သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးပါတီများ ပါတီဝင်စာရင်းတင်ပြဖို့ UEC ညွှန်ကြား


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေး

လက်ရှိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေ အားလုံးရဲ့ ပါတီဝင်ဦးရေ စာရင်းကို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် တင်ပြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြား ထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေး ပါတီတွေ စည်းမျဉ်း စည်းကမ်း နဲ့ ညီ၊မညီ စိစစ်လိုတာဖြစ်ပြီး ပါတီတွေ အကျပ်ရိုက်အောင် လုပ်တာမျိုးမဟုတ်ဘူးလို့ ကော်မရှင်ရဲ့ ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

လက်ရှိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင် ဦးရေ စာရင်း ပြန်လည်တင်ပြဖို့ အပါ အဝင် နိုင်ငံရေးပါတီတွေ ထုတ်ပြန်ထားတဲ့ သဘောထား ကြေညာချက်တွေကို တင်ပြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထာတာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေ စည်းမျဉ်းစည်းကမ်းနဲ့ ညီ၊ မညီ စိစစ်လိုတာဖြစ်ပြီး ရှောင်တခင် စစ်ဆေးမှုတွေလည်း လုပ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြောပါတယ်။

“စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်နေကြသလား မလုပ်ဘူးလား၊ ဒါလေးတွေတော့ ကျနော်တို့ checking လုပ်တဲ့ သဘောမျိုးပေါ့နော် ဒီအတိုင်းကြီးလုပ်ထားပြီးတော့ ကျနော်တို့လည်း ဘာမှ မသိ သူတို့ လှုပ်ရှားမှုလည်း မှန်မမှန်ဘာမှ လည်းမသိဘူးလေ။ မသိရဘူး အခုအချိန်အထိ အဲဒါကြောင့်မို့လို့ကျနော်တို့က ဒါလေးတွေ အခုစပြီးတော့ လှုပ်ရှားတာပေါ့နော် ပါတီအပိုင်းနဲ့ ပတ်သက်လို့။ ဒါပေမယ့် ဆန်းစစ်ဖို့ လိုပြီပေါ့ဗျာ၊ ပါတီဝင် အင်အားကို ပြန်ပြီးတော့ပေးပါ လုပ်ပေးပါ။ ပြီးတဲ့ အခါမှာ လုပ်ပေးတဲ့နေရာမှာလည်း လုပ်ပြီးပြီဆိုရင် ကျနော်တို့ ဒီအတိုင်းမနေသေးဘူးလေ။ ဆိုင်ရာနဲ့ ကျနော်တို့ Surprise checking အဲဒါလည်း သွားမှာပေါ့။”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင်ခွင့်ရရှိပြီးသား ပါတီတွေအနေနဲ့ ပြည် ထောင်စု တဝှမ်းလုံး စည်းရုံးမယ့် ပါတီဖြစ်ရင် ပါတီဝင်ဦးရေ အနည်းဆုံး တထောင်၊ တိုင်းဒေသကြီး သို့ ပြည်နယ်တွေမှာ စည်းရုံးမယ့် ပါတီဖြစ်ရင် ပါတီဝင်ဦးရေ အနည်းဆုံး ငါးရာကို ရွေးကောက်ပွဲ ကော်မရှင် ထံ တင်ပြရမယ်လို့ ပြဌာန်းထားတာပါ။

နိုင်ငံရေးပါတီတွေရဲ့ သဘောထားထုတ်ပြန်ချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခိုင်းရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က အခု လို ပြောပါတယ်။

“အကယ်၍များ ကျနော်တို့ အခြေခံဥပဒေမှာ ပါထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ စသဖြင့်ပေါ့ဗျာ အဲဒါလေးတွေ သွားပြီးတော့ ထိခိုက်မယ်ဆိုတဲ့ ကိစ္စလေးတွေ ပါမလား၊ တစ်ပါတီနဲ့ တစ်ပါတီ ပုတ်ချတဲ့ သဘောတွေ ပါမလား အဲလို ငြိစွန်းတာလေးတွေ ရှိမှာ ဆိုးလို့ပေါ့ဗျာ ဒါကြောင့် မိတ္တူတောင်းတာပါ ကြိုပြီးတော့ တင်ရမယ်မဟုတ်ဘူး။ မဟုတ်ရင်လည်း သူတို့ ထုတ်ပြန်ထားတာပဲ ပြဿနာ ဘာမှ မရှိပါဘူး။”

နိုင်ငံရေးပါတီတွေ ဘက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး နား မလည်နိုင်ကြောင်း ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီးအမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဌ ဦးခင် မောင်ဆွေက သူ့အမြင်ကို အခုလို ပြောပါတယ်။

“အရေးကြီးတာက ပါတီတွေ များလို့ပဲ ဖြုတ်ချင်လို့ ဒီလိုရှောင်တခင်စစ်နေတာ ခြောက်လန့်တာလာတော့ မသိဘူးပေါ့ခင်ဗျ ။ပါတီတွေ များတာက ၂၀၂၀ ရွေးကောက်ပွဲ အတွက် အနှောက်အယက်ဖြစ်မလား ၊ မဲတွေ ပျောက်မှာ စိုးလို့လား၊ အဲဒီလို ကျနော်တို့ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့ဗျာ။ အဲဒီတော့ တော်တော်ကြီး စဉ်းစားစရာဖြစ်လာတာပေါ့ တလျောက်လုံး ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလမှာ ဒါမျိုးတွေ မလုပ်ခဲ့တော့ အခုလုပ်ပြီဆိုတဲ့အခါကျတော့ ဘာကြောင့် လဲဆိုတာကို စဉ်းစားစရာတွေ ဖြစ်လာတယ်။”

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကောမရှင်ထံ မှတ်ပုံတင်ထားတဲ့ ပါတီ စုစုပေါင်း ၉၄ ပါတီ ရှိပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ မပြည့်ရင် ရွေးကောက်ပွဲ ကော် မရှင်ထံ တင်ပြရမှာဖြစ်ပြီး အဲ့ဒီ တင်ပြတဲ့နေ့ကစလို့ ရက် ၉၀အတွင်း သတ်မှတ်ဦးရေ ပြည့်မီအောင် စည်းရုံးပြီး ကော်မရှင်ကို ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။ အဲ့လို တင်ပြနိုင်ခြင်းမရှိရင်တော့ ပါတီကို ဖျက်သိမ်းနိုင်တယ်လို့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေထဲမှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG