ဒုတိယကမ္ဘာစစ် ဖြစ်ပြီးတဲ့ အချိန်ကနေ ဒီနေ့အထိ ကာလအတွင်းမှာ အကြီးမားဆုံး အစိုးရ အသုံးစရိတ် ဖြတ်တောက်မှုတွေ လုပ်မယ့် စီမံကိန်းကို ဗြိတိသျှ အစိုးရက အဆိုပြုလိုက်ပါတယ်။
ဒီစီမံကိန်းအရ လာမယ့် ၄ နှစ်အတွင်း ပြည်သူ့ဝန်ထမ်း အလုပ် ၂၅% ကို လျှော့ချပြီး ခံစားခွင့်တွေကိုလည်း ဖြတ်တောက်မှာ ဖြစ်ပါတယ်။
ဒီအချိန်ဟာ ဗြိတိန်နိုင်ငံအတွက် အရင် ဆယ်စုနှစ်ရဲ့ ကြွေးမြီတွေကို ရင်ဆိုင်ဖြေရှင်းပြီး နိုင်ငံအတွက် ရေရှည် တည်တံ့မယ့် ရပ်တည်ချက်တခု ချမှတ်ရမယ့်အချိန် ဖြစ်ပါတယ်လို့ ဗြိတိသျှ ငွေကြေးရန်ပုံငွေ ဆိုင်ရာ အကြီးအကဲ ဂျော့ခ်ျ အော့စ်ဘွန်း (George Osborne) က လွှတ်တော်ထဲမှာ ပြောဆိုခဲ့ပါတယ်။
သူက တဆက်တည်း ဗြိတိန်နိုင်ငံဟာ အကုန်အကျ မခံနိုင်တော့တဲ့ တခြားစီမံကိန်းတွေကို ရပ်ဆိုင်းပြီး နိုင်ငံရဲ့ လူမှုဝန်ထမ်းစနစ်ကို ပြုပြင်ပြောင်းလဲပစ်ဖို့ လိုပြီလို့လည်း ပြောလိုက်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ပြည်သူ့ဝန်ထမ်း အလုပ်ပေါင်း ၅၀၀,၀၀၀ လောက်ကို လျှော့ချပြီး ဒေါ်လာ ဘီလီယံ ၁၃၀ အသုံးစရိတ် ဖြတ်တောက်မှုလုပ်ဖို့ သူ ညွှန်ကြားလိုက်ပြီးပြီလို့ အော့စ်ဘွန်းက ပြောပါတယ်။
မနှစ်က ဘဏ္ဍာရေးလိုငွေ ဒေါ်လာ ၂၄၆ ဘီလီယံအထိ ရှိခဲ့တဲ့အတွက် ဒီလို ငွေကို ဖြေရှင်းဖို့ အခွန်တိုးမြှင့်တာနဲ့အတူ အသုံးစရိတ်နဲ့ အလုပ်ဖြတ်တောက်မှုတွေကို လုပ်ဖို့ လိုအပ်တယ်လို့ သူက ပြောခဲ့တာပါ။
၎ နှစ်အတွင်း အဲလိဇဘက်သ် (Elizabeth) ဘုရင်မကြီးရဲ့ တော်ဝင် နန်းတော် အသုံးစရိတ်ကိုပါ ၁၄% ဖြတ်တောက်မှုရှိလို့ ဒီအသုံးစရိတ် ဖြတ်တောက်မှုဟာ ဘုရင်မကြီးကိုလည်း အကျိုးသက်ရောက်မှု ရှိမှာဖြစ်ကြောင်း အော့စ်ဘွန်းက ပြောခဲ့ပါတယ်။