အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံမှာ သူလျှိုလုပ်မှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထောင်ဒဏ် တသက်တကျွန်းကျခဲ့တဲ့ ဗြိတိန်ပညာရှင် Matthew Hedges ကို UAE နိုင်ငံက ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
UAE အာဏာပိုင်တွေကတော့ Hedges ဟာ အပြစ်ရှိတယ်လို့ ဆက်လက်ပြောကြားခဲ့ပြီး၊ သူဟာ ထောက်လှမ်းရေးလုပ်ငန်းတွေကို ရာခိုင်နှုန်းပြည့်လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပြီး၊ Hedges က သူဟာ ဗြိတိန်ထောက်လှမ်းရေး MI-6 အတွက် အလုပ်လုပ်တယ်ဆိုပြီး ဝန်ခံထားတဲ့ဆိုတဲ့ ဗီဒီယိုဖိုင်ကို ပြသခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကိုတော့ အဘူဒါဘီမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ သတင်းထောက်တွေအနေနဲ့ မေးခွန်းတွေ မေးခွင့်မရခဲ့သလို၊ ဗီဒီယိုဖိုင်တွေကိုလည်း ကူးယူဖို့ ခွင့်မပြုခဲ့ပါဘူး။
အခုလို ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့တာကြောင့် UAE အာဏာပိုင်တွေဟာ နိုင်ငံတကာရဲ့ ဖိအားတွေ တိုးပြီးရင်ဆိုင်လာနေရတာဖြစ်ပါတယ်။
UAE နိုင်ငံအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နဲ့ အကျဉ်းသား ၇၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပြီး၊ အဲဒီထဲမှာ Hedges လည်း ပါဝင်ခဲ့တာဖြစ်ကြောင်း၊ UAE သမ္မတ Khalifa bin Zayed Al Nahyan က Hedges ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်တယ်လို့UAE နိုင်ငံရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ Hedges ကို စွဲဆိုခဲ့တဲ့ စွဲချက်တွေအပေါ်မှာ သဘောမတူကြောင်း ဒါပေမဲ့ ဒီကိစ္စကို UAE ဘက်က အမြန်ကိုင်တွယ်ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ပြောကြားလိုက်ပါတယ်။