရှုပြီး အတ္တကို ရှေ့တန်းတင် လုပ်ဆောင်ကြသူများရဲ့ သွေးထိုးလှုံ့ဆော်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နာကျင် ခံစားစေရပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ လူ့အသိုက်အဝိုင်းများအကြားမှာ အမုန်းတရားများ ပြန့်ပွားပြီး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော် ဖန်တီးမှုများဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်တာပဲဖြစ်ပြီး လူမျိုး၊ ဘာသာမရွေး မိမိတို့ လူ့အဖွဲ့အစည်းတခုလုံးကို အန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်များဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”

မကြာခဏဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို မြန်မာအစိုးရက နိုင်နိုင်နင်းနင်းမထိန်းချုပ်နိုင်ဘူးဆိုရင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ရှေ့ဆက် တိုးနိုင်မှာမဟုတ်ဘူးလို့ မန္တလေးမြို့က အဓိကရုဏ်း အကြမ်းဖက်မှုတွေကို အနီးကပ်စောင့်ကြည့်နေတဲ့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ အာရှရေးရာညွန်ကြားရေးမှူး Brad Adams ကပြောပါတယ်။

“ဒီလိုအကြမ်းဖက်မှုတွေဟာ မကောင်းဘူးလို့ မြင်နေကြတဲ့သူတွေတောင် ဒီလိုကျူးလွန်မှုတွေကို ရပ်သွားအောင်မလုပ်နိုင်ပါဘူး။ ရခိုင်ပြည်နယ်အပါအဝင် အခြားနယ်တွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာလည်း လုံခြုံရေးရဲ အင်အားတွေကို လမ်းပေါ်တွေမှာ ချထားတယ်ဆိုပေမယ့် လူအုပ်နဲ့ မီးရှို့ ဖျက်ဆီးတာတွေကို တားဆီးတာ ထိထိရောက်ရောက်မလုပ်ခဲ့ပါဘူး။ နောက်ပြီး သေဆုံးခဲ့ရတဲ့သူတွေအတွက်လည်း ဘယ်သူတေ ွကျူးလွန်ခဲ့သလဲ ဆိုတာ ဖေါ်ထုတ်အရေးယူတာမျိုးလည်း မတွေ့ရပါဘူး။ ဒါကြောင့် မြန်မာအစိုးရဟာ ဒီအကြမ်းဖက်မှုတွေကို တကယ်ပဲ ရပ်တန့်စေချင်သလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။"

အခုလို နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်နေချိန်မှာ နိုင်ငံအနှံ့ အမုန်းတရားပြန့်ပွားရေးကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေသူတွေကို ထိထိရောက်ရောက်နဲ့ ထင်သာမြင်သာဖြစ်အောင် အရေးယူ ဖမ်းဆီးတာမျိုး အခုချိန်ထိ မရှိသေးဘူးလို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ထောက်ပြပါတယ်။

“ကျနော်တို့ သေချာပေါက် ပြောနိုင်တာတခုက ရခိုင်ပြည်နယ်မှာ စပြီး ဖြစ်ခဲ့စဉ်ကတည်းက ဒီနေ့အချိန်အထိ အချိန်ကာလ တော်တော့်ကို ကြာသွားပြီ။ နောက် ရခိုင်ကနေ တဆင့် တဆင့် ကူးစက်လာလိုက်တာ ရှမ်းပြည်တို့၊ ရန်ကုန်တိုင်းတို့ ၊ ပဲခူးတိုင်းတို့၊ မန္တလေးတိုင်းတို့ အကုန်လုံး အခု မန္တလေးမြို့တို့မှာတောင် ဖြစ်တာပေါ့နော်။ ဆိုတော့... ဒီဟာတွေမှာ ကျနော်တို့ သေချာပေါက် ပြောနိုင်တာတခုက အစိုးရက ကောင်းကောင်းမကိုင်တွယ်ဘူးဆိုတာတော့ အရမ်းရှင်းလင်းတယ်။ ဥပမာ အမုန်းတရားနဲ့ ပတ်သက်တဲ့ဟာဆိုရင် ဘာမှ သွားတောင်မှ တို့တာ ထိတာ မလုပ်တော့ ပိုပြီးတော့ ဆိုးလာတယ်။ ပိုပြီးတော့မှ ကြမ်းတမ်းလာတာပေါ့။ ပြောတာဆိုတာ လှုံ့ဆော်တာတွေက ပိုပြီးတော့ ဗြောင်ကျလာတယ်။”

တဆက်တည်းပဲ သမ္မတဦးသိန်းစိန်ပြောဆိုခဲ့တဲ့မိန့်ခွန်းနဲ့ ပတ်သက်လို့လည်း သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“သမ္မတက သူပြောတာ အကြိမ်ရေက များနေပြီလေ၊ များနေတော့ သာမန်ပြည်သူတွေကတော့ ဘယ်သူမှ ယုံတယ်ဆိုတာ သိပ်ပြီးတော့ မတွေ့ရဘူး၊ ဒါ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် ရှိသွားပြီပေါ့။ ဒီတကြိမ်မှာ တကယ်မလုပ်ဘူးဆိုရင်တော့ သူ့အတွက်လည်း နာမည်ပျက်စရာဖြစ်မယ်၊ ဒုတိယတခုကတော့ အမုန်းတရား လှုံ့ဆော်နေတယ်ဆိုတာက facebook တခုတည်းမှာ မဟုတ်ပါဘူး၊ တကယ့်တကယ်ကျတော့ စာရွက်တွေနဲ့လည်း ကမ်းတာရှိတယ်။ ပြီးတော့မှ ဘီနိုင်းကြီးတွေ ထောင်ပြီးတော့မှ လုပ်တာတွေရှိတယ်။ လူထုကြားထဲမှာ ပြောင်ပြောင်တင်းတင်း ဟောတာတွေ ရှိတယ်။ နောက် အဲဒီ ဟောပြောချက်တွေကို အသံဖိုင်တွေ၊ ဗွီဒီယို ဖိုင်တွေနဲ့ ၊ ဓာတ်ပြားတွေနဲ့ သေသေချာချာ ဖြန့်ဖြူးတာတွေ ရှိနေတယ်။ အဲဒါတွေအကုန်လုံးကို အရေးယူ ဆောင်ရွက်မှု မလုပ်ဘဲနဲ့တော့ ဒီမီးပွားကြီးဟာ ပျောက်မသွားဘူး။”

ဇူလိုင်လ (၁) ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့က အကြမ်းဖက် ပဋိပက္ခတွေမှာ သံသယရှိသူ ၁၆ ဦး အပါအဝင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ စုစုပေါင်း ၃၆၂ ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း မန္တလေးတိုင်း ရဲတပ်ဖဲ့ွက ပြောပါတယ်။ လူသတ်မှု (၂) မှု၊ နာကျင်စေမှု (၃) မှု၊ မီးရှို့မှု (၁) မှုတွေအတွက် သံသယရှိသူတွေကိုတော့ အာဏာပိုင်တွေက စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားတာပါ။ ဒီအကြမ်းဖက်မှုမှာ လူနှစ်ဦး သေဆုံးပြီး လူ ၁ ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

XS
SM
MD
LG