သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလမ်းမ စီမံကိန်း ကရင်ဒေသခံများ နစ်နာမှု ရှိနိုင်


ကရင်လူထု အခြေပြုအဖွဲ့အစည်း(၃)ဖွဲ့ကနေ ထုတ်ဝေခဲ့တဲ့ လှပသော စကားလုံးများနှင့် အကျည်းတန် ရုပ်ဆိုးသောလုပ် ရပ်များ၊ အာရှအဝေးပြေး လမ်းမကြီး၊ ကရင်ပြည်နယ်၊မြန်မာနိုင်ငံ”အစီရင်ခံစာ
“Beautiful Word, Ugly Actions: The Asian Highway in Karen State"
ကရင်လူထု အခြေပြုအဖွဲ့အစည်း(၃)ဖွဲ့ကနေ ထုတ်ဝေခဲ့တဲ့ လှပသော စကားလုံးများနှင့် အကျည်းတန် ရုပ်ဆိုးသောလုပ် ရပ်များ၊ အာရှအဝေးပြေး လမ်းမကြီး၊ ကရင်ပြည်နယ်၊မြန်မာနိုင်ငံ”အစီရင်ခံစာ “Beautiful Word, Ugly Actions: The Asian Highway in Karen State"

ကရင်ပြည်နယ်အတွင်းမှာ လုပ်ဆောင်နေတဲ့ အာရှလမ်းမ ဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ဒေသအတွင်းမြေယာသိမ်း ဆည်းမှု စီမံကိန်းနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ် လာသော စစ်ရေးပဋိပက္ခတွေ အပါအဝင် နေရပ် ကနေ ရွှေ့ပြောင်းခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ နဲ့လူထုအခြေပြု အဖွဲ့အစည်းတွေကနေ ဒီကနေ့ရန်ကုန်မြို့ မှာ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့တာပါ။ ဒီစီမံကိန်းတွေကြောင့် လယ်ယာမြေသိမ်းဆည်းမှုနဲ့ ဒေသအတွင်းစစ်ရေး ပဋိပက္ခဖြစ်စဉ်တွေ ဆက်လက် ရှိနေသေးသလို အစိုးရအနေနဲ့ ခိုင်မာတဲ့ မြေယာ မူဝါဒနဲ့ ခိုင်မာတိကျတဲ့ ငြိမ်းချမ်းရေး မရှိသေးဘဲနဲ့ တိုင်းရင်းသားဒေသ အတွင်းမှာ အကြီးစားဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကို မလုပ်ဆောင်သင့်သေးဘူးလို့ လဲ ထောက်ပြပြော ဆိုနေကြပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်း တည်ဆောက်နေတဲ့ အာရှအဝေးပြေးလမ်းမကြီး စီမံကိန်းကြောင့် ဒေသခံတွေအနေနဲ့ လယ်ယာမြေသိမ်းဆည်းမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုဒဏ်ကို ခံနေရတယ်လို့ ကရင်လူထုအခြေပြု အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မန်းသိန်းဇော်က အခုလိုပြောပါတယ်။

" အာရှအဝေးပြေးလမ်းမကြီး သင်္ဃန်းညီနောင်နဲ့ ကော့ကရိတ်ဖောက်တဲ့ လမ်းပိုင်းမှာဆိုရင် လျော်ကြေး လုံးဝ မရတဲ့သူတွေရှိတယ်။ လျော်ကြေး တစိတ်တပိုင်းအနေနဲ့ ရတဲ့သူတွေရှိတယ်။ နောက်ပြီး ကုမ္ပဏီနဲ့ အစိုးရက သတ်မှတ်ထားတဲ့ နှုန်းထားပေါ့နော်။ အဲ့အတိုင်း ရတဲ့သူလည်းရှိတယ်ပေါ့နော်။ အဲ့လိုမျိုး ရှိတဲ့အပေါ်မှာ ဒေသခံပြည်သူလူထုတွေက တအားပဲနစ်နာပါတယ်လို့။ အခုလက်ရှိလည်းပဲ လျော်ကြေးမရတဲ့ပြည်သူလူထုတွေရယ်၊ အာရှအဝေးပြေး လမ်းမကြီး ဝဲ ယာမှာရှိတဲ့ ပြည်သူလူထု ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေပေါ်မှာ BGF တပ်ရင်းကနေပြီးတော့မှ တပ်တွေကနေ တပ်စခန်းငယ်လေးတွေ တပ်စခန်းသေးလေးတွေ ကို တည်ဆောက်နေတာကိုလည်း မြင်တွေ့နေရတယ်။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ပြည်သူလူထုက လျော်ကြေးမရတဲ့အပြင် ထပ်ဆင့် ထပ်ပြီးနစ်နာတယ်ဆိုတဲ့ အပိုင်းတွေကို တွေ့နေရတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျနော်တို့ တွေ့နေရတယ်ပေါ့နော်။ ဒီ့အပြင်လည်းပဲ အာရှအဝေးပြေးလမ်းမကြီး ဝဲ.ယာမှာ ရှိတဲ့သစ်တောတွေပေါ့နော် တရားဝင် ခုတ်လှဲတာလား တရားမဝင်ခုတ်လှဲတာလားဆိုတာတောင် ကျနော်တို့ မသိရဘူးပေါ့နော်။ နစ်နာသွားတဲ့ရွာကတော့ ကျေးရွာပေါင်း ၁၇ ရွာရှိပါတယ်လို့။ "

