ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းနှစ်ဘက်စလုံး ဆင်းရဲမွဲတေမှုဒုက္ခတွေကို ခံစားနေကြရတာကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ပုဂ္ဂိလိကလုပ်ငန်းရှင်များနဲ့ အစိုးရ ပူးပေါင်းပြီး ဖြေရှင်းဖို့ကြိုးပမ်းတဲ့အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေးအဖွဲ့ UEHRD ကို ဖွဲ့စည်း အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောပါတယ်။ လတ်တလော ဒုက္ခသည်အရေးဟာ ပြည်တွင်းရေးသက်သက်သာ မဟုတ်တော့တာမို့ နိုင်ငံတကာရဲ့အကူအညီတွေ၊ အကြံဉာဏ်တွေ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက UEHRD ရဲ့နိုင်ငံတကာဆက်ဆံရေးအဖွ့ဲ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ပြုံးကေသီနိုင်ကို သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ အခုလောလောဆယ် အရမ်းကို နိုင်ငံအတွက်အရေးကြီးတဲ့၊ ဖွဲ့စည်းထားတဲ့ UEHRD လို့ခေါ်တဲ့ - ရခိုင်ပြည်နယ်မှာ လူလူချင်းစာနာမှု အကူအညီတွေပေးဖို့ရယ်၊ ပြန်လည်နေရာချထားဖို့ရယ်၊ ဖွံ့ဖြိုးရေးစီမံကိန်း ပေါ့နော်၊ အဲဒီ ကော်မတီကြီးမှာလည်း နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းအဖွဲမှာ ဥက္ကဋ္ဌလုပ်နေရတော့ တကယ့် ကို ကြီးလေးတဲ့ တာဝန်တွေပါပဲ။ အခု လောလောဆယ် မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံတကာဖိအားတွေ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရပါတယ်။ အဲဒီရင် ဆိုင်နေရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားဖို့ စဉ်းစားထား ပါလဲရှင့်။
ဖြေ။ ။ ဒီလိုအချိန်အခါမှာတော့ ARSA အဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုရဲ့နောက်မှာ ပြဿနာ ပုံစက ပြောင်းလဲသွားတာ တော့ အမှန်ပါပဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ပါစေ။ ဒီလို အရေးကိစ္စမျိုး ကြုံတွေ့လာပြီဆိုရင်တော့ ကျမတို့တွေက မလွဲမသွေ ပြဿနာ အရင်း အမြစ်ကို ရောက်အောင် ဖြေရှင်းနိုင်ဖို့ ကြိုးစားရမှာတော့ ကျမတို့အားလုံးရဲ့ တာဝန်ဖြစ် တယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်အရေးဆိုတာ မြန်မာနိုင်ငံရေး အကျပ် အတည်းရဲ့ ပြင်ပကကိစ္စမဟုတ်ဘူး။ ရခိုင်အရေးဟာ မြန်မာနိုင်ငံရေးရဲ့ သမိုင်းကြောင်းမှာ အရေးပါတဲ့ ကိစ္စလည်းဖြစ်တဲ့အခါကျတော့ ကျမတို့အနေနဲ့ ဘယ်လိုပဲ ကြုံတွေ့ကြုံတွေ့ ဒီပြဿနာကို တကယ်ပဲ အောင်မြင် ကျော်လွှားနိုင်အောင် ရင်ဆိုင်ရမှာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီ အခါမှာ တဘက်က နိုင်ငံတကာရဲ့ ဖိအားပေါ့ နော်။ ဒီကိစ္စဖြစ်သွားတဲ့အခါ တဘက်က နိုင်ငံ တကာရဲ့ဖိအားကို ကျမတို့ မမျှော်လင့်ထားတဲ့ ပုံစံမျိုးစုံနဲ့ ရင်ဆိုင်ရပါတယ်။ ရင်ဆိုင်ရတဲ့ အချက်မှာ ပထမအချက်အနေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေကနေ ဖော်ပြတဲ့ အချက်ရှိတယ်။ ဖော်ပြတာမှာလည်း တဘက်ကိုပဲ ဖော်ပြတာတွေ့ရတယ်။ ဒါကိုလည်း ကျမတို့က ကျော်လွှားပြီးတော့ အခြားတဘက်မှာလည်း နောက်ထပ် ရှုထောင့်ကနေ ကြည့်နိုင်တဲ့ ပြဿနာတွေရှိတယ်ဆိုတာကို ကျမတို့ မတင်ပြနိုင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာက ကိုယ့်ပြဿနာတွေနဲ့အမြဲရှုပ်နေတဲ့အခါကျတော့ ဒီပြဿနာတွေကို နိုင်ငံတကာက သိအောင်လုပ်တဲ့အခါမှာ အမြဲ နောက်ကျပါတယ်။ နှစ်ပေါင်း ၅၀ ကျော် ပြည်သူလူထုက နိုင်ငံတကာနဲ့ တံခါးပိတ်ပြီးနေခဲ့ရတယ်။ အဲတော့ မြန်မာ ပြည်သူလူထုက တခုခုကြုံတွေ့တယ်ဆိုရင်သူ့မှာ စိတ်ပိုင်းဆိုင်ရာပေါ့ -နိုင်ငံတကာ နဲ့ အထီးကျန် ဆန်ခဲ့တဲ့ စိတ်ဓါတ်ပိုင်း ဆိုင်ရာ အားငယ်မှုရှိတယ်။ အဲတော့ နိုင်ငံတကာကို ပြန်ပြီးတော့ မှန်မှန်ကန်ကန်တင့်တင့်တယ်တယ်နဲ့ နိုင်ငံတကာက နားလည်နိုင်မယ့် အသုံးပြုပြီး တော့ - ဝေါဟာရမျိုးပေါ့၊ language ကိုသုံးပြီးတော့ ပြန်ပြီးတော့ မဖြေရှင်းနိုင်ဘူးပေါ့။ ကိုယ့်ဟာကိုယ်လည်း ပြည်တွင်းမှာ အကျပ်အတည်းရှိနေချိန်မှာ နိုင်ငံတကာကို ပြန်ပြီးတော့မှ စွပ်စွဲချက်တွေ ဖြေရှင်းနိုင်ဖို့ မလှမ်းနိုင်ဘူးလည်း ဖြစ်နေတယ်။
မေး။ ။ အဲဒီတော့ ဒေါ်ပြုံးကေသီနိုင်တို့ ဂျာမနီနိုင်ငံမှာလုပ်တဲ့ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ပွဲကို သွားဖို့ စီစဉ်ထားတာ ပျက်သွားတယ်လို့သိပါတယ်။ အဲဒီ အကြောင်းလေးပြောပြပေး ပါလား။
ဖြေ။ ။ ကျမတို့ အဲဒီ ဖိုရမ်ကိုသွားတက်ဖို့ ကြိုးပမ်းတာကိုက - သူ့ခေါင်းစဉ်မှာကိုက Myanmar Genocide လို့ ပြောထားတာဖြစ်တယ်။ Myanmar Genocide လို့ ဒီလောက်အန္တရာယ်ကြီးတဲ့ ဒီစကားလုံးမျိုးကို သုံးတယ် ဆိုရင် ကျမတို့က Free Registration ပေးထားတဲ့ ဖိုရမ်လည်းဖြစ်တယ်။ ကျမတို့ Register လုပ်တယ်။ လုပ်ပြီးတော့ သွားဖို့အတွက်ကြိုးပမ်းတယ်။ အဓိကကတော့ ကျမ တို့ နားထောင်မယ်။ နားထောင်ပြီးရင် ကျမတို့မှာလည်းပဲ ကျမတို့ပြောချင်တဲ့၊ ယုံကြည်ထားတဲ့၊ လက်ခံထားတဲ့ အချက်အလက်တွေရှိတယ် ဆိုရင်လည်းပဲ အဲဒါကိုလည်း ပြောမယ်။ ပထမအချက်အနေနဲ့ ကတော့ လူတွေဟာ ဘယ်လိုတွေ သုံးသပ်ပြီး တော့ ဘယ်လိုအယူအဆတွေနဲ့ ပြောနေ သလဲ ဆိုတာကိုပေါ့လေ သိချင်တယ်။ ပြီးရင်တော့ ကျမတို့ဘက် ကလည်း ပြောမယ်။ အဲဒါမှ တကယ်လက်တွေ့ ကျတဲ့ Dialogue တွေရမယ်။ ဒါမှ အားလုံးသဘော တူညီနိုင်တဲ့ ရှေ့ဆက်နိုင်မယ့် နည်းလမ်းတွေကို တကယ် လက်တွေ့ကျကျ ရှာနိုင်မှာလည်း ဖြစ်တယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ ကျမတို့လုပ်ခဲ့ကြတယ်။ Register ပေါ့နော်၊ ဒါပေမယ့် ကျမတို့ Registration ကို နောက်ဆုံး Last minute ကျမှ ပေးစရာထိုင်ခုံနေရာ မရှိပါဘူ-ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျမတို့ အတူတူ သွားမယ်ဆိုတဲ့ အဖွဲ့ဝင်တွေ တယောက်ချင်းဆီကို မိနစ်ပိုင်းပဲခြားပြီးမှ cancel အလုပ်ခံရတယ်ပေါ့။
အဲဒါဆိုရင် Myanmar Genocide လို့ခေါင်းစဉ်တပ်ထားတဲ့ ဖိုရမ်တခုမှာ မြန်မာတွေရဲ့ participation ပေါ့။ မြန်မာတွေပါဝင်ပြီးတော့ ဒီဖိုရမ်မှာ နားထောင်မယ်၊ ဆွေးနွေးမယ်၊ မေးချင်တဲ့မေးခွန်းတွေမေးတယ်။ စတဲ့ဒီလို ပါဝင်မှုကို တားဆီးခြင်းက ဘာအဓိပ္ဗါယ်လဲဆိုတာအများကြီးမေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
မေး။ ။ ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ ကော်မရှင်တွေ၊ ကော်မတီတွေ အများကြီးပေါ့။ စုံစမ်းစစ်ဆေးရေး တွေ လည်း ပါပြီ။ ထောက်ခံအကြံပြုချက်တွေ ဥပမာ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကအစပေါ့လေ- နောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ အဖွဲ့လည်းရှိသေးတယ်ဆိုတော့၊ အဲဒီအဖွဲ့တွေ အများကြီးရဲ့ ထောက်ခံ အကြံပြုချက်တွေပေါ့လေ၊ အဲဒါတွေကိုရော မြန်မာနိုင်ငံအနေနဲ့ လိုက်ပြီးတော့ အကောင်အထည် ဖော်နိုင်စွမ်း ရှိပါရဲ့လား ရှင့်။
ဖြေ။ ။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ခက်ခဲမယ်ဆိုတာ အားလုံးသိထားဖို့လိုပါတယ်။ ဘာလို့လဲဆိုရင် ကျမတို့ မှာ မြန်မာနိုင်ငံဆိုတာဟာ ဆင်းရဲတဲ့နိုင်ငံဖြစ်တယ်။ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာပမာဏ ဆိုတာကလည်း အကန့်အသတ်ရှိပါတယ်။ ဒါပေမယ့်လည်း ကျမတို့လွှတ်တော်အနေနဲ့ဆိုရင် ဒီ NLD အစိုးရ စပြီးတော့ တာဝန် လွှဲယူချိန်ကနေစပြီးတော့ ASRA ရဲ့ တိုက်ခိုက်မှုဖြစ်စဉ်မပါသေးဘူးပေါ့နော်။ စပြီးတော့ အာဏာလွှဲယူချိန် ကတည်းက ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ရန်ပုံငွေ အများဆုံးသုံးခဲ့တဲ့ နေရာလည်း ဖြစ်တယ်။ လွှတ်တော် က တခါမှ အဲဒီအပေါ်မှာ ကန့်ကွက်ခဲ့တာမျိုးမရှိဘူး။ ခုထက်ထိလည်း ရခိုင်အတွက်ဆိုရင် လွှတ်တော်ရဲ့ ဘတ်ဂျက်ထဲ မှာ တကယ်ကို အသိအမှတ်ပြုတဲ့ ပမာဏကိုသုံးစွဲပေးနေတာ ဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ မကြာခင်က သွားတဲ့လူတွေအပြောအရဆို လမ်းပန်းဆက်သွယ်ရေး တော်တော်လေး ကောင်းတယ်ပြောပါတယ်။
ဖြေ။ ။ အဲဒါဆိုရင်လည်းပဲ အငူမော်ကနေ စစ်တွေအထိဆိုရင် UEHRD ရဲ့ Infrastructure Task force ပေါ့နော်၊ Construction and Infrastructure Task force ရဲ့အောက်ကနေ Asia World ကုမ္ဗဏီကနေ ဒါဖောက်လုပ်ပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ လမ်း မကောင်းတဲ့အတွက်ကြောင့်မို့ လုံခြုံရေးကိစ္စရပ်တွေကို စီစဉ်တာမှာ အချိန်နဲ့တပြေးညီ လုံခြုံရေးကိစ္စတွေ မဆောင်ရွက်နိုင်ဘူး။ နောက် လမ်းမကောင်းတဲ့ အတွက်ကြောင့် မို့လို့လည်း ဖွံ့ဖြိုးတိုးတက်ရေးပိုင်းဆိုင်ရာမှာလည်း နောက်ကျတာပေါ့နော်။ ဆိုတော့ အဲဒီ လမ်းဆိုလို့ရှိရင်လည်းပဲ UEHRD စီမံမှုအောက်က ပြီးစီးသွားတဲ့လမ်းလည်းဖြစ်ပါတယ်။