သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မှာ Covid-19 လူနာများလွန်းလို့ ကုသမှုပေးရေး အခက်တွေ့နေ


COVID-19 ရောဂါ အကြီးအကျယ်ကူးစက်နေတဲ့ လန်ဒန်မြို့မှာရှိနေတဲ့ St Thomas' ဆေးရုံမှာ အရေးပေါ်လူနာ တင်ယာဉ်က လူနာ တဦးကို သယ်ယူနေတဲ့ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းများ
COVID-19 ရောဂါ အကြီးအကျယ်ကူးစက်နေတဲ့ လန်ဒန်မြို့မှာရှိနေတဲ့ St Thomas' ဆေးရုံမှာ အရေးပေါ်လူနာ တင်ယာဉ်က လူနာ တဦးကို သယ်ယူနေတဲ့ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းများ
တိုက်ရိုက် လင့်ခ်

Zawgyi/Unicode
ဗြိတိန်နိုင်ငံမှာ COVID-19 ကပ်ဘေးရောဂါနဲ့ သေဆုံးသူဦးရေ ကြောက်ခမန်းလိလိမြင့်တက်လာနေတာကြောင့် စစ်ပွဲကာလ ဆေးရုံတွေမှာ ဘယ်သူ့အသက်ကို အရင်ဦးစားပေးကယ်မလဲ ဆိုတဲ့ ရွေးချယ် ကုသတဲ့ အခြေအနေမျိုးရောက်လာနေကြောင်း Leeds မြို့က ဆီးချို အထူးကုဆရာဝန် ဒေါက်တာသက်ကိုကို က ဗွီအိုအေကို ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဆရာဝန်၊ သူနာပြုတချို့လည်း သေဆုံးခဲ့ရပြီဖြစ်တယ်လို့ သူကပြောပါတယ်။ အသက်ရှုလမ်းကြောင်းကို အဓိက တိုက်ခိုက်တဲ့ COVID-19 ရောဂါ အတွက် ဗြိတိန်နိုင်ငံတဝန်း ဆေးရုံတွေမှာ ဘယ်လို ပြင်ဆင် ကုသနေသလဲ ဆိုတာတွေကို ဆက်လက်တင်ပြမှာပါ။

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဗုဒ္ဓဟူးနေ့ တနေ့တည်း သေဆုံးသူဦးရေ ၁၀၀၀ ထောင်နီးပါးရှိခဲ့ပြီး ကမ္ဘာမှာ အဆိုးဆုံးဖြစ်နေတဲ့ အီတလီနဲ့ စပိန်နိုင်ငံတွေ လောက်နီးပါး အခြေအနေ ရောက်လာနေပါတယ်။ ဆေးရုံတွေရောက်လာတဲ့ လူနာတွေထဲမှာ ဘယ်သူ့ကို ဦးစားပေးကယ်မလဲဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာသက်ကိုကိုက အခုလို ရှင်းပြပါတယ်။

"အခုဟာက ကျနော်တို့က စစ်မြေပြင်ရောက်နေသလိုပဲ။ မရှင်နိုင်တဲ့ လူတွေကိုတော့ မကယ်တော့ဘူး။ ဒီအတိုင်းပဲ ထားခဲ့ရတော့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ကျနော်တို့သွားရပါတယ်။ စိတ်မကောင်းလဲ တော်တော်ဖြစ်ရပါတယ်။ ကိုဗစ်သာ မဖြစ်ခဲ့ဘူးဆိုရင် ဒီလူနာတွေကို intensive care အထူးကြပ်မတ်ဆောင်ကို ပို့ကောင်းပို့မှာပါ။ အခုဟာက လူနာတွေ ဆေးရုံဝင်လာကတည်းက ဘယ်အဆင့်ထိလုပ်မယ်ဆိုတာကို ဆုံးဖြတ်နေရတာပါ။ ဥပမာအားဖြင့် ကိုယ့်ဘာသာကိုယ် အိမ်အပြင် ထွက်ပြီး ဈေးမဝယ်နိုင်တဲ့ အရွယ်မျိုး၊ ပြီးရင် ရောဂါအခံရှိနေသူတွေ၊ ကျောက်ကပ်၊ အဆုပ် မကောင်းတာ၊ ဆီးချို၊ သွေးတိုးရှိတာ စတဲ့ လူနာတွေမှာ ကိုဗစ်ကြောင့် အသက်မရှုနိုင်ဖြစ်နေတဲ့နေရာမှာ ventilator အသက်ရှုစက် ပေါ်တင်ပေးမယ်ဆိုရင်လည်း ပြန်ကောင်းလာမှာ မဟုတ်တော့ဘူး။ အဲဒီလို သိနေပြီးသာလူနာတွေကို ventilator ပေါ် မတင်တော့ဘူး။ အဲဒီပုံစံမျိုးကို ဗြိတိန်တနိုင်ငံလုံးမှာ consensus အများသဘောတူညီချက်နဲ့ ကျနော်တို့ လုပ်နေပါတယ်။"

ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ ဆရာဝန်အများစုက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုတွေဖြစ်ပြီး လူနာနဲ့ အနီးကပ်ကုသပေးရတဲ့သူတွေဖြစ်တယ်လို့ ဒေါက်တာသက်ကိုကို ကပြောပါတယ်။ ဒါ့အပြင် ငယ်ရွယ်တဲ့ သူနာပြုတွေလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး သေဆုံးခဲ့တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာအပိုင်းကို အဓိကပံ့ပိုးပေးနိုင်ဖို့ တနိုင်ငံလုံးက ဆေးရုံတွေမှာ ပြင်ဆင်ထားတဲ့ နည်းစနစ်ကို ဒေါက်တာသက်ကိုကိုက အခုလိုရှင်းပြပါတယ်။

"လန်ဒန်အပါအဝင် တတိုင်းပြည်လုံးက ဆေးရုံတွေမှာ ခွဲခန်းတွေအားလုံးကို ရပ်လိုက်ပါတယ်။ Emergency နဲ့ ကင်ဆာကလွဲလို့ ကျန်တာ ဘာမှ မခွဲပါဘူး။ အဲတော့ ခွဲစိတ်ဆောင်တွေ၊ လူနာတွေ ပြန်ကောင်းမကောင်း စောင့်ကြည့်တဲ့ အဆောင်တွေ မှာ ICU အထူးကြပ်မတ်ဆောင် ကုတင်တွေနဲ့ အစားထိုးပြောင်းလဲပြီးတော့ အသက်ရှူစက် ကိရိယာတွေ တပ်လိုက်ပါတယ်။ အဲဒီလိုနည်းနဲ့ intensive care တွေပိုပြီးလုပ်နိုင်မယ့် အခြေအနေတွေကို ကျနော်တို့ မြှင့်တင်လိုက်ပါတယ်။ နောက်တဆင့်က အရင် ဆေးပညာကွန်ဖရင့်တွေလုပ်နေတဲ့ လူအများကြီးဆန့်တဲ့ ခန်းမဆောင်တွေကို nightingale hospital လို့ခေါ်တဲ့ ယာယီဆေးရုံလိုမျိုး ကို မြို့ကြီးတချို့မှာ လုပ်ပါတယ်။ ပြီးရင် အဲဒီထဲကို ဆေးရုံက မနိုင်တော့တဲ့ ကိုဗစ်သေချာတဲ့ လူနာတွေကိုပို့ပြီး ဆက်လက်ကုသမှာဖြစ်ပါတယ်။"

ဗိုင်းရပ်စ်ကူးစက်မှု လေ့လာတွေ့ရှိချက်တွေအရဆိုရင် ယောကျ်ားတွေမှာ ပိုပြီး ကူးစက်ခံရပြီး၊ ခန္ဓာကိုယ် ၀ တဲ့သူတွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရတယ်လို့ ဒေါက်တာသက်ကိုကိုက ပြောပါတယ်။ ဒါအပြင် ရောဂါအခံရှိသူတွေ၊ အသက် (၇၀)ကျော်အရွယ်တွေမှာ ရောဂါကူးစက်ခံရရင် အခြေအနေပိုဆိုးတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိဗြိတိန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၅၂၄၂၊ သေဆုံးသူပေါင်း ၆၁၅၉ ထိရှိနေပါတယ်။

ဒါကြောင့် မတ်လ ၂၀ ရက်နေ့ကတည်းက ဗြိတိန်အစိုးရကနေ တတိုင်းပြည်လုံးလိုက်နာဖို့ ထုတ်ပြန်ထားတဲ့ Lock down အမိန့်ကို နောက်သတင်းပတ်အထိ ထပ်ပြီးတိုးချဲ့လိုက်ပါတယ်။ အဲဒီအမိန့်အရ တတိုင်းပြည်လုံး ခရီးအသွားအလာနဲ့ လူတွေနေအိမ်ကနေ အပြင်ထွက်တာတွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပြီး၊ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ စားသောက်ဆိုင်တွေ အားလုံး ပိတ်ပင်ထားတာဖြစ်ပါတယ်။

ကျမ အင်ကြင်းနိုင်ပါ။


----------------












XS
SM
MD
LG