သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းက ကြိုးစားရန် သမ္မတတိုက်တွန်း


မြန်မာသမ္မတ ဦးသိန်းစိန်
မြန်မာသမ္မတ ဦးသိန်းစိန်
စစ်အစိုးရလက်ထက်က ပြင်ဖို့ခက်အောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဥပဒေဘောင်အတွင်းက ပြင်ဖို့ကြိုးစားကြပါရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေပေမဲ့ အောက်ခြေမှာ တောက်လျှောက်တိုက်ပွဲတွေ ပြန်ဖြစ်နေဆဲအခြေအနေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ရှည်သည်းခံကြဖို့ကိုလည်း လစဉ် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထည့်သွင်းပြောသွားခဲ့ပါတယ်။
အပြည်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အအခြေခံ ဥပဒေကို နိုင်ငံကြီးသားပီသစွာနဲ့ ပြဌာန်းထားတဲ့ ဥပဒေမူဘောင်ထဲက ပြင်ဆင်ဖို့လိုတယ်ဆိုပြီးတော့ သမ္မတ ဦးသိန်းစိန်က သူရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းနေတဲ့သူတွေ ကို တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

“လက်ရှိပြဌာန်းထားတဲ့ ဥပဒေဘောင်ထဲကနေ စနစ်တကျ ကြိုးပမ်းအားထုတ်ကြရမှာဖြစ်သလို လက်ရှိပြဌာန်းထားတဲ့ ဥပဒေမူဘောင်များကို ကျနော်အပါအဝင် နိုင်ငံသားအားလုံးက အလေးထား၊ လေးစားလိုက်နာကြရမှာလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိတို့ ပြင်ဆင်ကြိုးပမ်းတဲ့ ဥပဒေများ တည်မြဲနေစဉ်မှာတော့ မကြိုက်မနှစ်သက်သော်လည်း နိုင်ငံကြီးသားပီသစွာ တရားဥပဒေကို လေးစားလိုက်နာရေးဓလေ့ အမြစ်တွယ်ခိုင်မာရေးအတွက် လက်ရှိပြဌာန်းထားတဲ့ ဥပဒေများကို လေးစားလိုက်နာကြရမှာဖြစ်ပါတယ်။ ဒီလို တရားဥပဒေရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ခြင်းဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသက်ဝင် ရှင်သန်ရေးအတွက် အလွန်အရေးကြီးလှပါတယ်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ ပုဒ်မ (၄၃၆) အရ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ခက်ခဲအောင်လုပ်ထားတာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြင်ရေးကို ဥပဒေအရ သမ္မတက ဥပဒေပါအတိုင်း ပြင်ပါလို့ ပြောဆိုလိုက်တဲ့အပေါ်မှာ အနည်းငယ် အံအားသင့်မိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဝင်လည်း ဖြစ်၊ ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ဥပဒေကိုပြင်ရင် တည်ဆဲဥပဒေမှာပါတဲ့ နည်းလမ်းတွေအတိုင်း ပြင်ဖို့ဆိုပြီး သူက ပြောတော့ ရိုးရိုးဥပဒေတွေကိုပြင်ရင်က အဓိပ္ပာယ်တမျိုးဗျ။ ရိုးရိုးဥပဒေကိုပြင်တဲ့အခါကျတော့ တည်ဆဲဥပဒေမှာပါတဲ့နည်းလမ်းကို ပြောမယ်ဆိုရင် လွှတ်တော်မှာ မဲအများစုဆန္ဒနဲ့ ဆုံးဖြတ်လိုက်ရုံပါပဲ၊ ဒါက ဘာမှ ခက်ခက်ခဲခဲမဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ အဓိပ္ပာယ်က တမျိုးခင်ဗျ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ ရဲ့ နည်းလမ်းအတိုင်းပဲ ပြင်ရတော့မယ်-ကျနော်တို့က။ အဲဒီတော့ အဲဒီဥပဒေကို လေးစားလိုက်နာပြီး အဲဒီဥပဒေအတိုင်းပြင်ရေးကို ပြောတဲ့အခါကျတော့ ကျနော်တို့မှာ အခက်အခဲဖြစ်တယ်။ ဘာကြောင့်တုန်းဆိုတော့ ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်လို့မရအောင်ကို တမင်ရည်ရွယ် ပိတ်ဆို့ထားတဲ့ပြဌာန်းချက် ဖြစ်နေတယ်။”

လက်ရှိဖော်ဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောဆိုသွားခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် လက်မှတ် ရေးထိုးနိုင်ဖို့ဆွေးနွေးမယ့် ဘားအံဆွေးနွေးပွဲအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေနဲ့ အသေးစိတ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ လည်း သမ္မတက ပြောပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် နှစ်ဖက် စိတ်ရှည်ရှည်ထားပြီး ဆောင်ရွက်ဖို့ လိုတယ်ဆိုပြီးတော့လည်း သမ္မတက ပြောပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ အောင်မြင်စေဖို့အတွက် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနဲ့ သဘောထားကြီးကြီး၊ အမြင်ရှိရှိ၊ စိတ်ရှည်သည်းခံခြင်းများနဲ့ တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်တွေကို နားလည်လက်ခံနိုင်ရန် ကြိုးပမ်းခြင်းတို့ဖြင့် အတူလက်တွဲဆောင်ရွက်ကြဖို့လည်း ထပ်လောင်း တိုက်တွန်းလိုပါတယ်။”

ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့အတွက် လက်နက်ကိုင်တွေ ဘက်က အဆင့်ဆင့် လိုက်လျောပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ လက်မှတ်ထိုး ခါနီးကျမှ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပလောင်ဒေသတွေမှ တိုက်ပွဲတွေ ပြန်ဖြစ်နေတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ မြန်မာစစ်ရေးလေ့လာအကဲဖြတ်တွေကဆိုပါတယ်။

လက်တွေမှာတော့ ငြိမ်းချမ်း ဖြစ်စဉ်တွေ မှာ တပ်မတော်ဘက်က ပူးပေါင်း ပါဝင်မှု အားနည်လို့ တိုက်ပွဲတွေ ပြန်ဖြစ်နေရတာဖြစ်ပြီး လတ်တလော တိုက်ပွဲတွေ မှာ ၂ ဖက် အကျဆုံးကလည်း များတာကြောင့် သမ္မတ ရဲ့ စိတ်ရှည်သည်းခံပါလို့ ပြောဆိုချက်ဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ တရုတ်- မြန်မာနယ်စပ်မှာ နေထိုင်တဲ့ မြန်မာ့ စစ်ရေး လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“စစ်က မရပ်ဘူး၊ တလျှောက်လုံး ဟိုမှာနည်းနည်း ဒီမှာနည်းနည်းဖြစ်နေတာ။ အဲဒီတော့ နှစ်ဘက် အောက်ခြေစစ်သားများအဖို့က တော်တော့်ကို ဒုက္ခရောက်ပါတယ်။ အကျအဆုံးတွေလည်း အင်မတန် များပါတယ်။ ပလောင်ဒေသမှာ ခင်ဗျားတို့လည်း ကြားမှာပေါ့ဗျာ။ တပ်ရင်းမှူး သုံးလေးယောက် ဒီအတောအတွင်းမှာကို သေသွားကြပြီ။ စစ်သားလည်း အနည်းဆုံးမရှိရင် သုံးလေးဆယ်တော့ ပလောင် ဒေသမှာ သုံးလေးဆယ် သေပြီ။ တပ်ရင်းမှူး ကျနော်မှတ်မိသလောက် (၅၀၅) တပ်ရင်းမှူး၊ (၅၀၆) တပ်ရင်းမှူးတွေ သေကြပြီ။ တိုင်းရင်းသားတွေဘက်ကတော့ တော်တော် ကန်းကုန်လာပြီ။ တော်တော်များကြီးလျှော့ခဲ့တယ်။ လက်မှတ်စုထိုးမယ်ဆိုတဲ့ အခြေအနေလည်းဖြစ်လာတယ်။ တကယ်တန်း လက်မှတ်ကို သေသေချာချာ ကျကျနန နိုင်ငံရေးမူဘောင်နဲ့ သတ်မှတ်ပြီး ထိုးနိုင်မယ်ဆိုရင် ဒါ အင်မတန်ကောင်းတဲ့ အလားအလာပေါ့ဗျာ။”

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအနေနဲ့လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ အဆိုးမြင်ခြင်းနဲ့ အပြစ်တင်ခြင်း ဆိုတဲ့ ရှုမြင်ခြင်းမထားဖို့နဲ့ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ မျှတစွာယှဉ်ပြိုင်ခွင့်ရှိတဲ့ စီးပွားရေးပတ်ဝန်းကျင် တစ်ရပ် တည်ဆောက်နေခြင်းကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအနေနဲ့လည်း ထိရောက်စွာ ပူးပေါင်းပါဝင်ကြဖို့လည်း သမ္မတက ဒီကနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်ခင်ဗျား။
XS
SM
MD
LG