မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူနေရင်း ၁၉၉၆ ခုနှစ်ထဲက ဖမ်းဆီးထောင်ချ ခံထားရသူ ဦးဝင်းထိန်ဟာ ဒီနေ့မှာပဲ ကသာထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။
လောလောဆယ် မန္တလေးကို သင်္ဘောနဲ့ သွားနေတယ်လို့ သူ့မိသားစုဝင်က အတည်ပြုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် စစ်တပ်အရာရှိဟောင်း တယောက်ဖြစ်တဲ့ ဗိုလ်ကြီးဝင်းထိန်ဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျ အခြေစိုက် ABC ရုပ်သံကို အင်တာဗျူး ပေးတဲ့အတွက် ထောင်ဒဏ် ၇ နှစ်၊ တခါ ဟင်္သာတဘက်က လယ်သမားတွေ နွေစပါး မအောင်တဲ့အကြောင်း ကုလသမဂ္ဂကို စာပို့တဲ့အတွက် ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ၁၄ နှစ် ချခံခဲ့ရတာပါ။
၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ သူပါပြီး အကျဉ်းထောင်ကနေ လွတ်လာခဲ့ပေမဲ့ နေအိမ်မရောက်ခင်မှာဘဲ ပြန်အဖမ်းခံရပြီး ထောင်ထဲ ပြန်ပို့ခံခဲ့ရတာ ဖြစ်ပါတယ်။