UK ADDITIONAL HEALTH SUPPORT
မြန်မာနိုင်ငံမှာ လာမယ့် ၆ လအတွင်း လူသားချင်းစာနာမှု အကူအညီ လိုနေတဲ့ ပြည်သူ ၁ သန်းနီးပါးအတွက် ဗြိတိန်အစိုးရက ကျန်းမာရေးဆိုင်ရာ ထပ်တိုးကူညီထောက်ပံ့သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
လူသားချင်းစာနာတဲ့ အကူအညီ စံချိန်တင်အောင်လိုနေတဲ့ မြန်မာနိုင်ငံအတွက် ကျန်းမာရေးဆိုင်ရာ အကူအညီတွေပေးမယ်လို့ စစ်အာဏာသိမ်း ၄ နှစ်ပြည့်အထိမ်းအမှတ် ယူကေအစိုးရရဲ့ နိုင်ငံခြား၊ ဓနဿဟာရနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဌာန FCDO က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ကမ္ဘာ့တဝန်းမှာ တခြားကိစ္စတွေ အာရုံစိုက်မှု ရောက်နေနိုင်ပေမဲ့ ယူကေကတော့ ရက်စက်တဲ့ ပဋိပက္ခတွေကြားမှာ နေထိုင်နေကြရတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေကို မမေ့ပါဘူးလို့ ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး Anneliese Dodds က ကြေညာချက်မှာ ပြောထားပါတယ်။
ရာသီဥတု ပြောင်းလဲမှုဒဏ်တွေကို ခံနေရတဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာစရာ ပြဿနာ ထပ်ပေါ်ပေါက်နေတဲ့အတွက် နောက်ထပ် ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို ပေးတာဖြစ်တယ်လို့ ပြောပါတယ်။ အခု ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ပဋိပက္ခ ဖြစ်နေတဲ့နေရာတွေအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူ ၁ သန်း အတွက် အကူအညီတွေပေး သွားမယ့်ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ၁ သိန်းကျော်အတွက် စိတ်ကျန်းမာရေးနဲ့ ကလေးငယ် ကျန်းမာရေးအစီစဉ်တွေ၊ ၁ သိန်း ၄ သောင်းကျော်အတွက် လိင်နဲ့ မျိုးပွားဆိုင်ရာ ကျန်းမာရေး အစီစဉ်တွေ၊ TB နဲ့ ငှက်ဖျားရောဂါ ကုသရေး အစီအစဉ်တွေ ပါဝင်ပါတယ်။ ၉ သောင်းနီးပါးအတွက်လည်း အရေးကြီးတဲ့ အဟာရ ထောက်ပံမှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာအပါအဝင် ကမ္ဘာအနှံကို ပေးနေတဲ့ နိုင်ငံခြားထောက်ပံ့ကူညီမှုတွေကို ယာယီရပ်ဆိုင်းထားချိန်မှာ ယူကေအစိုးရက အကူအညီတွေ ပေးမယ်လို့ ကြေညာတာ ဖြစ်ပါတယ်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အကူအညီကို ကနဦး စတာလင်ပေါင် ၄၄ သန်း ပေးထားခဲ့ရာကနေ ၆၆ သန်း တိုးပေးခဲ့တာကိုလည်း ကြေညာချက်မှာ ပြောထားပါတယ်။ ပဋိပက္ခတွေကြောင့်လူ မြန်မာပြည်သူ ၃.၅ သန်းလောက် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသလို၊ စစ်တပ်က အာဏာ သိမ်းပြီးနောက် ၄ နှစ်အတွင်း လူသားချင်းစာနာမှု အကူအညီ လိုအပ်သူတွေဟာ အဆပေါင်း ၂၀ လောက် တိုးလာတယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ သန်းပေါင်း ၂၀ လောက်ဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတဲ့ထဲမှာ လူ ၁၂ သန်းကျော်ဟာ ကျန်းမာရေး အကူအညီတွေ လိုအပ်နေတယ်လို့ ယူကေအစိုးရရဲ့ နိုင်ငံခြား၊ ဓနဿဟာရနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဌာန FCDO ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
Forum