သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအတွက် ကမ္ဘာတ၀န်းက မွေးနေ့သ၀ဏ်လွှာ ဗြိတိန်သံအမတ် ပေးပို့


Facebook လူမှုကွန်ယက် ၀က်ဘ်ဆိုက်ပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို ဗြိတိန် နိုင်ငံခြားရေးဌာနက တင်ပြပေးနေတဲ့ အွန်လိုင်း စာမျက်နှာပေါ်ကနေ စုဆောင်းရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆုတောင်းတွေကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး အန်ဒီ ဟိန်းန် (Andy Heyn) က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ မနေ့က သွားရောက် ပေးအပ်ခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့အတွက် ဗြိတိန်ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံကြသူတွေက ဗြိတိန် နိုင်ငံခြားရေးဌာနရဲ့ Facebook စာမျက်နှာပေါ်မှာ မွေးနေ့ ဆုတောင်းတွေကို ရေးသား မှတ်တမ်းတင်ခဲ့ကြပါတယ်။

စာမျက်နှာ ၁၂၀ စာ အပြည့် အဲဒီ မွေးနေ့ဆုတောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီ ရောက်အောင်ပို့ဖို့ ဗြိတိန် နိုင်ငံခြားရေးရုံး ဝန်ကြီး ဂျရယ်မီ ဘရောင်း (Jeremy Browne) က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဆီကို ဇူလိုင်လ ၈ ရက်နေ့မှာ ပေးခဲ့တယ် ဆိုတာကိုလည်း Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံသူ၊ စိတ်ဓာတ်ရေးရာပိုင်းမှာလည်း ကမ္ဘာမှာ စံပြုလောက်တဲ့ ရဲစွမ်းသတ္တိ ရှိသူတယောက် ဖြစ်တယ်လို့ ဗြိတိန် သံအမတ်ကြီးရဲ့ အပြောကိုလည်း ကိုးကား ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon)၊ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဆုတောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

XS
SM
MD
LG