သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့်ရဲ့ ငြိမ်းချမ်းရေးနဲ့ မီဒီယာလွတ်လပ်ခွင့်အမြင်အပေါ် သုံးသပ်ချက်


သမ္မတဦးဝင်းမြင့်

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် မှာ သမ္မတအဖြစ်ရွေးချယ်ခံရတဲ့ ဦးဝင်းမြင့်နဲ့ ဒုတိယ သမ္မတနှစ်ဦးက လွှတ်တော် နာယကတွေရဲ့ ရှေ့မှာ ကျမ်းကျိန် ကတိသစ္စာပြုလိုက်ပါတယ်။ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ပန်းတိုင်(၃)ရပ်ကို ဦးတည် လုပ်ဆောင် မယ်လို့ သမ္မတဦးဝင်းမြင့်ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ပန်းတိုင်သုံးရပ်ဟာ တစ်ခုနဲ့တစ်ခုအမှီသဟဲ ပြုနေတာကြောင့် အစိုးရအနေနဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင်သွားနိုင်ဖို့သာ လိုအပ်ကြောင်း နိုင်ငံရေးနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတချို့ကသူတွေက ထောက်ပြထားပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် က မေးမြန်းတင်ပြပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်သွားတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတဦးဝင်းမြင့် ပြောသွားတဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင် ၃ခုဟာ ကျန်ရှိတဲ့ NLD အစိုးရ သက်တမ်းအတွင်း ခက်ခက်ခဲခဲ ဖော်ဆောင်ရမယ့် အရာတွေဖြစ်နေပါတယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ အဆင့်ဆင့် ဆောင်ရွက်တဲ့နေရာမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

၂၀၁၅ နိုဝင်ဘာလ၊ ၈ ရက် ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေးသဘောထားကို အခြေခံပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဖို့ စာပေးပို့ တောင်းဆိုခဲ့တာကို ကြည့်မယ်ဆိုရင် NLD အစိုးရအနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အားစိုက် ဆောင်ရွက်နေတယ်ဆိုတာ ထင်ရှားပါတယ်။

အခု ဦးဝင်းမြင့်အစိုးရ တာဝန်ယူမယ့် လက်ကျန်သက်တမ်း အတွင်းမှာလည်း ဒီကိစ္စကို အဓိက ဆောင်ရွက် သွားမယ်ဆိုတာ ထင်ရှားနေပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ် ရေထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြားမှာတောင် သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အတွက် ငြိမ်းချမ်းရေးကို အချိန်ယူဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အများစုက ယူဆထားကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး ရခိုင်အမျိုးသားကောင်စီ (ANC)ရဲ့ အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ပြောခွင့်ရလည်းဖြစ်တဲ့ ဦးထွန်းဇော်က သမ္မတမိန့်ခွန်းနဲ့ ပတ်သတ်ပြီး အခုလို သုံးသပ်ပြပါတယ်။

“သူပြောဆိုချက်တွေကတော့ အားရကျေနပ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့ပေါ့၊ လက်တွေ့ဖော်ဆောင်တဲ့ အခါမှာ ရည်မှန်းချက်ကို ပြည့်မီအောင် သူလုပ်နိုင်မလား အဲဒါကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဓိက အရေးအကြီးဆုံးကတော့ ဒီတိုင်းပြည်က လူမျိုးပေါင်းစုံနဲ့ စုဖွဲ့တည်ဆောက်ထားတဲ့ တိုင်းပြည် ဖြစ်တယ်။ အဲဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု မပေါ်ထွန်းသရွေ့ ကာလပတ်လုံး ဒီတိုင်းပြည်ဟာလည်း ရေရှည် တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူး။ ဒီသမ္မတဦးဝင်းမြင့် လက်ထက်မှာတော့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမိုလက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ဆိုရင် အခုလက်ရှိ တိုင်းရင်းသား နယ်မြေတွေမှာ အစိုးရတပ်မတော် အနေနဲ့ အကြောင်းအမျိုးမျိုးပြပြီး ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေကို အမြန်ဆုံး ရပ်ဆိုင်းပြီးမှ တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးကို ဖော်ဆောင်ဖို့ လိုပါတယ်”

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆော်ကနိုင်ဖို့ဆိုလျှင် အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲတွေကို အမြန်ဆုံးဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ဦးထွန်းဇော်ကဆက်ပြောပါတယ်။

