သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UEFA Champions League ဗိုလ်လုပွဲ အကြိုသုံးသပ်ချက်


 UEFA Champions League 2015 ဗိုလ်လုပွဲ။
UEFA Champions League 2015 ဗိုလ်လုပွဲ။

ဥရောပ ချန်ပီယံ လိဂ်ဘောလုံး ဖိုင်နယ်ပွဲကိုတော့ ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာ ဒီကနေ့ည ကစားမှာဖြစ်ပြီး ၊ စပိန်က နာမည်ကြီး ဘာစီလိုနာ နဲ့ အီတလီက ယူဗန်းတပ်စ် တို့ ဗိုလ်လုကြမှာပါ။ ၂ သင်းစလုံးနိုင်တဲ့ အသင်းက ဖလား ၃ လုံးရ မှာဖြစ် တာကြောင့် တကမ္ဘာလုံးက ဘောလုံးဝါသနာရှင်တွေလည်း စိတ်ဝင် စားနေကြ ပါတယ်။ ဒီပွဲအပေါ် ၂ ဘက်အသင်းရဲ့ တုံ့ပြန်သံတွေနဲ့ ကျွမ်းကျင်သူတွေ ရဲ့ ခန့်မှန်းချက်တွေကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

စပိန်က နာမည်ကြီး ဘာစီလိုနာ နဲ့ အီတလီက ယူဗန်းတပ်စ် တို့ဟာဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဥရောပ ချန်ပီယံလိဂ်ဖလားကို ဒီကနေ့ စနေနေ့ညမှာ ဗိုလ်လုကြတော့မှာပါ။ ဘာစီလိုနာက အခုနှစ် စပိန်အမှတ်ပေးချန်ပီယံ၊ ယူဗန်းတပ်စ် ကလည်း အီတလီ စီးရီးအေ ချန်ပီယံ ဆိုတော့ ဥရောပချန်ပီယံ စစ်စစ် ရွေးမယ့်ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။

သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ - ယူဗန်းတပ်စ် နည်းပြ Allegri က ဘာစီလိုနာတိုက်စစ်ကို ချီးကျူးလိုက်ပြီး၊ သူ့အသင်း အနေနဲ့ ဒီပွဲမှာ ဂိုးသွင်းနိုင်ဖို့လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

"ဆီမီးဖိုင်နယ် ပွဲစဉ်တွေကတည်းက မေးနေတာတခုက မက်ဆီရယ်၊ နေမားရယ်၊ ဆွာရက်စ်ရယ် ၃ ယောက်ကို ဘယ်လိုဟန့်တားမလဲ ဆိုတာပါ။ ၃ ယောက်စလုံးက တကယ်ကောင်းတဲ့သူတွေပါ။ ဒါကြောင့် ကျနော်တို့ ကလည်း သေချာ ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ ကစားရမှာပါ။ သရေထိန်းကစားမှာ မဟုတ်တဲ့ အတွက် ကျနော်တို့ ဂိုးသွင်းဖို့လိုပါတယ်။"

ဒါပေမဲ့လည်း ဘာစီလိုနာနည်းပြ လူးဝစ် အန်နရီကေးကတော့ ယူဗန်းတပ်စ်နဲ့ ဖိုင်နယ်ဟာ အတော်ခက်မယ့်ပွဲ လို့ သုံးသပ်လိုက်ပါတယ်။

"ဒီပွဲက တကယ်ကို ခက်မယ့်ပွဲပါ။ သူတို့လည်း အနိုင်ရဖို့အတွက် သူတို့ကစားနေကျ ပုံစံအတိုင်း ကစားမှာပါ။ ယူဗန်းတပ်စ်ကလည်း ကျနော်တို့နဲ့ ကစားပုံဆင် တာကြောင့် မတူတဲ့ ကစားပုံ ၂ ခုဖြစ်လိမ့်မယ်လို့တော့ မထင်ပါဘူး။ သူတို့ရဲ့ ပုံစံအတိုင်း ကစားဖို့က ဘောလုံးကိုင်ကစားနိုင်ဖို့လိုပါတယ်။ သူတို့ကွင်းဘက် အခြမ်းမှာဆို ခံစစ်က အရမ်းကောင်းတယ်။ သူတို့ဆီမှာ ကစားသမားကောင်းတွေ လည်း အများကြီးပါ ဒါကြောင့် သူတို့လည်း ကျနော်တို့လိုပဲ ဖလား ၃ လုံးရဖို့ လက်တကမ်းမှာရှိနေတာပါ။ အဲဒီတော့ ဘာဖြစ်မလဲကြည့်တာပေါ့ဗျာ။"

ဘရာဇီးတိုက်စစ်မှူး နေးမားကတော့ ယူဗန်းတပ်စ်ဟာ အသင်းကောင်း တသင်းဖြစ်လို့ ဒီပွဲက ခက်လိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ယူဗန်းတပ်စ်ရဲ့ ဝါရင့်ဂိုးသမားကြီး ဂျီဂျီ ဘူဖွန်က ဘာစီလိုနာအသင်းက ဗိုလ်စွဲဖို့ ပိုရေပန်းစားတယ်လို့ ပြောလိုက်ပါတယ်။

"ပြီးခဲ့တဲ့ တပတ်ထဲမှာရော အခုရက်ပိုင်းတွင်းမှာပါ ကျနော်ပြောပါတယ်။ ဘာစီလိုနာ နိုင်ဖို့ ပိုပြီးရေးပန်စားပါတယ်။ ဒီလိုပြောတာ မျှတတယ်လို့လည်း ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ တဦးချင်းတကယ်ကောင်းတဲ့ ကစားသမားတွေ အများကြီးပါ။ ဒါကြောင့် မက်ဆီတို့၊ ဆွာရက်စ်တို့၊ နေမာတို့၊ အီနီယက်စ်တာတို့ပါတဲ့အသင်းက နိုင်ဖို့ သေချာပေါက် ပိုရေပန်းစားတာပေါ့ဗျာ။"

