ရုပ်မြင်သံကြားမှာ ပြသနေတဲ့ ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲကို ကြည့်နေတဲ့ ယူဂန်ဒါ ဘောလုံးဝါသနာအိုး ၇၀ ကျော် သေဆုံးစေခဲ့တဲ့ ဗုံးခွဲမှုကို အယ်လ်-ရှာဘပ်ဘ် (al-Shabab) ဆိုမာလီယာ သူပုန်တွေက လုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အယ်လီ ဒီရီ (Ali Dheere) လို့ လူသိများတဲ့ အယ်လ်-ရှာဘပ်ဘ် အဖွဲ့ရဲ့ ပြောခွင့်ရက ဒီဗုံး ၂ လုံးကို ခွဲဖို့အတွက် လအတော်ကြာ ကြိုးစားယူခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဆိုမာလီယာ အစိုးရကို ကျောထောက်နောက်ခံပေးတဲ့ ငြိမ်းချမ်းရေးထိန်း တပ်တွေထဲမှာ ယူဂန်ဒါ နိုင်ငံသားတွေပါ ပါဝင်လုပ်ဆောင်လာလို့ လက်စားချေတာလို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ထပ် တိုက်ခိုက်မှုတွေလည်း အများအပြား ထပ်ပြီး လုပ်ဆောင်ဦးမယ်လို့ ပြောပါတယ်။
ကမ်ပါလာက အရာရှိတွေကတော့ ဒီ ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူ စုစုပေါင်းဟာ တနင်္လာနေ့မှာ ၇၄ ဦး ရှိသွားပြီ ဖြစ်ကြောင်းနဲ့ အများစုဟာ ရပ်ဂ်ဘီ ဘောလုံးအသင်းရဲ့ ကလပ်မှာ ပြထားတဲ့ တီဗွီပိတ်ကားကြီးရှေ့မှာ ဘောလုံးပွဲကြည့်ရင်းနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဆိုမာလီယာနိုင်ငံ ပြင်ပမှာ အယ်လ်-ရှာဘပ်ဘ်အဖွဲ့ဟာ အခုလို ကြီးကြီးမားမား တိုက်ခိုက်မှုမျိုးကို တခါမှ မလုပ်ဖူးသေးပါဘူး။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ယူဂန်ဒါသမ္မတ ယိုဝါရီ မူဆီဗီနီ (Yoweri Museveni) ကို ဆက်သွယ်ပြီး ကူညီထောက်ပံ့မှုတွေ ပေးဖို့အတွက် ကမ်းလှမ်းခဲ့တဲ့အပြင် FBI ထောက်လှမ်းရေး အဖွဲ့ကလည်း စုံစမ်း စစ်ဆေးရာမှာ အကူအညီပေးဖို့ ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောကြားခဲ့ပါတယ်။