“အဲဒီလိုမျိုး အနှစ်သာရ ပြည့်ဝတဲ့၊ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကနေ တစ်ဆင့်ပဲ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နော် အခြေခံနိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို နော် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖော်ဆောင်နိုင်ဖို့လိုမယ်လို့ ကျွန်တော်တို့မြင်တယ်။ အကြောင်းအမျိုးမျိုး ပြပြီးတော့မှပေါ့လေ ဒီရှမ်းမှာတစ်မျိုး၊ ရခိုင်မှာတစ်မျိုး၊ မွန်မှာတစ်မျိုး ကန့်သတ်နေတာတွေ ကတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့မြင်တယ်။”

သမ္မတရဲ့မိန့်ခွန်းမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့ ပြောသွားတာကိုလည်း တွေ့ရပါတယ်။ မြန်မာသတင်းပညာ သိပ္ပံသင်တန်းမှူး တစ်ဦးဖြစ်တဲ့ ဦးဇော်ထိုက်က သူ့ရဲ့အမြင်ကို အခုလို ပြောပြပါတယ်။

“အလေးထားမယ်ဆိုတာက တအားကြီး ယေဘုယျဆန်တယ်။ ဘာလုပ်ပေးမလဲ ဘယ်လိုမျိုး မူဝါဒတွေ ပြောင်းလဲ ပေးမလဲဆိုတာတော့ မသိရသေးဘူး။ ဒါပေမဲ့ အကောင်းဘက်တော့ မျှော်လင့်ပါတယ်။ လက်ရှိထက်တော့ တိုးတက်မှုတွေ ရှိလာနိုင်စရာ ရှိတယ်လို့တော့ မြင်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်က ဘယ်လိုနေလဲဆိုတော့ သတင်းသမားတွေက အစိုးကကိုယ်တိုင်ကိုယ်က တရားစွဲမှုတွေကို လူးလှိမ့်ပြီး ခံနေရတယ်။ အဲဒီတော့ ၂၀၁၀ ရှေ့ပိုင်းပေါ့နော် ဒီမိုကရေစီ မဖြစ်ခင် စစ်အစိုးရကာလနဲ့ ယှဉ်ရင်ပေါ့ နည်းနည်းလေး သာသလို ရှိပေမဲ့ တိုးတက်သင့်သလောက်တော့ လုံးဝတိုးတက်လာခြင်း မရှိဘူးပေါ့နော် အဲလိုတော့မြင်ပါတယ်။ သတင်းလွတ်လပ်ခွင့် အခြေအနေကတော့ မကောင်းသေးဘူးပေါ့”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပါအဝင် မူးယစ်ဆေးဝါး ကိစ္စတွေကို နှိမ်နင်း ဆောင်ရွက်တဲ့နေရာမှာလည်း အစိုးရ အဆက်ဆက်မှာ အားနည်းချက်တွေရှိပါတယ်။ သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ကိုသီဟသွေးကသူ့ရဲ့အမြင်ကို အခုလို သုံးသပ်ပြပါတယ်။

“ကျွန်တော့်အမြင်ပြောရရင် ပြီးခဲ့တဲ့ သမ္မတပေါ့နော် ဦးထင်ကျော်လက်ထက်မှာ ဒီကိစ္စတွေကို မကိုင်တွယ်နိုင်ဘူး ဆိုတာက အရပ်သားတွေအနေနဲ့ ဒီလိုမျိုး လုံခြုံရေးကိစ္စတွေ၊ တရားဥပဒေကိစ္စတွေကို မကျွမ်းကျင် မနိုင်နင်းတာလည်း ကျွန်တော်တို့ ဒီလို စီမံကိန်းတွေချပြီးတော့ အကောင်အထည်ဖော်ဖို့ နောက်ပြီးတော့ တကယ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ ယန္တရား တစ်ခုဖြစ်အောင် ပြည်ထဲရေးဝန်ကြီးဌာန Transform ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်တဲ့ပြဿနာပဲ။ ဦးဝင်းမြင့်လက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာနကို ဒီလိုကိစ္စမျိုးတွေ တိတိကျကျ ကိုင်တွယ်နိုင်အောင်၊ ပြီးတော့ မဟာဗျူဟာကျကျ တကယ်ကိုပပျောက်အောင် ကိုင်တွယ် နိုင်အောင်ပေါ့ စီမံချက်ရေးဆွဲပြီး လုပ်နိုင်မှာဖြစ်ပါမယ်။”

သမ္မတဦးဝင်းမြင့်မိန့်ခွန်းရဲ့ အဆုံးမှာတော့ သူ့အနေနဲ့ ပြည်သူတွေ မြင်ချင်၊ တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်အောင် ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြု သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG