မြန်မာနိုင်ငံအပေါ် ဗြိတိန်အစိုးရက ပေးတဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ထောက်ပံ့မှုတွေကို လာမယ့်နှစ်တွေမှာ သိသိသာသာ တိုးပေးတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လာမယ့် ၄ နှစ်အတွင်း စတာလင်ပေါင် ၁၈၅ သန်းအထိ တိုးပေးဖို့ ထောက်ပံ့ကြေးပေးမှုကို ပြန်လည်သုံးသပ်ခဲ့တဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဆိုင်ရာ အကြီးအကဲက ပြောတဲ့အကြောင်း ဗြိတိန်ထုတ် Independent သတင်းစာကြီးမှာ ဖော်ပြထားပါတယ်။
လောလောဆယ် အရေးပေါ် အကူအညီ အပါအဝင် ထောက်ပံ့ငွေ စတာလင်ပေါင် ၃၂ သန်းကို ဗြိတိန်က မြန်မာနိုင်ငံကို ပေးနေပါတယ်။
ကူညီထောက်ပံ့မှုတွေကို စစ်အစိုးရလက်ကို ပေးမှာမဟုတ်ဘဲ ရပ်ရွာအခြပြု လူထုအဖွဲ့အစည်းတွေနဲ့ ဗြိတိန်အစိုးရနဲ့ လက်တွဲလုပ်နေတဲ့ အဖွဲ့တွေကို အဓိက ဦးတည်ပေးသွားမှာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီကို အောက်ခြေအဆင့်ကနေ မြှင့်တင်ပေးသွားနိုင်ဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ဗြိတိန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးရေး အဖွဲ့တို့ လက်တွဲလုပ်သွားမယ် ဆိုတာကိုလည်း Independent သတင်းစာကြီးရဲ့ အွန်လိုင်းသတင်းမှာ ရေးထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး အကူအညီအပြင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး၊ ကလေးငယ်တွေ မူလတန်းပညာ သင်ကြားနိုင်ရေး၊ စားရေရိက္ခာ ဖူလုံစေရေး၊ အသေးစား ချေးငွေစနစ် မတည်ရေးတွေအတွက် ထောက်ပံ့ကူညီမှုတွေကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာစစ်အစိုးရအပေါ် ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှုတွေ လုပ်ထားတဲ့ ဗြိတိန်နိုင်ငံက တဘက်မှာလည်း ပြည်တွင်းက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီတွေကို တိုးပေးနေတာ ဖြစ်ပါတယ်။ ဗြိတိန် အပါအဝင် မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေ အနေနဲ့ အရေးယူမှုတွေ ဆက်ပြီး လုပ်ထားသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း မကြာခင်ကပဲ ကြေညာချက် ထုတ်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အပေါ် ခြိမ်းခြောက်တဲ့ သဘောမျိုး ဆောင်းပါးကို စစ်အစိုးရအာဘော် သတင်းစာထဲမှာ ရေးသား တုံ့ပြန်ခဲ့ပါတယ်။