မက်ဆီ၊ နေမားနဲ့ ဆွာရက်စ်တို့ ဦးဆောင်တဲ့ ဘာစီလိုနာအသင်းဟာ ဒီနှစ် စပိန်ပြည်တွင်းပွဲမှာ ဂိုးပေါင်း ၁၁၀ သွင်းထားတာပါ။ ဒါကြောင့် ဘာစီလိုနာရဲ့ တောင်အမေရိက တိုက်စစ်အတွဲကို ယူဗန်းတပ်စ်အသင်းအနေနဲ့ ထိန်းနိုင်မှာလား၊ ဘယ်လိုထိန်းမှာလဲ ဆိုတာက ကျွမ်းကျင်သူတွေအားလုံး မေးခွန်းထုတ်နေကြတဲ့ကိစ္စပါ။

တချိန်တည်းမှာပဲ ယူဗန်းတပ်စ်က အဓိကကျတဲ့နောက်တန်းလူ ခီယယ်လီနီ ဒဏ်ရာကြောင့် မပါနိုင်တောတာကလည်း ယူဗန်းတပ်စ်အတွက်တော့ အားလျော့စေတာအမှန်ပါ။

ဒီပွဲမှာ တဲဗက်စ်က မာရှေယာနို နဲ့ ပီကေး ၊ပီယာလိုက ရှာဗီနဲ့ အီနီယက်စ်တာတို့နဲ့တွေ့မှာဖြစ်သလို၊ ၊ ဆွာရက်စ်က အဲဗရာနဲ့ ထိပ်တိုက်တွေ့ကြမှာကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ယူဗန်းတပ်စ်ကို အားပေးဖို့ မီလန်မြိုကကနေ ဘာလင်အထိ မိုင် ၇၀၀ လောက်ခရီးကို လမ်းလျှောက်လာခဲ့တဲ့ ပရိဿတ်တဦးကို ယူဗန်းတပ်က လက်မှတ်ပေးခဲ့ပါတာကလည်း စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အခုဆိုရင် ၂ သင်းစလုံး ဖိုင်နယ်အတွက် အသင့်ဖြစ်နေပြီဖြစ်သလို၊ UEFA ဥက္ကဋ္ဌ Michel Platini လည်း ဆုချီးမြှင့်ဖို့အတွက် ဘာလင်မှာရောက်နေပါပြီ။ ၂ သင်းစလုံးက ပြည်တွင်းအမှတ်ပေးချန်ပီယံဆုရော ၊ ရှုံးထွက်ဖလားပါ ရထားတာကြောင့် ၊ အနိုင်ရတဲ့အသင်းက Treble လို့ခေါ်တဲ့ ဖလား ၃ လုံးရမှာပါ။ ဆိုတော့ ဒီပွဲအပေါ် အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့်က ဘယ်လိုခန့်မှန်းပါသလဲ။

" ကျနော်ကတော့ ဒီပွဲမှာ ယူဗန်းတပ်စ်က အနည်းဆုံး သရေကစားပြီး ယူဗန်းတပ်စ် ဖလားရသွားမယ်လို့ သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ အဓိက ယူဗန်းတပ်စ် အသင်းမှာပါတဲ့ ကစားသမားတွေရဲ့ တည်ငြိမ်မှုပဲ။ ဆိုတော့ ဘာစီလိုနာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပဲ ယူဗန်းတပ်စ် အသင်းက ကစားသမားတွေရဲ့ တည်တည်ငြိမ်ငြိမ် ကစားနိုင်စွမ်း ကို ဘာစီလိုနာက ခြေတက်ကစားသမားလေးတွေ ယှဉ်နိုင်မယ် မထင်ဘူးလို့ အဲ့လိုသုံးသပ်မိတယ်။

နောက်တချက်က ဘာစီလိုနာက ယူဗန်းတပ်စ်နဲ့ တွေ့တိုင်းမှာ ရလာဒ် သိပ်မကောင်းဘူး။ စုစုပေါင်း ၈ပွဲမှာ ၂ပွဲပဲ နိုင်ထားတယ်ပေါ့။ အစဉ်အလာအရလည်း ယူဗန်းတက်ပ်စ်က သာတယ်ဗျ။ ဆိုတော့ ဘာစီလိုနာမှာ အားသာတာက တိုက်စစ်အတွက် တခုပဲ ရှိတယ်။ ကျန်တဲ့အပိုင်းတွေ အကုန်လုံးမှာတော့ ကျနော်က ယူဗန်းတက်ပ်စ်ကို ပိုကြိုက်တယ်။ ဒါကြောင့်လည်း ယူဗန်းတပ်စ်ပဲ ဖလားရသွားမယ်လို့ ကျနော်ကတော့ သုံးသပ်ချင်ပါတယ်။"

ယူဗန်းတပ်စ်ပဲ ချန်ပီယံဖြစ်ဖြစ်၊ ဘာစီလိုနာအသင်းပဲ ချန်ပီယံဖြစ်ဖြစ် နိုင်တဲ့ အသင်းက ဖလား ၃ လုံးရမှာဖြစ်တဲ့အတွက် ဘယ်အသင်းက ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်ပြီး ဖလား ၃ လုံး ပိုက်သွားမလဲ ဆိုတာကတော့ ဒီကနေ့ညမှာ မလွတ်တမ်းစောင့်ကြည့်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG