သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းထိန် ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်


 စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြနေသည့် NLD ပါတီ နာယက ဦးဝင်းထိန် (၀၂၊ ၀၂၊ ၂၁)
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြနေသည့် NLD ပါတီ နာယက ဦးဝင်းထိန် (၀၂၊ ၀၂၊ ၂၁)

Zawgyi/Unicode

NLD ပါတီ သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းထိန်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ဖို့ တရားရုံးက ဒီကနေ့ဆုံးဖြတ်လိုက်တယ်လို့ သူ့ရှေ့နေကပြောပါတယ်။ဒီချမှတ်ချက်နဲ့ပတ်သက်ပြီး အထက်ရုံး တက်သွားဖို့ရှိတယ်လို့ ရှေ့နေတွေကပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ ရုံးချိန်းတွေကိုတော့ ရက်ရွှေ့လိုက်ပါတယ်။ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။
ဦးဝင်းထိန်ကို တသက်တကျွန်းထိ ပြစ်ဒဏ်ပေးနိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နဲ့ စွဲချက်တင်ဖို့ တရားရုံးက သောကြာနေ့မှာ ဆုံးဖြတ်လိုက်တယ်လို့ သူ့ရှေ့နေ ဦးမြင့်သွင်က ဗွီအိုအေကိုပြောပါတယ်။
"ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နဲ့ စွဲချက်တင်ပါတယ်၊ စွဲချက်မတင်သင့်ကြောင်း တက်ပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ အန်ကယ်ဦးဝင်းထိန်ကို ဘာကြောင့်မှ စွဲချက်မတင်သင့်တာနဲ့ တရားစွဲထားတာပါ။ ဥပဒေနဲ့ မညီညွတ်တာကို တရားစွဲထားတာဖြစ်နေလို့ စွဲချက်မတင်သင့်တဲ့အကြောင်း ကျနော်တို့တင်ပေးမှာပါ။ ၁၉၃၉ ခု သခင်အေးမောင်နဲ့ အစိုးရစီရင်ထုံးမှာ နိုင်ငံရေးသမားရယ်။ သတင်းစာဆရာရယ် စာရေးဆရာရယ်က အစိုးရကို စေတနာနဲ့ ဝေဖန်ခွင့်ရှိတယ်ဆိုတဲ့ စီရင်ထုံးရှိသလို အခုတရားစွဲတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄- က ရှင်းလင်းချက် ၁ အရ ဘယ်အစိုးရမဆို ဥပဒေနဲ့ မညီတဲ့ကိစ္စတွေကို မှားနေတယ်ဆိုတဲ့အကြောင်းထောက်ပြတာသည် ပြစ်မှုမမြောက်ဘူးလို့ ပြဌာန်းထားပါတယ်။ အန်ကယ်ဦးဝင်းထိန်ပြောတဲ့စကားတွေ သူတို့စွပ်စွဲတဲ့ သတင်းစာရှင်းလင်းပွဲစ ကားတွေဟာ သူတို့ကိုစေတနာနဲ့ပြောတဲ့ နိုင်ငံရေးသမားတယောက်စာရေးစရာတယောက်ရဲ့ စကားတွေဟာ စေတနာနဲ့ပြောတဲ့ ပြောဆိုဝေဖန်ချက်ဖြစ်တဲ့ အတွက် ပြစ်မှုမမြောက်တဲ့အတွက် စွဲချက်မတင်သင့်ကြောင်းတက်ပေးမှာပါ။"
ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဆိုတာ ဘယ်သူမဆို နှုတ်နဲ့၊ စာနဲ့၊ အမှတ်အသားနဲ့၊ ထင်ရှားတဲ့အချက်နဲ့ ဒါတွေအပြင် တခြားတနည်းနည်းနဲ့ပြည်ထောင်စုနဲ့ ပြည်ထောင်စုအဖွဲ့ဝင်များ၊ ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းအောင်၊ မလေးစားအောင်လုပ်တာ ဒါမှမဟုတ် အဲဒီလိုဖြစ်စေအောင်လှုံ့ဆာ်တာ၊ လှုံ့ဆော်ဖို့ လုပ်ဆောင်တာတွေ လုပ်ခဲ့သူကို ငွေဒဏ်နဲ့အတူတသက်တကျွန်းဒဏ်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ငွေဒဏ်နဲ့အတူ တသက်တကျွန်းအောက်လျော့တဲ့ တကျွန်းဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်နဲ့အတူ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်သက်သက်ဖြစ်ဖြစ် ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်ပါတယ်။
စွဲချက်တင်တာမှာ အပြစ်ရှိမရှိ တရားသူကြီးက ဦးဝင်းထိန်ကိုမေးခဲ့တာမှာ ဦးဝင်းထိန်ကတော့ အပြစ်မရှိကြောင်းနဲ့ နိုင်ငံတော်အာဏာကိုယူထားတဲ့ ပါတီကြီးတခုရဲ့ သဘာပတိအနေနဲ့ ရုတ်တရက်ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ တာဝန်ရှိတယ်လို့ယူဆပြီး ပြောသင့်၊ ပြောထိုက်တဲ့စကားကို ပြောခဲ့ပြီးတော့မှ ပါတီရဲ့သဘောထားကို မဲဆန္ဒရှင်တွေ သိစေချင်တဲ့ဆန္ဒနဲ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်တာမို့ အပြစ်မရှိဘူးလို့ ငြင်းတဲ့အကြောင်း ရှေ့နေကပြောပါတယ်။
ဦးဝင်းထိန်ကို ဥတ္တရခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက တရားလိုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာပါ။
NLD ပါတီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ်တဲ့ ပြည်သူသို့ပန်ကြားချက် ဆိုတဲ့စာနဲ့ အဲဒီနေ့မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို ပြည်သူတွေက မုန်းအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်အောင် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို ပုဒ်မတပ်ပြီး စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။
နောက်ရုံးချိန်းကိုတော့ ဇူလိုင် ၃၀ ရက်နေ့ကို ထပ်ချိန်းလိုက်ပြီး အဲဒီနေ့မှာ စွပ်စွဲခံရသူ ဦးဝင်းထိန်ကို စတင်စစ်ဆေးမှာလို့ သူ့ ရှေ့နေတဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။ အထက်ရုံးကိုပြင်ဆင်ချက်တက်မယ့်အခြေအနေကိုတော့ အသေးစိတ် မပြောနိုင်သေးဘူးလို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
"ဘဘကို ဇူလိုင်လ ၃၀ ရက်နေ့မှ စပြီး စစ်ပါမယ်။ လောလောဆယ်ကတော့ အမိန့်ကူးတာနဲ့ နည်းနည်းတော့နောက်ကျမှာပါ။ အမိန့်က ချက်ချင်း ဒီနေ့ရုံးချိန်းအပြီး ကူးလို့မရသေးဘူးလေ။ နောက်ရုံးဖွင့်ရက်မှ အမိန့်ကိုကူးပြီး အထက်ကိုတက်ဖို့ရှိပါတယ်။ ဘဘကျန်းမာရေးက ကောင်းပါတယ်။ ဘဘကိုမေးတာလည်း အဆင်ပြေတယ်လို့ ပြောပါတယ်။"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အပတ်စဉ်ရုံးချိန်းတွေကိုလည်း လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ပြင်းထန်နေတာမို့လာမယ့်သီတင်းပတ်မှာ ဆက်မစစ်ဘဲ နောက်တပတ်ကျော် ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်မှ ပြန်စစ်မယ်လို့ သူတို့ရှေ့နေတွေကပြောပါတယ်။
မကြာသေးခင်ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားတဲ့ မန္တလေးတိုင်းတရားလွှတ်တော်မှာ ရင်ဆိုင်ရမယ့် အဂတိအမှုတွေကိုလည်း အရင်ချိန်းဆိုထားတဲ့ ဇူလိုင် ၂၂ ရက်အစား ဇူလိုင် ၃၀ ရက်ကို ပြောင်းချိန်းထားတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၄မှု၊ အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုဥ ပဒေပုဒ်မ ၃ (၁) (ဂ)၊ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) တို့အပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှု ၂ ခု စုစုပေါင်း အမှု ၁၀မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode


ဦးဝငျးထိနျကို ဥတ်တရခရိုငျ၊ စီမံအုပျခြုပျရေးအဖှဲ့ဥက်ကဋ်ဌ ဦးအေးလူက တရားလိုလုပျပွီး ရာဇသတျကွီးပုဒျမ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ ဖဖေောျဝါရီလ ၄ ရကျနေ့က တရားရုံးမှာ ဦးတိုကျလြှောကျထားခဲ့တာပါ။


XS
SM
MD
LG