သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်


သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ဒီကနေ့ တနင်္လာနေ့ နံနက် ၆ နာရီခွဲ အချိန် ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။

ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက် မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပ္ပံ ဘာသာတွဲနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့ပါတယ်။

၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင် ထူထောင်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရတဲ့ နောက်ပိုင်း မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် ၁၀ နှစ်နီးပါး လုပ်ကိုင်ခဲ့ပြီးတဲ့နောက် ဟံသာဝတီ ဦးဝင်းတင်အဖြစ် လူသိများ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

ဆရာကြီးဦးဝင်းတင်ဟာ စာပေ၊ ပန်းချီ၊ သဘင်ဂီတ၊ နိုင်ငံရေး၊ ဆောင်းပါး စာတမ်း ဝေဖန် သုံးသပ်ချက် အစရှိတာတွေ အမြောက်အများ ရေးသားခဲ့သူဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းချိန်မှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့မှာ ဦးဝင်းတင် ဖမ်းဆီးခံခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသလို ထောင်တွင်းမှာ ထပ်တိုး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ ခံခဲ့ရသူပါ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဆရာကြီးဦးဝင်းတင်ဟာ အသက် ၈၅ နှစ် ရှိပြီဖြစ်ပါတယ်။
XS
SM
MD
LG