“Beautiful Word, Ugly Actions: The Asian Highway in Karen State"
“Beautiful Word, Ugly Actions: The Asian Highway in Karen State"

ကရင်လူထုအခြေပြုအဖွဲ့တွေဖြစ်တဲ့ THWEE လူထုဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KSEAN)နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့ကနေပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ဒေသအတွင်း ထိခိုက်မှု အခြေအနေတွေကိုဒီကနေ့ ရန်ကုန်မြို့မှာ သတင်းရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

ကရင်ပြည်နယ်အတွင်းမှာအစိုးရကနေ အရှဖွံ့ဖြိုးရေးဘဏ် ချေးငွေစီမံကိန်းအရ အဝေးပြေး လမ်းမဖောက်လုပ်ရာမှာ လမ်းဖောက်လုပ်ရေးအဖွဲ့တိုင်းတာချက်နဲ့ လမ်းဧရိယာတိုင် စိုက်ထူတဲ့နေရာမှာ ဖားအံမြို့နယ် အိန္ဒုနဲ့ ကော့ကရိတ် မြို့နယ် တွင်း ရွာပေါင်း(၁၇)ရွာက ဒေသခံတွေရဲ့ အိမ်ခြံလယ်ယာမြေတွေ သိမ်းဆည်းမှု တွေဖြစ်ပွါး ခဲ့တယ်လို့လဲ မန်းသိန်းဇော်ကပြောပါတယ်။

ဒါ့အပြင် အာရှအဝေးပြေး လမ်းမကြီးစီမံကိန်းနဲ့ ဆက်စပ်ပြီး ဒေသအတွင်း စစ်ရေး ပဋိပက္ခဖြစ်စဉ်တွေ ဆက်လက်ရှိနေဆဲလို့ မန်းသိန်းဇော်က အခုလို ဆက်ပြောပါတယ်။

" ဒီ အာရှအဝေးပြေးလမ်းမကြီး စဖောက်ကတည်းကိုက သင်္ဃန်းညီနောင် နဲ့ ကော့ကရိတ် စဖောက်ကတည်းက ပစ်ခတ် တိုက်ခိုက်မှုက ဖြစ် ခဲ့တယ်ပေါ့နော်။ ဖြစ်ပျက်တဲ့ အချိန်မှာလည်းပဲ ပြည်သူလူထုတွေ ထွက်ပြေး တိမ်းရှောင်ရတာတွေရှိတယ်။ ယနေ့ထက်ထိလည်း အိမ်ထောင်စု ၁၅စုလောက်က သူတို့ရဲ့နေရပ်ကို သူတို့အိမ်ကို ပြန်ပြီးတော့ နေထိုင်ခွင့်မရကြဘူး။ သူတို့ရဲ့ဆွေမျိုးတွေအိမ်မှာ သူငယ်ချင်းတွေရဲ့အိမ်မှာ ပဲ နေထိုင်တုန်း ရှိနေပါသေးတယ်လို့။ နောက်တခုကကျတော့ ၈လပိုင်း ၄ရက်နေ့မှာ ပစ်ခတ် တိုက်ခိုက်မှုကြောင့်ပေါ့နော် ဒေသခံပြည်သူလူထု ထိခိုက်နစ်နာ အနာတရ ဒဏ်ရာရမှုရှိတယ်ပေါ့။ အဲ့တာတွေနဲ့ပတ်သက်ပြီးတော့လည်း အစိုးရဌာနတွေဘက်က ရော လက်နက်ကိုင်တွေဘက်ကရော တာဝန်ယူဖြေရှင်းပေးခြင်း တစုံတရာ မရှိဘူးပေါ့နော်။ "

သြဂုတ်လ(၄)ရက်နေ့မှာ ကော့ကရိတ်မြို့နယ် အတွင်း ကော့နွဲ့ နဲ့ တတန်ကူးကျေးရွာ အကြားမှာ ကရင်နယ်ခြားစောင့် တပ် BGFတပ်ဖွဲ့နဲ့ DKBA ကရင်လက်နက်ကိုင် အဖွဲ့တို့ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်း တတန်ကူးကျေးရွာ သား(၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ပြီးခဲ့တဲ့(၂၀၁၅) ခုနှစ် ဇူလိုင် လဆန်းပိုင်းကဖြစ်ပွါးခဲ့တဲ့ (DKBA)နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲကြောင့် ကော့ကရိတ်မြို့နယ် ဒေသခံကျေးရွာသား(၁၀၀၀)နီးပါးဟာ ကော့ကရိတ်မြို့နဲ့ အနီးအနား ရွာတွေမှာ စစ်ပြေး တိမ်းရှောင်နေရတဲ့ဖြစ်စဉ်တွေလဲ ရှိခဲ့ပါတယ်။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ကားလမ်းဟောင်းနဲ့ အာရှလမ်းသစ် တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ့တပ်မတော်နှင့် နယ်ခြားစောင့်တပ်-BGF တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းခဲ့ရာမှာတော့ ဒီကေဘီအေအဖွဲ့ နဲ့ တိုက်ပွဲအကြိမ်(၅၀)ခန့်ဖြစ်ပွါးခဲ့တယ်လို့ အစိုးရမီဒီယာတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။

ကရင်လူမှုအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အနေနဲ့ကတော့ အစိုးရအနေနဲ့ ခိုင်မာတဲ့မြေယာမူဝါဒနဲ့ ခိုင်မာ တိကျတဲ့ငြိမ်းချမ်းရေး မရရှိသေးဘဲနဲ့ တိုင်းရင်းသားဒေသအတွင်းမှာ အကြီးစားဒေသဖွံ့ဖြိုးရေးစီမံကိန်းကိုမလုပ်ဆောင်သင့်သေးဘူးလို့ မန်းသိန်းဇော်က အခုလိုဆက်ပြောပါတယ်။

" ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေကို အကောင်အထည်မဖော်စေချင်သေးဘူးပေါ့နော်။ ဒီအချိန် ဒီကာလမှာ။ တကယ်လို့ မဖြစ်မနေ အကောင်အထည်ဖော်ရမယ် ဆိုရင်လည်း ပြည်သူလူထုတွေ ရဲ့ ထိခိုက်နစ်နာမှု တွေ ဆုံးရှုံးနစ်နာမှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ပေးနိုင်မယ့် လုပ်ငန်းစဉ် လမ်းစဉ် စီမံကိန်းအမျိုးအစားမျိုးတွေကို ချမှတ်ဖို့လိုအပ်တယ်။ ပြည်သူလူထုကို အထောက်အကူပြုစေနိုင်သော မြေယာ မူဝါဒကို ရေးဆွဲ အတည်ပြုပြီးမှသာလျှင် လုပ်ငန်းစီမံကိန်းတွေကို အကောင်အထည်ဖော်သင့်တယ်လို့ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။ နောက်တချက် ကတော့ ခိုင်မာတိကျတဲ့ငြိမ်းချမ်းရေး မရရှိသေးပဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်စိုးမိုးတဲ့နယ်မြေတွေမှာ လုပ်ငန်းစီမံကိန်းတွေကို အကောင်အထည်မဖော်သင့်သေးပါဘူးလို့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။"

ကရင်လူထုအခြေပြုအဖွဲ့အစည်း(၃)ဖွဲ့ကနေ ထုတ်ဝေခဲ့တဲ့ လှပသော စကားလုံးများနှင့် အကျည်းတန်ရုပ်ဆိုးသောလုပ် ရပ်များ၊ အာရှအဝေးပြေး လမ်းမကြီး၊ကရင်ပြည်နယ်၊မြန်မာနိုင်ငံ”အစီရင်ခံစာဟာ အကြီးစား အခြေခံလမ်းပန်းဆက် သွယ်ရေးအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းတွေကနေ တစ်ဆင့် ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ဆောင်သူအမျိုးမျိုးနှင့် ဘဏ္ဍာ ရေးထောက်ပံ့ သူတွေက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဘယ်လိုအားဖြည့် ကျူးလွန်ခဲ့ပြီး ယခင်ပဋိပက္ခရဲ့ဒဏ်ကို ရင်ဆိုင်ခံစားခဲ့ရတဲ့ ကရင်လူထုတွေအတွက် ဘယ်လို ပိုမိုဆင်းရဲဒုက္ခရောက်စေခဲ့ပုံတွေကို မှတ်တမ်းတင်ထားတယ် လို့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG