သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူ တရားဟောခွင့် ပိတ်ပင်ခံရမှုအပေါ် အမြင်များ


ဦးဝီရသူကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။
ဦးဝီရသူကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဟောခွင့် ပိတ်ပင်တဲ့ ကြေညာချက်။

မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ဘာသာတခုနဲ့တခုကြား အမုန်းတရားကြီးထွားစေတဲ့ ဟောပြောလှုံ့ဆော်မှုတွေ လုပ်နေတဲ့ အတွက်ဆိုပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိသလို တချို့ ကျတော့လည်း အမုန်းတရားမပြန့်ပွားရေးအတွက် လုပ်သင့်တယ်လို့ ထောက်ခံတာတွေလည်းရှိပါတယ်။ နိုင်ငံတော်သံဃနာယကအဖွဲ့ ၄၇ ပါး စုံညီအထူး အစည်းအဝေးကနေ ဒီဆုံးဖြတ်ချက်ကို မတ်လ ၁၀ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး ဦးဝီရသူအနေနဲ့ လိုက်နာမှုမရှိရင် တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက် သွားမယ်လို့ ကြေညာထားပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြ ပါမယ်။

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူဟာ လူမှုကွန်ရက် စာမျက်နှာ တွေပေါ်မှာ အမုန်းတရား ပွားများအောင် ရေးသားလှုံ့ ဆော်နေတယ်ဆိုပြီး ဦးဝီရသူရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က ရေးသားချက်ကို ကိုးကားပြီး ဒီလိုလုပ်ရပ်တွေဟာ အမုန်းတရားတွေ ကြီးထွားစေရန် လှုံ့ဆော်ပြောကြား နေခြင်းဖြစ်လို့ တရားဟောခွင့် ပိတ်သိမ်းပေးဖို့ ဒါမှမဟုတ် လိုအပ်သလို အရေးယူပေးဖို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့က နိုင်ငံတော်သံဃ မဟာနယက ကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ ရက်စွဲနဲ့ လျှောက်ထားခဲ့ကြောင်း ဒီကနေ့မှာပဲ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ (၉)ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ အထူးအစည်းအဝေး ကနေ ဦးဝီရသူကို တနှစ်တရားဟောခွင့်ပိတ်ခဲ့တယ်။ တကယ်လို့ ဦးဝီရသူဘက်က လူမှုကွန်ရက်အင်တာနက်စာမျက်နှာမှဖြစ်စေ သတင်း မီဒီယာမှာဖြစ်စေ ဆက်ပြီး ဆန့်ကျင်ဝေဖန်ပြောဆိုနေမယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၉)ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ အထူးအစည်းအဝေးကနေ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူဟာ နိုင်ငံတော် သံဃနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ အမုန်းတရားမပြန့်ပွားရေး ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး မြန်မာနိုင်ငံတွင်း တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ဦးဝီရသူဟာ ဘာသာတခုနဲ့တခုအကြား အမုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဟောပြောမှုတွေ နောက် တရားဥပဒေစိုးမိုးမှုကို အဟန့်အတားဖြစ်စေတဲ့ ဟောပြောမှုတွေနဲ့ နိုင်ငံရေးပါတီများကြား ဘက်လိုက်ဝေဖန်ဟောပြောမှုတွေကို ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာပြုလုပ်နေတဲ့အတွက် အခုလို တရားဟောပြောခွင့် တနှစ်ပိတ်ပင်တာ ဖြစ်တယ်လို့လည်း တိုင်းဒေသကြီး ပြည်နယ် သံဃနာယကအဖွဲ့များအားလုံး (ဂိုဏ်းစုံ)ကို သံဃမဟာနာယကအဖွဲ့က အကြောင်းကြားစာ ပေးပို့လိုက်တာဖြစ်ပါတယ်။

သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို ဦးဝီရသူအနေနဲ့ လိုက်နာဖို့ မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့က ဦးဝီရသူကို ခေါ်ယူ သတိပေး ရမှာဖြစ်ပြီး လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

ဒီလိုတရားဟောခွင့် ပိတ်ပင်လိုက်တဲ့အပေါ် ရန်ကုန်တိုင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဆရာတော် ဦးကေတုမာလာကတော့ ဦ်းဝီရသူကို ဓမ္မကထိက အင်္ဂါရပ်နဲ့မညီလို့ တရားဟောခွင့် ပိတ်တာမျိုး မဟုတ်ပဲ တစုံတရာ ဖိအားကြောင့် သပ်သပ်သာ ပိတ်လိုက်တာဖြစ်တယ်လို့ ဝေဖန်မိန့်ကြားလိုက်ပါတယ်။

"ခါတိုင်းပိတ်တာကတော့ တရားဟော ဓမ္မကထိက အင်္ဂါရပ် (၉)ချက်နဲ့မညီညွတ်တဲ့ ဘုန်းကြီးတွေလောက်ပဲ ပိတ်ခဲ့တာပေါ့နော်။ ဒီဆရာတော် ကျတော့ သူတို့ပြောတဲ့ အင်္ဂါ(၉)ချက်နဲ့ လည်း မငြိစွန်းဘူးပေါ့နော်။ အလွတ်ကြီးရယ်။ အဲ့တာကို သပ်သပ်မဲ့ ဟိုဟာပြောမယ်ဆိုရင် ဖိအား တခုကြောင့်ပဲ ပိတ်တယ်လို့ပဲ ထင်တာပါပဲ ဦးဇင်းတို့ရဲ့သဘောထားကတော့။ ဒါ တဘတ်သတ်စွပ်စွဲတယ်ပေါ့နော်။ ဘယ်သူ့ကိုမှ မျက်နှာ မလိုက်ပဲ ဒဲ့ဟောတာကို တဖက်က စွပ်စွဲထားတာက ဒီ့ပြင်ပါတီတွေဘက်က လိုက်ပြီးတော့ သူတို့ရဲ့မကောင်းကြောင်းကို သူတို့ဘက်ကို ဘက်လိုက်ပြီး ပြောတယ်ဆိုတဲ့ စွပ်စွဲချက်ကြီးက ဒါက ပြောမယ်ဆိုရင် တဘက်ကို ဇောင်းပေးပြီးတော့ ပြောသလို ဖြစ်နေတာပေါ့နော် အဲ့သလို စွပ်စွဲထားတဲ့စွပ်စွဲချက်ကြီးက။ မျက်လုံးပိတ်နေတဲ့သူတွေအားလုံးကို မျက်လုံးပွင့်အောင် လိုက်ဟောပြောနိုင်တဲ့ ဘုန်းကြီးပေါ့နော် အိပ်ပျော်နေတဲ့သူတွေကိုလည်း နိုးထလာအောင် နှိုးပေးနိုင်စွမ်းဖြစ်တဲ့ ဆရာတော်ဖြစ်တဲ့အတွက် ပြီးတော့ သူ့ရဲ့ဟောပြောပွဲက ရရှိလာတဲ့ ဓမ္မပူဇ အားလုံးသည်လည်း လူဆင်းရဲသားတွေရဲ့ ပရဟိတလုပ်ငန်းအားလုံးမှာပဲ ပြန်ပြီးတော့ သုံးစွဲတဲ့အတွက် ပြောမယ်ဆိုရင်တော့ ဆုံးရှုံးမှုတွေကတော့ အများကြီးပေါ့နော် နစ်နာမှုတွေက။"

အခုလို မန္တလေးမစိုးရိမ်တိုက်သစ်က ဦးဝီရသူကို မတူကွဲပြားတဲ့ ဘာသာတရားတွေကြား အမုန်းတရားပွားများစေတဲ့ ဟောပြောမှုတွေကြောင့် တရားဟော ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသခံလည်းဖြစ် အထက်မြန်မာပြည် ရှေ့နေများကွန်ရက်အဖွဲ့က ရှေ့နေကြီး ဦးသိန်းသန်းဦးကတော့ သူ့အမြင် အခုလိုပြောပါတယ်။

"ဒီဟာကတော့ သင့်တော်ပါတယ်။ မဟနက လုပ်လိုက်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကြာပြီ တောက်လျောက်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သူက သာမာန် သာသနာ့အဖွဲ့အစည်း ဘာညာ မဟုတ်တော့ဘူးနော်။ ဟိုနိုင်ငံရေးပါတီတခုရဲ့ လက်ကိုင်ဒုတ်အဖြစ်နဲ့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ လူထုခေါင်းဆောင်တွေကို စော်ကားမော်ကား လုပ်တဲ့ အနေအထားတွေက တောက်လျောက် ရှိလာ တာလေ။ တောက်လျောက်ရှိ လာတာဆိုတော့ သဘောရိုးနဲ့ဆိုတာ ပြောလို့မရဘူး အဲ့မှာ တကယ့်ကိုပဲ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်တယ် ဆိုတဲ့ သဘောရိုးနဲ့ ဆရာတော်တွေလည်း ကျနော်တို့ တွေ့ပါတယ်။ မန္တလေးမှာဆို ဆရာတော် ဦးတိက္ခတို့ ပါတာပဲ သူတို့ဆို ဘယ်သူ့ရဲ့လက်ကိုင်ဒုတ်မှ မဟုတ်ဘူး။ ရိုးရိုးသားသား သူတို့ရဲ့ယုံကြည်ချက်အတိုင်း သွားတာ။ သူကတော့ ဒီသဘောရိုးနဲ့ မဟုတ်တော့ဘူးထင်တယ်လေ။ သူက ပြောမယ်ဆိုရင် ပြောင်ပြောင် တင်းတင်းကြီးကို။ ကျနော်တို့ သံသယဖြစ်စရာတွေ ရှိပါတယ်။ ဟ ဒီလောက်ကြီး ဗြောင်ကျကျ ဗုဒ္ဓဘာသာ ရဟန်းတော်တပါး စာတတ်ပေတတ် ရဟန်းတော်တပါး လူတယောက်အသတ်ခံရတာကို ခွေးရူးနဲ့ နှိုင်းတာတို့ ဝမ်းသာတယ်တို့ လူသတ်သမားက ဘုရားခိုး ကိုယ်က ဘုန်းကြီး။ လုပ်တဲ့သူ ကျူးလွန်တဲ့သူက ဘုရားခိုး။ အဝီစိ ဂျိုးကပ်မယ့်သူ ကျနော်တို့ ဘာသာတရားအရဆို။ အဲ့လိုလူမျိုးကို ကျေးဇူးတင်တယ်လို့ ပြောလိုက်တာဟာ အသိညဏ်ပညာနဲ့ ပြည့်စုံတဲ့လူ တယောက် အနေနဲ့တောင် မပြောသင့်တဲ့ ကိစ္စလေ။ အင်မတန်ကြီးမြတ်တဲ့ ဗုဒ္ဓဘာသာရဲ့ ရဟန်းတပါးက မဖြစ်သင့်ဘူး။ အဲ့ဒီ့တော့ ဒီလောက်ကတော့ တားဆီးဖို့အတွက် လိုအပ်တယ်လို့ ကျနော်ထင်တယ်။"

ပြီးခဲ့တဲ့ လက တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ ကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကိုနီကို သတ်ဖြတ်ခဲ့သူတွေဟာ လူတွေကို အန္တရာယ်ပြုမယ့် ခွေးရူးကို သတ်ခဲ့သူမို့ ကျေးဇူးတင်ထိုက်တယ်လို့ ဦးဝီရသူက မိန့်ကြားခဲ့ပြီးတဲ့နောက် ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး ပိုပြီးတော့မှ ဝေဖန်မှုတွေရှိလာတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဦးကိုနီနဲ့ တာဝန်သိအဌားယာဉ်မောင်း ကိုနေဝင်းတို့ သေဆုံးတဲ့ ရက်(၄၀)ပြည့် ဘာသာပေါင်းစုံ အောက်မေ့ဖွယ် မေတ္တာပို့ဆုတောင်းပွဲကိုတော့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့ သခင်မြပန်းခြံမှာ စုပေါင်းကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG