သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူဂန်ဒါမှာ ကမ္ဘာ့ဖလားပွဲ ကြည့်နေသူတွေ ဗုံးခွဲ တိုက်ခိုက်ခံရ


ယူဂန်ဒါနိုင်ငံမြို့တော် ကမ်ပါလာ (Kampala) က နေရာ ၂ ခုမှာ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲ စုဝေး ကြည့်ရှုနေကြတဲ့အချိန် ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူပေါင်း ၆၄ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ကိစ္စရဲ့ နောက်ကွယ်မှာ ဆိုမာလီ အစွန်းရောက် အုပ်စုတခုဖြစ်တဲ့ အယ်လ်-ရှာဘပ်ဘ် (al-Shabab) ပါဝင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက သံသယရှိနေကြပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ ခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြသလို အယ်လ်-ရှာဘပ်ဘ်နဲ့ တခြား စစ်သွေးကြွ အုပ်စုတွေကို တိုက်ခိုက်နေတဲ့ ယူဂန်ဒါ အစိုးရကို ထောက်ခံမှု ပေးသွားမယ့်အကြောင်း ကတိပြု ပြောဆိုလိုက်ကြတာပါ။

ဧရာမ ရုပ်မြင်သံကြားကြီးတွေမှာ ပြသနေတဲ့ ကမ္ဘာ့ဖလားပွဲကို မနေ့တုန်းက ကြည့်နေကြရာ ဘောလုံးကွင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ရာမှာတော့ လူပေါင်း ၄၉ ယောက် သေဆုံးခဲ့ကြောင်းလည်း အစိုးရက ပြောပါတယ်။ နိုင်ငံခြားသားတွေနဲ့ စည်ကားရာနေရာက အီသီယိုးပီးယား စားသောက်ဆိုင်က ပေါက်ကွဲမှုမှာတော့ လူပေါင်း ၁၅ ယောက် သေဆုံးခဲ့တာပါ။

ဗုံးတွေကို ကိုယ်ပေါ်မှာ ပတ်ထားတဲ့ အသေခံ ဗုံးခွဲသမားတွေက တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တဲ့ လက္ခဏာတွေ တွေ့ရကြောင်းလည်း အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။

တိုက်ခိုက်မှုတွေဟာ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်မှုရှိတဲ့ အယ်လ်-ရှာဘပ်ဘ် အဖွဲ့ရဲ့ မကြာသေးခင်က ခြိမ်းခြောက်မှုတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ ယူဂန်ဒါ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောဆိုခဲ့တာပါ။ ဒီအဖွဲ့က တိုက်ခိုက်တာ ဖြစ်တယ်ဆိုရင်တော့ ဒါဟာ အယ်လ်-ရှာဘပ်ဘ်က ပထမဆုံးအကြိမ် ဆိုမာလီနိုင်ငံပြင်ပမှာ ကျူးလွန်တဲ့ လုပ်ရပ်တခုလည်း ဖြမ်လာပါလိမ့်မယ်။

XS
SM
MD
LG