သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဦးဝင်းထိန် ရပ်တည်မည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ရုံးအဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးဟောင်း ဝင်းထိန်ဟာ ကသာထောင်က လွတ်မြောက် လာပြီးတဲ့နောက် နိုင်ငံရေးလုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ပြောပါတယ်။ ဦးဝင်းထိန်ဟာ အကျဉ်းကျခံရစဉ် အစာအိမ်၊ သွေးတိုး၊ နှလုံးနဲ့ အရိုးကျီးပေါင်း တက်တဲ့ ရောဂါတွေကိုလဲ ခံစားခဲ့ရပြီး သူဟာ ချမှတ်ထောင်ဒဏ်ထက် ၂ လကျော်ကြာ ပိုနေထိုင်ခဲ့ရပြီးမှ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးဝင်းထိန်ဟာ မနေ့ကပဲ ကသာထောင်ကနေ လွတ်မြောက်လာခဲ့ပြီး ဒီကနေ့ ရန်ကုန်က သူ့ မိသားစုဆီကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအရဗျာ ဒေါ်စုက မှတ်ပုံမတင်ဘူးဆိုတော့ ကျနော်တို့လဲ မှတ်ပုံမတင်တဲ့အတိုင်း နေရမှာပဲ။ ဒီမှာ ကျနော်က အသက် ၇၀ ရှိတော့မယ်။ ဟိုတုန်းက အင်္ဂလိပ် လက်ထက်မှာကော၊ နိုင်ငံရေး အစိုးရလက်ထက်မှာကော နိုင်ငံရေးလုပ်ချင်တဲ့ကောင် ကိုယ်ဟာကိုယ် ဆိုင်းဘုတ် ထ ထောင်၊ ဘာမှ မှတ်ပုံတင်စရာမလိုဘူး။ ထောက်ခံတဲ့လူရှိရင် အဲဒီပါတီက ကြီးပွားမယ်၊ ထောက်ခံတဲ့လူမရှိရင် အဲဒီပါတီက တုံးသွားမယ်။ ကျနော်က အဲလို သဘောထားတာ။ ကျနော်ကတော့ ဒေါ်စု ဆုံးဖြတ်တဲ့ အတိုင်းပဲ ရပ်တည်ရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီး မတ်လ ၂၉ ရက်နေ့မှာကျင်းပတဲ့ ပါတီ ဗဟိုဦးစီး အဖွဲ့အစည်းအဝေးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိတာကြောင့် ပါတီကို မှတ်ပုံမတင်ဖို့ အများသဘောတူ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီသစ် တည်ထောင်ကြသူတွေအပေါ် သူ့ရဲ့သဘောထားကိုတော့ ဦးဝင်းထိန်က အခုလို ပြောပါတယ်။

“နိုင်ငံရေးက လူတိုင်းလုပ်ကိုင်ခွင့် ရှိတာလေ။ သူတို့ဟာသူတို့ ယုံကြည်လို့ လုပ်ကြတာတော့ ကျနော်က ဘာမှ ဝေဖန်စရာ မလိုပါဘူး။ လုပ်ကြပေါ့။ ဒါက ကျနော့် မူဝါဒနဲ့ မကိုက်တဲ့အတွက်တော့ ကျနော်က ဘာမှ လုပ်မှာ မဟုတ်ဘူး။”

အင်းစိန်၊ မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေးနဲ့ ကသာ အပါအဝင် ထောင် ၅ ထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ဦးဝင်းထိန်ဟာ ထောင်အတွင်းမှာ ရောဂါ အတော်များများ ခံစားခဲ့ရသူလဲ ဖြစ်ပါတယ်။ သူရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကိုတော့ သူက အခုလို ပြောပါတယ်။

“ကျနော်က အခုဒီမှာ ကျန်းမာရေးအရ ဆေးသောက်မလို့ လုပ်နေတာ ၇ မျိုးရှိတယ်။ ရောဂါကတော့ နှလုံးသွေးကြော ကျဉ်းတာရယ်၊ အစာအိမ်အချဉ်ပေါက် တာရယ်၊ နောက် လည်ပင်း အရိုးကျီးပေါင်း တက်တာရယ်၊ နောက်ပြီးတော့ ကျောရိုးက ဘေးက မာဆယ်လ်တွေ တောင့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ငှက်ဖျားဖြစ်တာ ငှက်ဖျား အကြီးအကျယ်ဖြစ်တာ ကသာမှာဗျ။ သွေးတိုးက လာခါနီး နောက်ဆုံး ၂ ရက် ၃ ရက်မှာ အရမ်းဖောက်တာ။”

လွန်ခဲ့တဲ့ ၁ နှစ်လောက်က ကသာထောင်ကို ထောင်ဆရာဝန် ရောက်လာတာကြောင့် နှစ်ပတ်တခါလောက် ကျန်းမာရေး စစ်ဆေး ကြည့်ရှုတာတွေ ရှိပြီး အရင်ကတော့ ဆရာဝန်မရှိလို့ တလကို အကျဉ်းသား တယောက်နှစ်ယောက်လောက် ဆုံးပါးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝင်းထိန်ဟာ ၁၉၉၆ ခုနှစ်က ပြည်ပ သတင်းဌာနတွေကို သတင်းမှားပေးတယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ကသာက တည်းခိုခန်းမှ တညအိပ်ပြီး ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလိုဖမ်းဆီးပြီးတဲ့နောက်မှာ ဘာအကြောင်းပြချက်မှမပေးဘဲ နောက်ထပ် ၂ နှစ်ထပ်မံ အကျဉ်းချထားခဲ့တာပါ။ ဒါကြောင့် မနေ့က ပြန်လည် လွတ်မြောက်လာချိန်မှာ ဦးဝင်းထိန်ဟာ ထောင်အတွင်းမှာ ၁၄ နှစ်နဲ့ ၂ လ နေခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုအကြောင်းပြချက်မပေးဘဲ ပြန်လည် ဖမ်းဆီးပြီး အပြစ်ဒဏ်ရက်ထက် ၂ လကျော်လွန် ဖမ်းဆီးတဲ့ အပေါ်မှာတော့ မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ဝေဖန်ပါတယ်။

“အဲဒီဟာကိုယ်ကစ နအဖက ဥပဒေမဲ့လုပ်ဆောင်နေတာကို ပိုထင်ရှားစေတယ်။ အနိမ့်ဆုံး ဗိုလ်ကြီးဝင်းထိန်ကို ဘာကြောင့် ပြန်ဆွဲတယ်ဆိုတဲ့ဟာကို အနိမ့်ဆုံးအသိပေးရမယ်၊ အကြောင်းကြားရမယ်။ အဲလို အသိပေး အကြောင်းမကြားဘဲနဲ့ လူတယောက်ကို လွတ်ပေးလိုက်တယ်။ ပြန်ထည့်ထားတာကို မတရားသဖြင့် လုပ်တယ်၊ ဥပဒေမဲ့ လုပ်တယ် ဆိုတာကို ပိုပြီးထင်ရှားစေပါတယ်။”

ဒီလိုမျိုး ရက်ကျော် ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ လွှတ်အပြီးမှာ ပြန်ဖမ်းတာတွေဟာ အရင် ကလဲ ဖြစ်ပျက်ခဲ့ဖူးတယ်၊ ဒီလို ဖမ်းဆီးတာတွေဟာ နိုင်ငံအနာဂတ်အတွက် မကောင်းနိုင်ဘူးလို့ ကိုဘိုကြည်က သုံးသပ်ပါတယ်။

“ဟိုးအရင်ကတည်းကလဲ တချို့တွေက ရက်ကျော်ပြီး ပိုနေခဲ့ရတာမျိုးတွေ ရှိတယ်။ ကိုစောဝေဆိုရင် သူအဖမ်းခံရတဲ့အချိန်က စပြီးတော့ ရုံးတင်တဲ့အချိန်ထိ တရားရုံးက လျော့ရက် ခံစားစေလို့ ဆိုပေမဲ့ လျော့ရက်မရဘဲနဲ့ ထောင်ထဲမှာ ပိုနေလိုက်ရတာမျိုးတွေ ရှိတယ်။ အဲဒီရှေ့မှာလဲ အလားတူဖြစ်ပျက်ခဲ့တာတွေ ရှိတယ်။ တချို့တွေဆို ပိုဆိုးတာက လွှတ်ပေးတယ်ဆိုပြီး ထောင်ဗူးဝမှာ လက်မှတ်ထိုး လိုက်ရတယ်။ လက်မှတ်ထိုးပြီးတဲ့အခါ ကျမှ ၁၀(က) နဲ့ ပြန်ဖမ်းတယ်ဆိုပြီးတော့ နောက် ၅ နှစ်ခွဲလောက် နေရတာမျိုးတွေ ရှိတယ်။ ဥပမာ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဌေးကြွယ်တို့ ဒီလူတွေဆို အဲလိုမျိုးနဲ့ နေခဲ့ရတာတွေ ရှိတယ်။ အဲဒီဟာက မြန်မာပြည်မှာ ဥပဒေစိုးမိုးမှု လုံး၀ မရှိဘူးဆိုတာကို ကောက်ချက်ချလို့ ရတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသားတွေကို ဖြစ်နိုင်သမျှ မလွှတ်ဘဲနဲ့ထားချင်တယ် ဆိုတာမျိုးကို လက်တွေ့ ပြနေတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။”

ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ ၁၉၆၃ ခုနှစ်မှာ ဗိုလ်လောင်းသင်တန်း ဆင်းခဲ့ပြီ ၁၉၇၆ ခုနှစ်မှာ ဗိုလ်ကြီး အုံးကျော်မြင့် ဦးဆောင်တဲ့ နိုင်ငံတော်လုပ်ကြံမှုမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲခံရတာကြောင့် တပ်မတော်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG