သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်သို့ ဂါရဝစကား


ဦးဝင်းတင် (Photo from U Win Tin Foundation)
ဦးဝင်းတင် (Photo from U Win Tin Foundation)
အခုရက်ပိုင်းအတွင်းမှာ ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ရဲစွမ်းသတ္တိ အပြည့်အဝရှိပြီး၊ အမှန်တရားကို ပြောရဲတဲ့သူ၊ သူ့ယုံကြည်ချက်အတွက် ခိုင်မာပြတ်သားစွာ ရပ်တည်သူတဦးဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ထိတွေ့ဖူးသူ ပြည်ပပုဂ္ဂိုလ်တွေက ပြောကြားလိုက်ပါတယ်။ အမေရိကန်ပါမောက္ခ David Steinberg နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojae Quintana တို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု Georgetown တက္ကသိုလ်မှာ ပညာအရှိန်အဝါ ကြီးမားလှတဲ့ ပါမောက္ခ David Steinberg ဟာ မြန်မာ့အရေး ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ရဲ့ ဂုဏ်ပုဒ်တွေကိုတော့ သူက အခုလို စတင် ချီးကျူးပါတယ်။

“ဦးဝင်းတင်ဟာ သိပ်ကို ရဲရင့်တဲ့ လူတယောက်၊ NLD အမှုဆောင်တွေထဲမှာ ကျနော်သိသလောက် အပြတ်သားဆုံးလည်း ဖြစ်ပါတယ်။ သိပ်လည်းတော်တယ်၊ ဘဝကိုမြှုပ်နှံလုပ်ကိုင်ခဲ့သလို၊ အများဆုံး ပေးဆပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ကျနော်တို့ဟာ သူ့အကြောင်း မကြာခန တွေးမိပါတယ်။”

မေး။ ။ ဆရာကြီး ဦးဝင်းတင်နဲ့ လူချင်းဆုံဖူးပါသလားခင်ဗျာ။
ဖြေ။ ။ “တွေ့ဖူးပါတယ်။ အစက ကျနော် သူ့ကို မသိပါဘူး။ ကျနော် မြန်မာပြည်ကို ရောက်နေတဲ့ အချိန်တိုင်းလိုလို သူကထောင်ထဲမှာပဲ ရှိနေခဲ့တာပါ။ ဆိုတော့ သူ့ကိုတွေ့တဲ့အခါတိုင်း သူမှန်းမသိခဲ့ပါဘူး။ ဒါပေမဲ့ သူမှန်းသိပြီး တကယ်တွေ့လာရတော့ သူဟာ သိပ်ကိုပြတ်သားတဲ့လူဆိုတာ သိရပါတယ်။”

မေး။ ။ ဦးဝင်းတင် ထားရစ်ခဲ့တဲ့ အမွေအနှစ် Legacy ဟာ ဘာတွေဖြစ်မယ်လို့ ပြောချင်ပါသလဲ။
ဖြေ။ ။ “သူချမှတ် ပြသသွားတာကတော့ လွတ်လပ်မှုရဲ့ခွန်အား၊ ယုံကြည်မှုအပေါ် ပြတ်ပြတ်သားသား ရပ်တည်ပြီး ဖော်ထုတ်ရဲခြင်း၊ ယုံကြည်ချက်အပေါ် တသက်လုံး မြှုပ်နှံသွားတာ၊ စိတ်ဓာတ်အရည်အသွေးကောင်း ပြသသွားတာတွေပါပဲ။ အရာတိုင်းမှာ သူနဲ့ ထပ်တူထပ်မျှ သဘောတူညီဖို့ မလိုပါဘူး။ အရေးကြီးတာက ကိုယ်ကျင့် စရိုက်လက္ခဏာ ခွန်အားကြီးမှုပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ လူ့အဖွဲ့အစည်းတိုင်းမှာ ခေတ်အဆက်ဆက် သိပ်ကိုအရေးပါတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ ဒီအချက်ကို ဦးဝင်းတင်က ပြသသွားခဲ့ပါတယ်။”
မေး။ ။ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိက သဘောကွဲတယ်လို့ ကျနော်ထင်တဲ့ ကိစ္စကတော့ အပေါ်က ချမှတ်ပေးတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဆရာဦးဝင်းတင်က လက်မခံလိုခြင်းပဲ ဖြစ်မယ်ထင်ပါတယ်။
ဖြေ။ ။ “ဒါ့ကြောင့် ပြောတာပေါ့၊ သူနဲ့ သဘောတူရမယ်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကိုအထင်ကြီးရတယ်၊ လေးစားရပါတယ်။ ဒါကအရေးကြီးပါတယ်။ သဘောတူဖို့က အရေးမကြီးပါဘူး။ ကျနော့်အမြင်မှာ ကိုယ့်အယူအဆကို ဉာဏ်ပညာသုံးပြီးတော့ ပြောပြဆွေးနွေးနိုင်တယ်၊ သူများကို ရှင်းလင်းပြနိုင်တယ်။ ဒါတွေက အရေးကြီးပါတယ်။ ဒါတွေအားလုံးကို ဦးဝင်းတင် လုပ်ခဲ့ပါတယ်။”

ဆက်လက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojae Quintana ကလည်း ဆရာဦးဝင်းတင်ကို ပုဂ္ဂိုလ်ထူးတဦးဖြစ်တယ်လို့ ချီးကျူးပါတယ်။

“ကျနော်ထောင်ထဲမှာ တွေ့ရတဲ့ ပုဂ္ဂိုလ်ထူးတဦးကတော့ ထောင်ဒဏ် ၁၉ နှစ် ကျခံထားရတဲ့ ဦးဝင်းတင် ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ဘယ်လောက် ကြံ့ကြံ့ခံနိုင်တယ်ဆိုတာ ကျနော် သိပ်အံ့အားသင့်ရပါတယ်။ သူ့ရဲ့မူဝါဒအပေါ် ပြတ်သားတဲ့ ရပ်တည်မှုဟာလည်း ခိုင်မြဲလှပါတယ်။ ကျနော် သူနဲ့တွေ့ပြီး သူလွတ်မြောက်လာလို့ အထူးဝမ်းမြောက်ခဲ့ရပါတယ်။ လွတ်မြောက်လာပြီးတော့လည်း မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် ဆက်လက် ဆောင်ရွက်ပါတယ်။ ဒီအရေးတွေအတွက် ဦးဝင်းတင်ဟာ ခြေကုပ်စခန်းကြီးတခု၊ မပြိုလဲနိုင်တဲ့ ခံတပ်ကြီးတခုပါ။ မြန်မာနိုင်ငံအတွက်၊ အနာဂတ်အတွက် သိပ်အရေးပါတဲ့ ပုဂ္ဂိုလ်ပါ။”

ဆရာဦးဝင်းတင် ထားရစ်ခဲ့တဲ့ အစဉ်အလာ အမွေအနှစ်ကိုလည်း ပါမောက္ခ ကင်တားနားက အခုလို သုံးသပ်ပြပါတယ်။

“တိုင်းပြည်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဒီမိုကရေစီလမ်းကြောင်းက သွေဖီမသွားဖို့၊ တွေဝေမနေဖ့ိုပဲ ဖြစ်ပါတယ်။ သူဟာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ စုဝေးခွင့်တို့အတွက် သူ့ဘဝမှာ အနှစ် ၂၀ လောက် စတေး ပေးဆပ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အသိုင်းအဝိုင်းကရော စီးပွားရေး အသိုင်းအဝိုင်းကပါ ဒီအချက်ကို မမေ့သင့်ပါဘူး။ ဒါဟာ သူထားရစ်တဲ့ အမွေအနှစ်ပါ။ သူ့ရဲ့ ရပ်တည်ချက်တွေအတိုင်း ပိုမို စုစည်း ဆောင်ရွက်ခြင်းအားဖြင့် သူ့ကို ဂုဏ်ပြုသင့်ပါတယ်။”

အလားတူစွာပဲ နယ်စည်းမထား သတင်းထောက်များ အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Benjamin Ismail ကလည်း သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် ဦးဝင်းတင် ဆင်နွှဲနေတဲ့ တိုက်ပွဲဟာ မြန်မာနိုင်ငံမှာ ဆက်လက် ရှင်သန်ဆဲဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG