သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UEHRD အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၂)


UEHRD အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်
UEHRD အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်

ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းနှစ်ဘက်စလုံး ဆင်းရဲမွဲတေမှုဒုက္ခတွေကို ခံစားနေကြရတာကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ပုဂ္ဂိလိကလုပ်ငန်းရှင်များနဲ့ အစိုးရ ပူးပေါင်းပြီး ဖြေရှင်းဖို့ကြိုးပမ်းတဲ့အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေးအဖွဲ့ UEHRD ကို ဖွဲ့စည်း အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောပါတယ်။ လတ်တလော ဒုက္ခသည်အရေးဟာ ပြည်တွင်းရေးသက်သက်သာ မဟုတ်တော့တာမို့ နိုင်ငံတကာရဲ့အကူအညီတွေ၊ အကြံဉာဏ်တွေ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက UEHRD ရဲ့နိုင်ငံတကာဆက်ဆံရေးအဖွ့ဲ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ပြုံးကေသီနိုင်ကို သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ UEHRD လုပ်ငန်းစဉ်လေးကို အကြမ်းဖျဉ်း အကျဉ်းချုံးပြောပြပါလား။ ဘာလို့လဲ ဆိုရင် အတော်များများက UEHRD လို့ ပြောလိုက်လို့ရှိရင် အမှန်တကယ်တန်း ဖွဲ့စည်းထား တာကတော့ ပုဂ္ဂလိကနဲ့ အစိုးရ နှစ်ရပ် ပူးပေါင်းလုပ်ကြတာပေါ့လေ။ သေချာသိပ်မသိကြ တော့ နည်းနည်းလေး အကျဉ်းချုံးပြီး ရှင်းပြပေးပါလား။

ဖြေ။ ။ ဟုတ်ကဲ့၊ UEHRD ဆိုတာတော့ - ကျမတို့ နိုင်ငံတော်အတိုင်ပင်ခံကလည်း ပြောတယ်ပေါ့နော်။ အခုနကပြောသလိုပဲ၊ ကျမတို့အနေနဲ့ အပြစ်တင် သမျှတွေ၊ စွပ်စွဲ သမျှတွေကိုလည်းပဲ လိုက်ပြီးတော့ ဖြေရှင်းနိုင်ဖို့အတွက်က ဝန်နဲ့အားနဲ့မမျှသလိုပဲ ပေါ့။ အလုပ်ကလည်းလုပ်ရတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ ရန်ပုံငွေကိုလည်း ထူး ပိုပြီးတော့ မသုံးနိုင်ဘူး၊ International PR Form တွေလည်းမသုံးနိုင်ဘူး။ အဲလိုမျိုး ဆိုတော့နိုင်ငံတော် အတိုင်ပင်ခံ ပြောတဲ့ စကားတခု ရှိပါတယ်။ အဲဒါ ဘာလဲဆိုရင် အလုပ်နဲ့ သက်သေပြကြစို့ပေါ့။ တကယ်စိတ်ရင်းစေတနာအမှန်နဲ့၊ တကယ်ပဲ ပြန်ပြီးတော့ မှ ရခိုင် ပြည်နယ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီးတော့ နေထိုင်နိုင်တဲ့ ဟာပေါ့နော်။ အဲဒါမျိုးကို ကျမတို့ဆောင်ရွက်နိုင်ဖို့အတွက် ဆိုတဲ့အခါကျတော့ - ဖွဲ့စည်းတဲ့ အခါမှာ (Union Enterprises) ဆိုတာ တကယ်တော့ မြန်မာနိုင်ငံရဲ့ Private ပေါ့နော်- ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြီးတော့ပေါ့နော်၊ အဲဒါတွေကနေ အကုန်လုံးစုပေါင်းပြီး ဒီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို အစိုးရနဲ့ပူးပေါင်းပြီးတော့ Public to Public ..., P to P ပေါ့၊ ပြည်သူ လူထုကနေ ပြည်သူလူထုကို တကယ်လိုအပ်တဲ့နေရာတွေမှာ ကူညီတာပေါ့လေ။ အဲလိုဆောင်ရွက်တဲ့အခါမှာလည်းပဲ အခုနကပြောသလို ကော်မတီတွေ၊ ကော်မရှင်တွေ- ဒါတွေလည်း များပါတယ်။ အဲဒီကနေပေးထားတဲ့ recommendation တွေလည်း အများကြီး ရှိပါတယ်။ အဲဒီထဲကနေ အဓိက ကတော့ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အစီအမံတွေဖြစ်အောင် ကူညီနေတာရှိတယ်။ နောက် ရေရှည်အကျိုးစီးပွားအတွက်လည်း အခုလို လမ်းတွေ ဖောက်ပေးတာတို့၊ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ community အားလုံးက အထူးသဖြင့် အမျိုးသမီးအတွက်၊ နောက်တခါ Vocational Training ပေးတာတို့၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတို့ ဒီလိုလုပ်ငန်းမျိုးတွေ ရေရှည်မှာလည်းပဲ- ကျမတို့နိုင်ငံဆိုတာ တကယ်တော့ Multi Culture ပေါ့၊ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေ အားလုံးပေါင်းနေတာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟဇာတဖြစ်ဖြစ်နေနိုင်တဲ့ အလေ့အထရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ကိစ္စ ဖြစ်သွားတဲ့ ပုံစံကတော့ တဘက်နဲ့တဘက် ယုံကြည်မှုလည်း ပျောက်ဆုံးသွားတယ်။ အဲဒီအခါမှာ ရခိုင်တိုင်းရင်းသားတွေဘက်က ခံစားချက်က ဒီလိုဖြစ်သွားတဲ့အခါ ရခိုင်တိုင်းရင်းသားတွေ ခံစားချက်နားထောင်မယ့်သူ မရှိဘူးပေါ့။ ကိုယ်ဖြစ်ပျက်ခံစားရမှာကို ပြောနိုင်တဲ့ဟာ မရှိဘူးပေါ့။ ကျမတို့ အစကနေ ပြန် ကောက်မယ်ဆိုရင် Concerned citizen (သို့) Third Person Narrative အစိုးရပြောရေးဆိုခွင့်တို့၊ အစိုးရ Spokesperson မဟုတ်ဘဲ လူထုဘက်က ပြောချင်တာကို နိုင်ငံတကာဘက်ကို ထွက်ပြီးတော့ပြောတယ်။ နားထောင်သင့်တဲ့အကြောင်းတွေကိုလည်း ကျမတို့ဘက်က ပြောတယ်။ တဘက်က ပြောတာတွေကိုလည်း နားထောင်တယ်။ ပြည်သူလူထုက သိသင့်တဲ့ အသိပညာဖြန့်ရေး အပိုင်းတွေကိုလည်း ဆောင်ရွက်တယ်။ အခု လက်ရှိကတော့ ကျမတို့ ကြိုးစားပြီးဆောင်ရွက်နေတဲ့ အခြေအနေဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ နိုင်ငံတကာရဲ့ဖိအားတွေကို အရမ်းခံနေရတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ နိုင်ငံတကာက တကယ့်ကို တတ်သိ ပညာရှင်တွေ၊ အထင်ကရလူတွေခေါ်ပြီး ရခိုင်အရေးကြိုးပမ်းနေတာပေါ့။ တချိန်တည်းမှာပဲ အဲဒီလို နိုင်ငံခြားသားကို အကြံပေးကော်မရှင်မှာ ထည့်ရသလား ဆိုပြီးတော့ ဘဝင်မကျတဲ့အဖွဲ့တွေ အများကြီးပဲပေ့ါနော်။ အဲဒီတော့ ဒီလုပ်ငန်းစဉ်မှာ စိန်ခေါ်ချက်တွေ တော်တော်လေးများနေတာ တွေ့ရပါတယ်။ အဲဒီတော့ ဒေါ်ပြုံးကေသီနိုင်တို့ အဖွဲ့အစည်းအနေနဲ့ပေါ့နော်၊ နိုင်ငံတကာဆက်ဆံရေးမှာလည်း ကိုယ်က ပါနေတယ်ဆိုတော့ ဒီ နိုင်ငံတကာကို မြန်မာနိုင်ငံမှာရှိနေတဲ့ ဒီလိုစိန်ခေါ်ချက် အခက်အခဲတွေကို သူတို့ နားလည်ပါရဲ့လား။ ကိုယ်ချင်းစာနာပါရဲ့လား။ ဘယ်လိုများ စဉ်းစားပါသလဲရှင့်။

ဖြေ။ ။ ။ တကယ့်တကယ်တမ်းမှာ နိုင်ငံတနိုင်ငံရဲ့တကယ့် ပြည်တွင်းရေးနဲ့တကယ် ကြုံတွေ့ရတဲ့အခက်အခဲကို တခြားတနိုင်ငံက ချက်ချင်း နားလည်ဖို့ဆိုတာကတော့လည်း မဖြစ်နိုင်ဘူးဆိုတာ လက်တွေ့ပဲဆိုတာ ကျမတို့က လက်ခံထားပါတယ်။ ဒါပေမဲ့ နားလည်လာအောင်ပြောဖို့ကတော့ ကျမတို့လို တာဝန်ရှိသူတွေအတွက်ကတော့ ကျမတို့ရဲ့ တာဝန်လည်းဖြစ်တယ်။ တကယ့်ကျမတို့နိုင်ငံရဲ့ နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့အခြေအနေပေါ့နော်။ နောက် ပြည်သူလူထုရဲ့ နားလည် လက်ခံနိုင်ဖို့အခြေအနေ၊ ဒါတွေကိုလည်း ကျမတို့ချိန်ဆရတာ ဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံတကာကို အခြေအနေအရပ်ရပ်ကို တကယ်ပဲ ပါဝင်ကူညီပြီးတော့ ကူညီဖို့ပြောတဲ့အခါမှာလည်း သတိထားရတာရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာအကူအညီမယူဘဲ ကျမတို့ ဘာသာဖြေရှင်းနိုင်တဲ့ ပြဿနာလား လို့မေးရင် ကျမတို့ချည်းပဲ ဖြေရှင်းရမယ့် ပြဿနာမဟုတ်ဘူးလို့ ပြောရမယ်။

ဒီပြ ဿနာသည် ပြည်တွင်းရေးမဟုတ်ဘူး။ နိုင်ငံတကာနဲ့ ဆက်စပ်တဲ့ ပြဿနာဖြစ်တယ်။ အဲဒီတော့ ကျမတို့က ဒါကို နိုင်ငံတကာကို ပါစေချင်သည် ဖြစ်စေ၊ မပါစေချင်သည်ဖြစ်စေ ဒီပြဿနာက နိုင်ငံတကာနဲ့ ဆက်စပ်တဲ့ ပြဿနာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာအနေနဲ့ကတော့ ပါဝင်ပတ်သက်မှာ ဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံအနေနဲ့ စဉ်းစားရမှာကတော့ ဒါကို ဘယ်လို ကျမတို့ရင်ဆိုင်မလဲပေါ့။ အဲဒီအခါမှာလည်း နည်းလမ်းရှိပါတယ်။ ကျမတို့ နိုင်ငံလိုမျိုး စစ်ရေးအရ၊ စီးပွားရေးအရ တောင့်တင်းခိုင်မာမှုမရှိတဲ့ နိုင်ငံလိုမျိုး အားနည်းတဲ့နိုင်ငံအနေနဲ့ ဒီလိုနိုင်ငံတကာနဲ့ရင်ဘောင်တန်း တန်းတူဖြေရှင်း မယ်ဆိုရင် ကျမတို့ဟာ ဥပဒေဘောင်ပေါ်ကနေပြီးတော့ ထိုင်ပြီးတော့ တိတိကျကျ အလုပ်လုပ်ပြီး ပြောနိုင်ဆိုနိုင်ဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးရေးကို အင်မတန်မှ အလေးထားဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီတော့ ဥပဒေအပေါ်မှာ ဥပဒေအရပေါ့ ကျမတို့လုပ်ကိုင် ဆောင်ရွက်နိုင်တယ်၊ ဥပဒေကြောင်းအရ လုပ်ကိုင်ဖြေရှင်းဆောင်ရွက်နိုင်တယ်။ တရားဥပဒေစိုးမိုးရေး အပေါ်မှာ အများကြီး အာမခံချက်ပေး ဆောင်ရွက်နိုင်တယ်ဆိုမှသာလျှင် ကျမတို့ နိုင်ငံငယ်တွေ အနေနဲ့ နိုင်ငံတကာမှာပြောရေးဆိုခွင့်ရလာမှာ ဖြစ်တယ်။ အဲဒီတော့ နိုင်ငံတကာရဲ့စွက်ဖက်မှု၊ နိုင်ငံတကာရဲ့ပါဝင်ပတ်သက်မှု၊ ဒါတွေက အခုဆိုရင်နိုင်ငံအတွင်းမှာလည်း အမျိုးမျိုး ဒါတွေနဲ့ပတ်သက်ပြီး ဝေဖန်နေတာ ရှိပါတယ်။ နိုင်ငံတကာရဲ့လွှမ်းမိုးချုပ်ကိုင်မှုကိုခံခြင်းက ကျမတို့ အချုပ်အခြာအာဏာကို ထိပါးနိုင်စေတယ်ဆိုတာကို ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာနဲ့အထီးကျန် ဆန်နေပြန်ရင်လည်း ကျမတို့ နောင်အနာဂတ် တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့အချက်အလက်တွေ လည်း ထိခိုက်နိုင်တာဖြစ်တယ်။ အဲတော့ ကျမတို့ကြိုးစားရမှာကတော့ နိုင်ငံတကာနဲ့ တင့်တင့်တယ်တယ်ပေါ့နော်-ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးစေဘဲ နိုင်ငံတကာနဲ့တင့်တင့်တယ်တယ် ဆက်ဆံနိုင်တဲ့ သံရေးတမန်ရေးမျိုး တကယ် တင့်တယ်တဲ့ အနေအထားမျိုးပြန်ရောက်အောင် ကြိုးပမ်းရမှာကတော့ ကျမတို့လုပ်ရမယ့်တာဝန်ဖြစ်ပါတယ်။

(NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကို ရခိုင်အရေး မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံတကာဖိအားတွေနဲ့ ပတ်သက်လို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ ဒုတိယပိုင်းကိုတင်ဆက်ခဲ့တာပါ။ တတိယပိုင်းကို လည်း မနက်ဖြန်မနက်အစီအစဉ်မှာ စောင့်မျှော်နားဆင်နိုင်ကြပါတယ်။)

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG