၂၀၁၁ ခုနှစ်၊ UEFA ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလိပ် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စပိန်ချန်ပီယံ ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီကနေ့ မေလ ၂၈ ရက်၊ စနေနေ့ ဥရောပတိုက် အလယ်ပိုင်း စံတော်ချိန် ညပိုင်း၊ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့မနက် ၁ နာရီ ၁၅ မိနစ်မှာ စပြီး ကစားမှာပါ။
ဒီဗိုလ်လုပွဲဟာ ၂၀၀၉ ခုနှစ် ဗိုလ်လုပွဲ တကျော့ပြန်လိုဖြစ်ပြီး အဲဒီတုန်းက ဘာစီလိုနာအသင်းက မန်ယူအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီအသင်းနှစ်သင်းဟာ ၁၀ ပွဲ ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး ၃ ပွဲစီ နိုင်ထားဖူးပြီးတော့ ၄ ပွဲ သရေကျထားပါတယ်။ အဓိက ဗိုလ်လုပွဲကြီး ၂ ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်က ရောမမြို့မှာ ကန်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ဘာစီလိုနာက နိုင်ထားတာပါ။ နှစ်သင်းစလုံးဟာ UEFA ချန်ပီယံ ၃ ကြိမ်စီ ဖြစ်ထားဖူးပြီး အခုတကြိမ်ဟာ သူတို့အတွက် ၄ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခွင့်ရမယ့် အခွင့်အရေး ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကို ဦးဆောင်ကစားမယ့် သူကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က Balloon d’Or လို့ခေါ်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် ဂုဏ်ပြု ချီးမြှင့်ထားတဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီ (Lionel Messi) ဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ အဓိက တိုက်စစ်မှူးကတော့ ၂၀၀၉-၂၀၁၀ အတွက် အင်္ဂလိပ် ဘောလုံးလောကရဲ့ အကောင်းဆုံး ဘောလုံးသမား ဝိန်း ရွန်နီ (Wayne Rooney) ဖြစ်ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ အဆိုအရ လန်ဒန်မြို့တော်၊ ဝင်ဘလေ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲဟာ ယှဉ်ပြိုင်တဲ့ ကလပ်အသင်းတွေနဲ့ နိုင်ငံတွေအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၂၀ ကျော် တန်ကြေးရှိပြီး ဥရောပတိုက်မှာ ကြေးအကြီးဆုံး ဘောလုံးပြိုင်ပွဲအဖြစ် သတ်မှတ်ထားပါတယ်။