သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင် ကျန်းမာရေးအခြေအနေ စိုးရိမ်ရဆဲ


ဦးဝင်းတင်အား လာရောက်ကြည့်ရှုအားပေးစကားပြောကြားနေသော NLD နာယက ဦးတင်ဦး။ (ဓာတ်ပုံ-ဒေါ်ဖြူဖြူသင်း-FB)
ဦးဝင်းတင်အား လာရောက်ကြည့်ရှုအားပေးစကားပြောကြားနေသော NLD နာယက ဦးတင်ဦး။ (ဓာတ်ပုံ-ဒေါ်ဖြူဖြူသင်း-FB)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကအဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရဆဲ အခြေအနေမှာရှိနေသေးတယ်လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုပေးနေသူတဦးဖြစ်တဲ့ ကိုပေါက်က ပြောပါတယ်။ ရန်ကုန်ဆေးရုံကြီးက ICU အရေးပေါ်အခန်းမှာ တင်ထားရဆဲဖြစ်ပြီး - အသံမလွှင့်ခင် အချိန်မှာ ဆက်သွယ်မေးမြန်းကြည့်တော့ တတိယအကြိမ်မြောက် ကျောက်ကပ်ဆေးဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ကိုပေါက်က အခုလို ပြောပြပါတယ်။

“ဒီကနေ့ condition ကတော့ တတိယအကြိမ် ကျောက်ကပ်ဆေးဖို့ ပြင်ဆင်နေကြပါတယ်။ မနေ့က ဒုတိယအကြိမ်ဆေးပြီးတော့ ညပိုင်းမှာတော့ နည်းနည်းလေး အက်စမာထတော့ မောတာပေါ့နော်။ အသက်ရှူမမှန်ဖြစ်တာ၊ နှလုံးခုန်မမှန်ဖြစ်တာလေးတွေ ရှိပါတယ်။ ဆရာဝန်ကြီးတွေအပြောအရတော့ အဆုတ်ထဲကို ရေနည်းနည်းရောက်တဲ့သဘောရှိလို့ ပင်ပင်ပန်းပန်း အသက်ရှူရတဲ့သဘောတွေပေါ့နော်။ အခုအချိန်အထိ ICU အထူးခန်းမှာပါခင်ဗျ။ အတွင်းခန်းမှာပါ။

လောလောဆယ်မှာ အဆုတ်မှာလည်း အမှေးပါးယောင်ပြီး ရေဝင်ချင်သလို ဖြစ်နေတယ်၊ နဂိုရ်ဆေးရုံတက်တာကလည်း အစာအိမ်နဲ့အူလမ်းကြောင်းမှာ ဂက်စ်ထွက်တဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တယ်။ ပြောရရင်တော့ တော်တော်လေး စုံနေတဲ့သဘောတော့ရှိပါတယ်။ အခု အဓိက ကတော့ ကျောက်ကပ်က အလုပ်မလုပ်တဲ့အတွက် အဆိပ်တက်တာတွေ များမှာစိုးတဲ့အတွက် ကျောက်ကပ်ဆေးနေရတာဖြစ်ပါတယ်။ အခုအချိန်က စိုးရိမ်နေရဆဲ အခြေအနေပါပဲခင်ဗျ။ တိုးတက်တယ်လို့ ဆရာဝန်ကြီးတွေက မပြောပါဘူး။”

လောလောဆယ်မှာတော့ ဦးဝင်းတင်ကို လူနာလာကြည့် မေးမြန်းသူတွေရှိပေမယ့် စကားပြန်ပြောနိုင်ခြင်းတော့ မရှိဘူးလို့ ကိုပေါက်က ပြောပြပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေလည်း ဦးဝင်းတင်ကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။ အသက် ၈၄ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ သူ့မွေးနေ့ဖြစ်တဲ့ မတ်လ ၁၂ ရက်နေ့ည ၈ နာရီကျော်ကျော်လောက်မှာပဲ ရုတ်တရက် ကျန်းမာရေး အခြေအနေကြောင့် လမ်းမတော်မြို့နယ်မှာရှိတဲ့ Green Cross ဆေးရုံကို ပို့ခဲ့ရတာပါ။

Green Cross ဆေးရုံမှာ သီတင်းပတ်နဲ့ချီ ဆေးကုသခံနေရာကနေ ဆရာဝန်တွေရဲ့ အကြံပြုချက်နဲ့ပဲ ဝိတိုရိယဆေးရုံကို ပြောင်းရွှေ့ကုသပေးခဲ့ပြီး ဝိတိုရိယဆေးရုံမှာလည်း ICU မှာ တစ်ရက် နေခဲ့ရပြီး နောက် ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသမှု ခံယူနေတာဖြစ်ပါတယ်။ အခုဆိုရင် ဆေးကုသမှု ခံယူနေတာ စုစုပေါင်း ၁ လနဲ့ သီတင်း ၁ ပတ် ရှိပြီလည်း ဖြစ်ပါတယ်။
XS
SM
MD
LG