သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲကို ပြင်သစ်နိုင်ငံမှာ ဒီကနေ့ စတင် ကျင်းပတော့မှာဖြစ်ပါတယ်။ အိမ်ရှင်ပြင်သစ်အပါအ၀င် ဂျာမနီ နဲ့ စပိန်အသင်းတွေက ဒီပြိုင်ပွဲကို ဗိုလ်စွဲနိုင်ခြေ အရှိဆုံးအသင်းတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ ပြင်သစ် နဲ့ ရိုမေးနီးယားတို့ ကစားမယ့် ဥရောပဖလား အဖွင့်ပွဲစဉ်အပေါ် သုံးသပ်ချက် အပါအ၀င် ပြိုင်ပွဲအပေါ် မြန်မာဘောလုံး ပရိတ်သတ်ရဲ့ အမြင်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။

FRANCE SOCCER UEFA EURO 2016
FRANCE SOCCER UEFA EURO 2016

ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲကိုတော့ ပြင်သစ်နိုင်ငံမှာ ဒီကနေ့ စတင်တော့မှာပါ။ ပြင်သစ်နိုင်ငံတ၀ှမ်း သပိတ်မှောက်ဆန္ဒပြတာတွေ နဲ့ လုံခြုံရေး စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ၊ ပြိုင်ပွဲကို အဆင်ပြေပြေ ကျင်းပနိုင်ဖို့ အတွက် ပြင်သစ်အာဏာပိုင်တွေက ကြိုးပမ်းနေကြတာပါ။ ဒီကနေ့ စတင်မယ့် ယူရို ၂၀၁၆ ရဲ့ ဖွင့်ပွဲကိုတော့ အုပ်စု A က အိမ်ရှင်ပြင်သစ် နဲ့ ရိုမေးနီးယားတို့ ကစားကြမှာပါ။ ပြင်သစ် အသင်းကတော့ ပြိုင်ပွဲမှာ ဗိုလ်စွဲမယ် ဆိုပြီး ရေပန်းစားနေ တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြင်သစ်ဂိုးသမား Hugo Lloris ကတော့ - သူတို့ အသင်းက ရေပန်းအစားဆုံး မဟုတ်ဘူး လို့ပြောလိုက်ပါတယ်။

"အရိုးသားဆုံးပြောရရင်တော့ ကျနော်တို့က ရေပန်းအစားဆုံးလို့ မခံစားရပါဘူး။ ကမ္ဘာ့ချန်ပီယံ ဂျာမနီတို့ ဥရောပချန်ပီယံ စပိန်တို့ နဲ့ ယှဉ်ရင် ကျနော်တို့က လုပ်ပြထားတာ ဘာမှမရှိသေးပါဘူး။"

ဗြိတိန် နဲ့ ဥရောပတ၀ှမ်းမှာတော့ ပြင်သစ်၊ ဂျာမနီ နဲ့ စပိန်အသင်းတွေက ယူရိုပွဲမှာ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံးဆိုပြီး ထင်ကြေးပေးနေကြပါတယ်။ ဆိုတော့ မြန်မာဘောလုံး ၀ါသနာရှင်တွေကြားမှာရော ဘယ်အသင်းတွေ ရေပန်း စားနေပါသလဲ အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့်ပြောတာကတော့-

" မြန်မာဘောလုံးပရိတ်သတ်အကြားမှာ အကြိုက်ကတော့ ပြင်သစ်နဲ့ ဂျာမနီနှစ်သင်း ကို တော်တော်လေး ထင်ကြေးပေးနေကြတယ်။ ဒီကြားထဲကမှ ခုနက ကျနော်ပြောသလို ဘယ်လ်ဂျီယန်ကိုလည်း တချို့က ချန်ပီယံများ ဖြစ်မလားပေါ့။ သို့သော်လည်း ကျနော်ကတော့ မထင်ပါဘူး နောက်တသင်းကတော့ အင်္ဂလန်ပေါ့ အင်္ဂလန်ရှိမယ်။"

ပြင်သစ်ဂန္ထ၀င်ကစားကြီး ဇီးဒန်းကလည်း အိမ်ရှင်ပြင်သစ်အသင်း ဗိုလ်စွဲဖို့ အကောင်းဆုံး အခွင့်အရေးရှိတယ်လို့ ပြောလိုက်ပါတယ်။

"ပြင်သစ်အသင်းဟာ ဥရောပဖလားကိုရဖို့အတွက် အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ဖလားရဖို့ မရဖို့ မပြောခင်သူတို့အနေနဲ့ ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့လိုပြီး၊ အရေးကြီးဆုံး ကတော့ ဒီကနေ့အဖွင့်ပွဲမှာကောင်းကောင်းကစားပြီးနိုင်ဖို့ပါ။"

ပြင်သစ် နဲ့ ဒီကနေ့ အဖွင့်ပွဲမှာ ကစားရမယ့် ရိုမေးနီးယားနည်းပြကတော့ - ပြင်သစ်အသင်း ဟာ ဒီပွဲမှာ တိုက်စစ်အစွမ်းကုန်ဖွင့်လာဖို့မျှော်လင့်ကြောင်း ၊ ဒါပေမဲ့ သူ့အသင်းအနေနဲ့ ပြင်သစ်ကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။ ရိုမေးနီးယား အသင်းဟာ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၂ ဂိုးသာ ပေးထားရပြီး ခံစစ် အကောင်းဆုံး အသင်းဖြစ်ပါတယ်။ ဆိုတော့ ဒီပွဲအပေါ် ကိုဇော်မျိုးသန့်က ဘယ်လိုသုံးသပ်ပါသလဲ။

"ပြင်သစ်က ရိုမေးနီးယား ကို နိုင်မလားဆိုတော့ ပွတ်ကာသီကာပဲ အနိုင်ရလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုမေးနီးယား ဆိုတာကလည်း ဒီနှစ် ယူရိုခြေစစ်ပွဲတွေမှာ တော်တော်လေး ခံစစ်အားကောင်းခဲ့တာ။ ခြေစစ်ပွဲတောက်လျောက်မှာ သွင်းဂိုးက နှစ်ဂိုးပဲ ပေးခဲ့ရတာလေ။"

ရန်နိုင်။ ။ နိုင်တော့နိုင်မယ်။ ဒါပေမဲ့ ကပ်ပြီးတော့ နိုင်မယ်။ အဲ့တော့ ဘာဖြစ်လို့ နိုင်နိုင်တာလဲ။

" ဘာဖြစ်လို့ နိုင် နိုင်လဲဆိုတော့ အဓိက က ဖွင့်ပွဲနေ့လည်း ဖြစ် တယ်ဗျာ။ နောက်တခုက အိမ်ရှင်လည်း ဖြစ်တယ်ဆိုတော့ ဘာပဲပြောပြော ရိုမေးနီးယား ဘယ်လောက်ပဲ ခံစစ်အားကောင်းသည်ဖြစ်စေ ပြင်သစ်ကတော့ ပွတ်ကာသီကာနဲ့ အနိုင်ရအောင်တော့ စွမ်းဆောင်သွားမယ်။ တစ်ဂိုးလောက်နဲ့တော့ နိုင်နိုင်တဲ့ အနေအထားလောက်တော့ရှိတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။ "

ပြင်သစ် နဲ့ ရိုမေးနီးယားတို့ နောက်ဆုံး ၁၀ ပွဲကစားတာမှာ ပြင်သစ်က ၅ ပွဲ နိုင် ၅ ပွဲ သရေကျထားပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ သရေကျထားပြီး ရိုမေနီးယားအသင်း နောက်ဆုံးနိုင်ထားတာကတော့ ၁၉၇၂ ခုနှစ်က ဘူခါရက်စ်မှာ ကစားတဲ့ပွဲ ဖြစ်ပါတယ်။

ယူရို ၂၀၁၆ နဲ့ မြန်မာပရိသတ်အမြင်
please wait

No media source currently available

0:00 0:03:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG